အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် နိုင်ငံပိုင် ကယ်ဆယ်ရေးရဟတ်ယာဉ် ၁ စင်း ဝယ်ယူငှားရမ်းမှုနှင့် ပတ်သက်၍ စစ်ကောင်စီက အဂတိမှုဖြင့် စွပ်စွဲတရားစွဲဆိုထားမှုအား နေပြည်တော်ထောင်တွင်း အထူး တရားရုံး၌ ယနေ့ ရုံးထုတ်စစ်ဆေးခဲ့ရာ နိုင်ငံတော်သမ္မတဦးဝင်းမြင့် ကိုယ်တိုင် ထွက်ဆိုခဲ့ကြောင်း တရားရုံးနှင့် နီးစပ်သူ တဦးက ပြောသည်။
အဆိုပါ ရဟတ်ယာဉ်ဝယ်ယူငှားရမ်းမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်နှင့် သမ္မတဦးဝင်းမြင့်တို့အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပေဒ ပုဒ်မ ၅၅ ဖြင့် ၅ မှုထိ တရားစွဲဆိုထားခြင်းဖြစ်ပြီး ယနေ့ ရုံးချိန်းတွင် ၂ ဦးလုံး တက်ရောက်ခဲ့ကြောင်း သိရသည်။
တရားရုံးနှင့် နီးစပ်သူတဦးက “ဒီနေ့ သမ္မတကြီးက အမှုနံပါတ် ၄၆ အမှုအတွက် ကိုယ်တိုင် အစစ်ခံပါတယ်။ စွပ်စွဲချက်တွေ မမှန်ကန်တဲ့အကြောင်း သေသေချာချာ ရှင်းရှင်းလင်းလင်း ထွက်ဆိုသွားပါတယ်။ ဒီနေ့တော့ တယောက်ပဲ စစ်ဖြစ်တယ်” ဟု ပြောသည်။
ယနေ့ တရားရုံးချိန်းသို့ ရောက်လာခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်မှာ မကြာခဏ မောပန်းသည့် ဝေဒနာခံစားနေရပြီး ယခင်ထက် ပိုမို ပိန်သွားသည်ဆိုသော သတင်းများအပေါ် တရားရုံးနှင့် နီးစပ်သူတဦးကမူ ဒေါ်အောင်ဆန်းစုကြည်၏ လတ်တလော ကျန်းမာရေးမှာ ပုံမှန်အတိုင်းသာရှိနေပြီး ဆိုးဝါးသည့် အခြေအနေ မရှိကြောင်း ပြောသည်။
၎င်းက “အခုက အမျိုးမျိုး ပြောနေကြတာ။ လောလောဆယ် ကျန်းမာရေးက ပုံမှန်ပါပဲ။ မောမောနေတယ်ဆိုတာ မဟုတ်ပါ ဘူး။ နှစ်ဦးစလုံး ကျန်းမာရေးပုံမှန်ပါပဲ” ဟု ဆိုသည်။
လက်ရှိတွင် ကယ်ဆယ်ရေးရဟတ်ယာဉ် ဝယ်ယူငှားရမ်းမှုနှင့် ပြုပြင်ထိန်းသိမ်းမှုများတွင် နိုင်ငံတော်ငွေကြေး နစ်နာဆုံးရှုံးမှု ရှိသည်ဟုဆိုကာ အဂတိမှုဖြင့် စွပ်စွဲတရားစွဲဆိုခံရမှုမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့အတွက် နောက်ဆုံး လက်ကျန်အမှုများ ဖြစ်သည်။
ရှေ့ပိုင်းတွင်မူ စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်အား စွပ်စွဲတရားစွဲခဲ့သည့် ပုဒ်မ ၁၄ ခုဖြင့် ထောင်ဒဏ် ၂၆ နှစ် ချမှတ်ထားပြီး သမ္မတဦးဝင်းမြင့်ကိုလည်း စွပ်စွဲတရားစွဲဆိုခဲ့သည့် အမှု ၃ မှုအတွက် ထောင် ၅ နှစ် ချမှတ်ထားသည်။
လက်ရှိတွင် အသက် ၇၇ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်သည် စစ်ကောင်စီ ချမှတ်သည့် ထောင်ဒဏ်များအား နေပြည်တော်အချုပ်ထောင်အတွင်းရှိ အဆောက်အဦးတခု၌ သီးခြားအကျဉ်းခံနေရပြီး အမှုများအား ရင်ဆိုင်နေရသည်။
သမ္မတဦးဝင်းမြင့်ကိုမူ စစ်ကောင်စီ အနေဖြင့် ထောင်သွင်းအကျဉ်းချခြင်း မရှိသေးဘဲ လျှို့ဝှက်ထားသည့် နေရာတခု၌ နေအိမ်အကျယ်ချုပ်သဘောဖြင့် ပြစ်ဒဏ်ချထားသည်။
You may also like these stories:
စစ်တပ် ဖျက်ဆီးခဲ့သော ပြည်သူတို့၏ ဆန္ဒမဲများ
အလျှော့ပေး ပြေလည်ရေးသမားတွေရဲ့ ASEAN မြန်မာ့အရေးမှာ အလုပ်မဖြစ်