သတင်း

မန်းခရိုင် NLD ဒုဥက္ကဌ၏ဇနီး သတ်ဖြတ်ခံရပြီး အလောင်းပါစွန့်ပစ်ခံရ

မန္တလေးခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဒုဥက္ကဋ္ဌ ဦးကိုကိုလေး၏ ဇနီး ဒေါ်စိုးစိုး(၅၀နှစ်)ကို စစ်ကောင်စီက ဖမ်းကာ စစ်ကြောရေး၌ သတ်ဖြတ်ခံခဲ့ရပြီး ရုပ်အလောင်းကိုလည်း လမ်းဘေးတွင် စွန့်ပစ်ခဲ့သောကြောင့် ရပ်ကွက်က သဂြိုဟ်ပေးခဲ့ရကြောင်း မန္တလေးခရိုင် NLD ပါတီ အသိုင်းအဝိုင်းမှ သိရသည်။

“မနေ့က Dead Body (ရုပ်အလောင်း) ကို လမ်းဘေးမှာ လာပစ်သွားလို့ အရပ်ကပဲ သဂြိုဟ်ပေးလိုက်ရတယ်။ ဦးကိုလေး ဘယ်မှာ ရှိတယ်ဆိုတာကို စစ်မရလို့ သတ်လိုက်ကြတဲ့သဘောပဲ “ဟု မန္တလေးခရိုင် NLD ပါတီဝင်တဦးက ဧရာဝတီ သို့ ပြောသည်။

ဒေါ်စိုးစိုး၏ ရုပ်အလောင်းအား မန္တလေးမြို့လယ် ၃၅ လမ်းရှိ ဂေါ်ရာကွင်း (မင်္ဂလာဈေးယာယီဈေးသစ်) အနီး အရန်မီးသတ် ရုံးရှေ့တွင် ဧပြီ ၁၈ ရက်က စွန့်ပစ်ထားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီ ၁၂ ရက် ညနေပိုင်းတွင် ဒေါ်စိုးစိုး တိမ်းရှောင်နေသည့်နေအိမ်သို့ အရပ်ဝတ်များ ပါဝင်သည့် စစ်ကောင်စီ တပ်ဖွဲ့က စစ်ကား ၅ စီးဖြင့် ရောက်လာပြီးနောက် ဦးကိုကိုလေးအား ဖမ်းဆီးရမိခြင်း မရှိသောကြောင့် ဓားစာခံအဖြစ် ရိုက်နှက်ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်ကြောင်း မျက်မြင်တွေ့သူများက ပြောသည်။

ထိုသို့ ဖမ်းဆီးရာတွင် အိမ်ရှင်အား ပါးရိုက်မေးပြီးနောက် ဒေါ်စိုးစိုးကို တွေ့သွားသော်လည်း ဦးကိုကိုလေး ရှိသည့်နေရာအား မပြောသဖြင့်ဟုဆိုကာ ဒေါ်စိုးစိုးအား ရိုက်နှက်ပြီး ပေါင်နှစ်ဖက်ကိုလည်း ဓားဖြင့်မွှန်းခဲ့သေးကြောင်း သိရသည်။

၎င်းတို့နှင့် နီးစပ်သူတဦးက “စစ်ကောင်စီလက်အောက်ခံတွေ လာဖမ်းတုန်းက မစိုးရဲ့ ပေါင်တွေကို ဓားနဲ့မွှန်း နှိပ်စက်ပြီး ဖမ်းသွားတယ်လို့ သိရတော့ အသက်အန္တရာယ်အတွက် စိုးရိမ်ခဲ့တာ။ အခုက လူကိုလူလို့ မမြင်ကြတော့ဘဲ ကြက်ကလေး၊ ငှက်ကလေး သတ်သလို သတ်လိုက်ကြတာပဲ။ ပြီးတော့ ပြည်သူတွေ ကြောက်လာအောင် အခုလိုလုပ်တယ်လို့ သုံးသပ် တယ်” ဟု ပြောသည်။

အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဒေါ်စိုးစိုးကို ဓားစာခံအဖြစ် ရိုက်နှက်ဖမ်းဆီးသွားပြီး တပတ်အကြာ၌ ၎င်း၏ ရုပ်အလောင်းကို မန္တလေးမြို့လယ်ခေါင်တွင် စွန့်ပစ်ခဲ့ခြင်းဖြစ်ပြီး ဦးကိုကိုလေး၏ အစ်ကိုဖြစ်သူ ဦးသိန်းဇော်ကိုလည်း ဖမ်း ဆီးထားသည်မှာ ယနေ့အချိန်ထိ အဆက်အသွယ် မရသေးသည့်အတွက် မိသားစုဝင်များက စိုးရိမ်နေကြောင်း သိရသည်။

ဦးကိုကိုလေးကို စစ်ကောင်စီက ပုဒ်မ ၅၀၅ ဖြင့် အမှုဖွင့်ထားသောကြောင့် ထွက်ပြေးတိမ်းရှောင်နေရသလို ကျန်ရှိ မိသားစုဝင်များမှာလည်း တိမ်းရှောင်နေရကြောင်း၊ ဇနီးဖြစ်သူဒေါ်စိုးစိုးမှာ အမှုဖွင့်ခံထားရခြင်းပင်မရှိဘဲ ယောက်ျားဖြစ် သူအား မတွေ့သည့်အတွက် ဓားစာခံအဖြစ် ဖမ်းဆီးခံရရာမှ သတ်ဖြတ်ခံရခြင်း ဖြစ်ကြောင်း နီးစပ်သူများက ပြောဆိုသည်။

ယနေ့ ညနေပိုင်းတွင် မန္တလေးခရိုင် NLD ဒုဥက္ကဋ္ဌ ဦးကိုကိုလေးသည် ရှမ်းပြည်နယ်ဘက်၌ တိမ်းရှောင်နေရင်း ဧပြီ ၂၁ ရက် ညနေ ၆ နာရီခန့်တွင် ဆီးချို၊ သွေးတိုးရောဂါ ပြင်းထန်စွာခံစားရပြီး ဦးနှောက်သွေးကြောပြတ် ရောဂါဖြင့် ကွယ်လွန်သွားသည်ဟူသော သတင်းများ ထွက်ပေါ်နေသော်လည်း ဧရာဝတီ အနေဖြင့် အတည်ပြုနိုင်ခြင်း မရှိသေးပါ။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ကောက်ခံရရှိသည့် မှတ်တမ်းများအရ စစ်တပ် အာဏာသိမ်းသည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၂ ဧပြီ ၂၀ ရက်ထိ စစ်အာဏာရှင်တော်လှန်ရေး (နွေ ဦးတော်လှန်ရေး) ကာလအတွင်း စစ်ကောင်စီလက်ချက်ဖြင့် ကျဆုံးခဲ့ရသူပေါင်း ၁၇၇၉ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။

Loading