အာဏာသိမ်း စစ်ကောင်စီသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (EAOs) နှင့် ဆွေးနွေးပွဲလုပ်ပြပြီး နိုင်ငံတကာ အသိုင်းအဝိုင်းကို လိမ်ညာရန် ကြိုးပမ်းနေသည်ဟူသော ဝေဖန်သုံးသပ်ချက်များ မြန်မာ့နိုင်ငံရေးလေ့လာသူများကြား ထွက်ပေါ်လျက် ရှိသည်။
မကြာသေးခင် မတ် ၂၈ ရက်ကပင် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA) လက်မှတ်ထိုးထားသည့် EAOs ၅ ဖွဲ့နှင့် စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) တို့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။
NSPNC ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီးရာပြည့်နှင့် အလွတ်သဘော ဆွေးနွေးခွင့်ရသည့် အဆိုပါ ဆွေးနွေးပွဲကို ရှမ်းပြည်ပြန် လည်ထူထောင်ရေးကောင်စီ (RCSS)၊ ရခိုင်ပြည်လွတ်မြောက်ရေးအဖွဲ့ချုပ် (ALP)၊ ပအို့ဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) နှင့် ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) တို့ တက်ရောက်ခဲ့သည်။
ဆွေးနွေးပွဲတွင် ပဋိပက္ခများလျှော့ချနိုင်ရေး၊ ယုံကြည်မှုတည်ဆောက်ရေး၊ နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပနိုင်ရေး၊ နယ် မြေတည်ငြိမ်အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးကိစ္စများ ဆွေးနွေးကြကြောင်း၊ တက်ရောက်လာသည့် EAOs ၅ ဖွဲ့နှင့် လည်း တဖွဲ့ချင်းစီ ဆက်လက်ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီ လက်အောက်ခံ မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြ ထားသည်။

RCSS အတွင်းရေးမှူး (၁) ဗိုလ်မှူးကြီး စိုင်းငင်းက “ဒီနေ့ ကျင်းပတဲ့ တွေ့ဆုံဆွေးနွေးပွဲဟာ အနာဂတ်မှာ ကျင်းပမယ့် နိုင်ငံရေးပုံစံသစ်ရဲ့ အစပျိုးမှု စမှတ်တခုဖြစ်မယ်လို့ မိမိတို့ RCSS အနေနဲ့ လေးလေးနက်နက် ယုံကြည်ပါတယ်” ဟု ဆွေးနွေးပွဲတွင် ပြောဆိုသည်။
ယခုကဲ့သို့ ဆွေးနွေးပွဲများ လုပ်နေခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံအခြေစိုက် ဝါရင့်နိုင်ငံရေး လေ့လာသူတဦးကမူ စစ်ကောင်စီသည် နိုင်ငံတကာ၏ တိုက်တွန်းချက်ကို လုပ်ဆောင်နေသယောင် ဟန်ပြလုပ်ဆောင်နေခြင်းသာ ဖြစ်ကြောင်း မှတ်ချက်ပေးသည်။
“ကုလသမဂ္ဂကရော၊ အာဆီယံကရော ပြဿနာတွေကို စားပွဲဝိုင်းပေါ်တင်ပြီးတော့ နိုင်ငံရေးအရ ဆွေးနွေးကြ ဖို့၊ ပြဿနာတွေ ငြိမ်းချမ်းစွာဖြေရှင်းကြဖို့၊ အကြမ်းဖက်မှုတွေ ရပ်တန့်ကြဖို့ အကြိမ်ကြိမ်ပြောနေတာပေါ့။ အဲဒီလို ပြော နေတဲ့အခါမှာ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေနဲ့ လူထုကို အကြမ်းဖက်တိုက်ခိုက်မှုတွေ နေရာအနှံ့ မပြတ်လုပ် နေတဲ့ စစ်ကောင်စီဟာ သူတို့ ငြိမ်းချမ်းရေးလုပ်ငန်းကို လုပ်ဆောင်နေပါတယ်၊ ကြိုးပမ်းနေပါတယ်ဆိုပြီး ကမ္ဘာကြီးကို ပြချင်တဲ့အတွက် လိမ်ညာ ကြိုးပမ်းနေတာသာ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၃ ရက်ကလည်း ၇၅ နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ပွဲ လာတက်သည့် EAOs ၉ ဖွဲ့နှင့် လည်း ဒုဗိုလ်ချုပ်ကြီး ရာပြည့်ဦးဆောင်သည့် စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး ခဲ့သေးသည်။
ထိုသို့ စစ်ကောင်စီက တွေ့ဆုံဆွေးနွေးမှု လုပ်နေခြင်းသည် PDF များနှင့် EAOs များကို ခွဲခြားကာ PDF များအား ချေ မှုန်းနိုင်ရေး လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများက ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ကြသည်။
“PDF တွေကို နိုင်ငံရေးအရ၊ ဘဏ္ဍာရေးအရ အားမပေးဖို့၊ သူတို့က ငြိမ်းချမ်းရေးလုပ်နေတဲ့ အဖွဲ့အစည်း ဖြစ်တယ်ဆို တာမျိုးပြဖို့ ရည်ရွယ်တဲ့အတွက် သူတို့က ဒီလုပ်ငန်းစဉ်တွေကို ဖော်ထုတ်ဖို့ လုပ်နေတာ ဖြစ်ပါတယ်။ တကယ်တော့ ဒါက နားလှည့်ပါးရိုက်ပြီး မီးစတဖက်ရေမှုတ်တဖက် ပေါ်လစီကျင့်သုံးနေတဲ့ စကစရဲ့ လိမ်လည်လုပ်ကြံမှုတခုပဲ ဖြစ်တယ်” ဟု မြန်မာနိုင်ငံအခြေစိုက် ဝါရင့်နိုင်ငံရေး လေ့လာသူတဦးက သုံးသပ်သည်။
အခြားသော တိုင်းရင်းသားအရေး လေ့လာနေသူတဦးကလည်း EAOs များက စစ်ကောင်စီနှင့် ဆွေးနွေးပွဲစကားဝိုင်း တက်ခြင်းသည် ပြဿနာမဟုတ်ဘဲ EAOs များ မည်ကဲ့သို့ ရပ်တည်လုပ်ကိုင်မည်ဆိုသည့် အချက်ကသာ အရေး ကြီးကြောင်း ရှင်းပြသည်။
“ဥပမာ ရုရှားနဲ့ ယူကရိန်းလည်း တဖက်မှာ အကြီးအကျယ်တိုက်နေပေမယ့် တဖက်မှာ ဆွေးနွေးနေတာပဲ။ ဆွေးနွေး တဲ့အခါမှာလည်း ကိုယ့်လိုအင်ဆန္ဒရအောင် ဆွေးနွေးကြတာပေါ့။ တဖက်မှာလည်း တိုက်တာတော့ တိုက်နေတာပဲ။ ဆွေးနွေးပွဲသွားပြီး လုံးဝ မတိုက်ဘူးဆိုရင်သာ ပြဿနာရှိလိမ့်မယ်။ လောလောဆယ် အင်ကြီးအားကြီးနဲ့ အစိုးရကို ရင်ဆိုင်နိုင်တဲ့အဖွဲ့တွေ အားလုံးက နိုင်ငံရေးဆွေးနွေးပွဲမှာ ပါတာမတွေ့ရသေးဘူး။ အားလုံးက လက်နက် အသင့်ပြင်၊ လောလောဆယ် တိုက်ပွဲမဖြစ်ပေမယ့် အချိန်မရွေးတိုက်ပွဲတွေ ဖြစ်နိုင်တဲ့ အနေအထားတွေရှိတယ်” ဟု ၎င်းက ဆိုသည်။

မတ် ၂၈ ရက် ဆွေးနွေးပွဲတက်သည့် EAOs ၅ ဖွဲ့သည် အပစ်ရပ်လက်မှတ်ထိုးထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ဝင် (PPST) တဝက်ဖြစ်ပြီး ကျန် PPST အဖွဲ့ဝင် EAOs များမှာ စစ်ကောင်စီ၏ ဆွေးနွေးပွဲကို တက်ရောက်လာခြင်း မရှိကြောင်း တွေ့ရသည်။
ဆွေးနွေးပွဲ မတက်သည့်ထဲတွင် PPST အဖွဲ့ဝင် အင်အားကြီး လက်နက်ကိုင်အဖွဲ့ဖြစ်သည့် ကရင်အမျိုးသားအစည်း အရုံး (KNU) သည် စစ်ကောင်စီ၏ NSPNC နှင့် လာမတွေ့ဘဲ ကရင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲများ အပြင်းအထန် ဖြစ်နေသည်။
ပုံမှန်အားဖြင့် စစ်ကောင်စီ၏ ဆွေးနွေးပွဲများသို့ တက်ရောက်လေ့ရှိသည့် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) သည်လည်း ဆွေးနွေးပွဲမတက်ပေ။
ထိုသို့ PPST အဖွဲ့ဝင် EAOs များ အပြည့်အစုံမလာဘဲ တဝက်တပျက်သာ လာတက်သည့် အခြေအနေသည် PPST အတွင်း အက်ကြောင်းများ ရှိနေသည်ကို ပြနေခြင်းဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူများက ဆိုကြသည်။
မြန်မာနိုင်ငံအခြေစိုက် နိုင်ငံရေးလေ့လာသူတဦးက စစ်ကောင်စီနှင့် ဆွေးနွေးပွဲတက်သည့် PPST အဖွဲ့ဝင် EAOs ၅ ဖွဲ့သည် လက်ရှိ ဖြစ်ပွားနေသော နွေဦးတော်လှန်ရေးတွင် ပါဝင်နေသည့် အဖွဲ့အစည်းများ မဟုတ်ကြသဖြင့် ၎င်းတို့ နှင့် စစ်ကောင်စီ ဆွေးနွေးခြင်းသည် ပြည်သူလူထုအတွက် အကျိုးရှိစရာ အခြေအနေ မရှိကြောင်း ပြောသည်။
“တကယ်က ဒီအဖွဲ့အစည်းတွေဟာ အာဏာရနေတဲ့ အစိုးရအဆက်ဆက်နဲ့ ပူးပေါင်းပြီးတော့ နိုင်ငံရေးနေရာရအောင်၊ ကိုယ်ကျိုးစီးပွားအတွက် အခြေအနေတွေ ဖန်တီးနိုင်အောင် ကျင့်သုံးလာခဲ့တဲ့ အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။ သူတို့ ပြောနေတဲ့ ပြဿနာတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းနေတယ်ဆိုတာက တကယ်တော့ စစ်ကောင်စီရဲ့ သဘောထား နဲ့ လမ်းကြောင်းကို ဆက်လက် အလုပ်အကျွေးပြုဖို့ ကြိုးပမ်းနေတာပဲ ဖြစ်ပါတယ်။ အဲဒီအဖွဲ့တွေနဲ့ ပတ်သက်ရင် ပြည်သူတွေက မျှော်လင့်ချက်လည်း မရှိဘူး” ဟု ၎င်းက ဆိုသည်။
အာဏာသိမ်း စစ်ကောင်စီ၏ လက်ရှိ ဆွေးနွေးပွဲခြေလှမ်းများကို ကြည့်ပါကလည်း စစ်ကောင်စီသည် PDF များအား နှိမ်နင်းမည်ဟု ကြွေးကြော်ပြီး တဖက်တွင် EAO များနှင့် အပစ်ရပ်ထားနိုင်ရန် လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း လေ့ လာသူများက ရှုမြင်သည်။
သို့သော် စစ်ကောင်စီ၏ ရည်ရွယ်ချက်သည် အောင်မြင်နိုင်ခြေ နည်းနေကြောင်း တိုင်းရင်းသားအရေးလေ့လာသူ တဦးက မှတ်ချက်ပြုသည်။
“လက်နက်ကိုင်အဖွဲ့ ဧရိယာတော်တော်များများမှာ PDF တွေ ရှိနေတာကိုး။ သူတို့ (PDF) ကို ဖယ်ထုတ်ပြီး ငြိမ်း ချမ်းရေးဆွေးနွေးပွဲ လုပ်ဖို့ဆိုတာက မဖြစ်နိုင်ဘူး။ တဖက်ကလည်း တိုင်းရင်းသား EAO တွေက သူတို့ အတွေ့အကြုံ အရဆိုရင် PDF တွေရှိနေတာက သူတို့အတွက် ခံသာတယ်ဆိုတာမျိုး မှတ်ယူထားကြသူတွေ ဖြစ်တယ်။ တကယ်လို့ သာ PDF တွေ မရှိရင် စစ်တပ်က သူတို့ကို မဲလာကြလိမ့်မယ်လို့ ယူဆထားကြတယ်” ဟု ၎င်းက ဆိုသည်။