စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ၃ ရက်ဆက်တိုက် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ပစ်ခတ်တိုက် ခိုက်မှုများကို ခံနေရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF-Kalay) ထံမှ သိရသည်။
အဆိုပါ ၃ ရက်တာ ပစ်ခတ်တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီဘက်မှ ၈ ဦးခန့် သေဆုံးခဲ့ကြောင်း ဒေသကာကွယ်ရေး တပ်ဖွဲ့များက ထုတ်ပြန်ထားသော်လည်း ဧရာဝတီက သီးခြားအတည်ပြုနိုင်ခြင်း မရှိပါ။
ယနေ့ မွန်းလွဲ ၁ နာရီခန့်တွင် ကလေးမြို့အနောက်ဘက် စက်မှုဇုန်၊ ဇီးချောင်းဘက်မှ စက္ကန့်ကျေးရွာဘက်သို့ စစ်ကြောင်း ထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား PDF- Kalay တပ်ဖွဲ့ဝင်များက ၁ နာရီကျော်ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း PDF-Kalay ပြောရေးဆိုခွင့်ရှိသူ ကိုဗစ်တာက ပြောသည်။
၎င်းက “ဒီနေ့ နေ့လယ် ၁ နာရီလောက်ကနေ နှစ်နာရီကျော်လောက်ထိ ပစ်ခတ်မှု ဖြစ်တယ်။ အခြေအနေ မတည်ငြိမ်သေး ဘူး။ စက္ကန့်ရွာထဲက ပြည်သူတွေကို ဖမ်းထားတယ်လည်း ပြောနေတယ်။ အသေးစိတ်တော့ အတည်မပြုနိုင်သေးဘူး။ မနေ့ ကနဲ့ တနေ့ကတော့ ကျနော်တို့ မြို့တွင်းမှာ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်” ဟု ပြောသည်။
ယမန်နေ့ (ဧပြီ ၈ ရက်) ညနေပိုင်းကလည်း တာဟန်းရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမကြီးနှင့် ဝယ်စလီဆေးရုံလမ်းထောင့်ရှိ ကင်း စခန်း၊ ဗိုလ်ချုပ်လမ်းမကြီးနှင့် နေကြာတိုက်လမ်းထောင့်ရှိ ကင်းစခန်းတို့အား ရုတ်တရက် ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ရာ တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့ကြောင်း PDF- Kalay က ထုတ်ပြန်ထားသည်။
အဆိုပါ တိုက်ခိုက်မှုအပြီး နာရီဝက်ခန့်အကြာတွင် ကလေးမြို့ဘက်မှ တာဟန်းဘက်သို့ ဗိုလ်ချုပ်လမ်းမကြီးအတိုင်း မောင်း နှင်လာသည့် စစ်ကောင်စီ ကား ၁ စီးကိုလည်း တာဟန်းရပ်ကွက်၊ ကမ္ဘောဇဘဏ်ရုံးခွဲ ၂ အရှေ့ရှိ တံတားပေါ်အရောက်တွင် မိုင်း ၆ လုံးဖြင့် ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများ ရှိခဲ့ကြောင်း ၎င်းတို့က ဆိုသည်။
ကိုဗစ်တာက “စစ်ကောင်စီက ကလေးမြို့တွင်းမှာပဲ ထိန်းချုပ်နိုင်တော့တာမို့ မြို့တွင်းမှာ ဖိနှိပ်ဖမ်းဆီးမှုတွေ ပိုတိုး လုပ်နေပါ တယ်။ ဒါကြောင့် ကျနော်တို့အနေနဲ့ ရှေ့ဆက်ပြီး မြို့တွင်းမှာရမ်းကားနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို တိုက်ခိုက်မှုတွေ ပိုပြီး တိုးမြှင့်လုပ်ဆောင်သွားဖို့ ရှိပါတယ်” ဟု ပြောသည်။
ကလေးမြို့၊ တာဟန်းပင်မသပိတ်ခံတပ် ပစ်ခတ်ဖြိုခွင်းခံရမှု တနှစ်ပြည့်သည့်နေ့ ဧပြီ ၇ ရက် နံနက်ပိုင်းကလည်း ကလေး တက္ကသိုလ်မုဒ်ဦးအနီး ဗိုလ်ချုပ်လမ်းမပေါ်ရှိ ရွှေနှင်းဆီလက်ဖက်ရည်ဆိုင်အတွင်းမှ ထွက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၈ ဦးအား ဒေသကာကွယ်ရေးတပ်ဖွဲ့က မိုင်းခွဲတိုက်ခိုက်ပြီး ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် နံနက် ၁၀ နာရီခန့်တွင်လည်း ကလေးတက္ကသိုလ်ဘက်မှ ကလေးမြို့ဘက်သို့ မောင်းနှင်လာသည့် စစ်ကား ၂ စီး အား ကြို့သုံးပင်ရပ်ကွက်၊ ရွှေလင်းယုန်လက်ဖက်ရည်ဆိုင်အနီးတွင် ထပ်မံ၍ မိုင်းခွဲတိုက်ခိုက်ကာ လက်နက်ငယ်များဖြင့် ၁ မိနစ်ခန့် ပစ်ခတ်ခဲ့ကြောင်းလည်း သိရသည်။
ယင်းတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးခန့် သေဆုံးပြီး ထိခိုက်ဒဏ်ရာရမှုများ ရှိခဲ့ကြောင်း၊ စစ်ကောင်စီတပ်ဖွဲ့ ဝင်များ၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၁ ဦး ထိမှန်သေဆုံးခဲ့ကြောင်း PDF-Kalay က သတင်း ထုတ်ပြန် ထားသည်။
“တိုက်ခိုက်မှုများသည် ကလေးမြို့၊ တာဟန်းပင်မသပိတ်ခံတပ် ဖြိုခွင်းမှုအတွင်း ကျဆုံးခဲ့ရသော အာဇာနည်သူရဲကောင်း များ၏ သွေးကြွေးအတွက် ရည်စူးပါသည်” ဟုလည်း PDF-Kalay ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် နာမည်ကျော်သည့် ကလေးမြို့၊ တာဟန်းသပိတ်ခံတပ်ကို စစ်ကောင်စီတပ် များက ပြီးခဲ့သည့် ၂၀၂၁ ဧပြီ ၇ ရက်တွင် လက်ပစ်ဗုံးများ၊ စက်သေနတ်များ စသည်ဖြင့် အင်အားသုံး ပစ်ခတ်ဖြိုခွင်းခဲ့မှု ကြောင့် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များ အပါအဝင် ပြည်သူ ၁၂ ဦးထက်မနည်း သေဆုံးခဲ့ပြီး ကိုယ်အင်္ဂါချို့ယွင်း ဆုံးရှုံးသည် အထိ ထိခိုက်ဒဏ်ရာရသူများလည်း ရှိခဲ့သည်။