ပါကစ္စတန် အဆင့်မြင့်ကာကွယ်ရေးအရာရှိ ဗိုလ်မှူးကြီး အင်မရန် ခန်း သည် စစ်ကောင်စီနှင့် စစ်ရေး ပူးပေါင်းဆောင်ရွက်မှုကို ဆွေးနွေးရန်အတွက် လွန်ခဲ့သောအပတ်က နေပြည်တော်သို့ သွားကြောင်း ထိုကိစ္စကိုသိသည့် သတင်းရင်းမြစ်များပြောသည်။
ဗိုလ်မှူးကြီး ခန်၏ နိုဝင်ဘာလ ၂၉ ရက်နေ့မှ ဒီဇင်ဘာလ ၁ ရက်နေ့အထိ ခရီးစဉ်သည် အစ္စလမ်မာဘတ်နှင့် နေပြည်တော်အကြား ကာကွယ်ရေးဆက်ဆံမှု ကြီးထွားနေသည့် နောက်ဆုံး လက္ခဏာဖြစ်သည်။ စစ်ကောင်စီသည် ထိုစစ်သံမှူး၏ အလည်အပတ်ခရီးစဉ်အကြောင်း ပြောကြားခြင်း မပြုသလို ဆွေးနွေးမှု အသေးစိတ်များကိုလည်း မသိရပေ။
လတ်တလောတွင် အဖွဲ့ဝင် ၁၀ ဦးပါသော မြန်မာလေတပ်ကိုယ်စားလှယ်အဖွဲ့သည် ပါကစ္စတန်တွင် ၄ ပတ်ကြာ လေကြောင်းစစ်ဆင်ရေးတွင် ပစ်မှတ်တိကျရေးနှင့် တရုတ်နှင့် ပါကစ္စတန် ပူးတွဲ ထုတ်လုပ်သည့် JF-17 ဂျက်တိုက်လေယာဉ်နှင့် ပတ်သက်သော သင်တန်းတက်နေသည်။
မြန်မာလေတပ်မှ JF-17 များတွင် နည်းပညာချို့ယွင်းမှုကြောင့် မြေပြင်တွင်သာ ထိန်းသိမ်းထားရသော ပြဿနာကို ဖြေရှင်းရန် အားထုတ်မှု ဖြစ်သည်ဟုလည်း ယူဆရသည်။
မြန်မာလေတပ်သည် တရုတ်ထံမှ JF-17 ၁၆ စီး ဝယ်ယူခဲ့သည်။ ပထမအသုတ် ၆ စီးကို ၂၀၁၈ ခုနှစ်က ပေးပို့သော်လည်း ကျန် ၁၀ စီးကို ပေးပို့သည့် ရက်စွဲအသေးစိတ်များကို ရှင်းလင်းစွာ မသိရပေ။ မြန်မာသည် JF-17 များကို ဝယ်ယူသည့် ပထမဆုံးသော နိုင်ငံဖြစ်သည်။
မြန်မာလေတပ်သည် အင်အားတောင့်တင်းရေးအတွက် ပါကစ္စတန်မှ JF-17 Block-II လေယာဉ်များ ဝယ်ယူသည်။ မြန်မာမြေပြင်တပ်များသည် ခုခံတော်လှန်ရေး အင်အားစုများ၏ ဖိအားကို ခံနေရသောကြောင့် စစ်ကောင်စီသည် ပြည်သူ့ကာကွယ်ရေးတပ်များ (PDF) နှင့် လူမျိုးစု လက်နက်ကိုင်တပ်များ (EAO) တို့ကို တန်ပြန်ရန် လေကြောင်းတိုက်ခိုက်မှုကို အားကိုးနေရသည်။
ဧရာဝတီသတင်းဌာနက စုံစမ်းမေးမြန်းသည်ကို ရန်ကုန်ရှိ ပါကစ္စတန် သံရုံးက တုံ့ပြန်ခြင်း မရှိပေ။
ပါကစ္စတန်သည် မြန်မာစစ်ကောင်စီနှင့် စစ်ဘက်ဆက်ဆံရေး ဆက်လက်ထားရှိသည့် လက်တဆုပ်စာ နိုင်ငံများအနက် တခုဖြစ်သည်။
လွန်ခဲ့သောနှစ် စက်တင်ဘာလအတွင်း ပါကစ္စတန် ကာကွယ်ရေး ဝန်ကြီးဌာနမှ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့တခု မြန်မာသို့ လာရောက်သည်။ ၎င်းတို့သည် အဆင့်မြင့် စစ်လက်နက်ပစ္စည်း နည်းပညာများ၊ လေယာဉ် ပြုပြင်ထိန်းသိမ်းရေးနှင့် ရေတပ်လက်နက်ခဲယမ်းများအကြောင်း ဆွေးနွေးသည်ဟု ယူဆရသည်။ ထိုခရီးစဉ်ကို နှစ်ဘက်လုံးက ထုတ်ပြန်ကြေညာခြင်း မရှိပေ။
အစ္စလမ်မာဘတ်နှင့် နေပြည်တော်အကြားဆက်ဆံရေးသည် ၂၀၁ရ ခုနှစ် ရိုဟင်ဂျာ အကျပ်အတည်းကြောင့် တင်းမာခဲ့သည်။ ထိုစဉ်က ရိုဟင်ဂျာ ပြောက်ကျားများက ရဲစခန်းများကို တိုက်ခိုက်မှုများကို တုံ့ပြန်သည့်အနေဖြင့် ရခိုင်မြောက်ပိုင်းမှ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးများကို မြန်မာစစ်တပ်က ပြုလုပ်ပြီးနောက် ရိုဟင်ဂျာ ၇ သိန်းကျော် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးရသည်။
မြန်မာစစ်ကောင်စီသည် PDF များနှင့် EAO များကို ချေမှုန်းရန် ဝေဟင်မှ မြေပြင်ပစ် ဒုံးကျဉ်များကဲ့သို့သော လက်နက်များ လိုအပ်နေပြီး မြန်မာတွင် နိုင်ငံရေး ရှုခင်းအပြောင်းအလဲဖြစ်သောကြောင့်ပါကစ္စတန်အရာရှိများသည် ဆက်ဆံရေး ပြန်လည်အသက်သွင်းရန် စစ်ကောင်စီကို ဆက်သွယ်ရန် ဆုံးဖြတ်ခဲ့သည်ဟု သုတေသီများ ယူဆသည်။
ပုံမှန်အားဖြင့် စစ်ကောင်စီသည် ရုရှားနှင့် တရုတ်ထံမှ လက်နက်များဝယ်ယူသည်။ သို့သော် စစ်ကောင်စီကို နိုင်ငံတကာအရေးယူ ပိတ်ဆို့မှုများ ချမှတ်သောကြောင့် တရုတ်သည် ပါကစ္စတန်ကို အမည်ခံအဖြစ်သုံးပြီး မြန်မာစစ်တပ်ကို ဆက်လက်အကူအညီပေးနေသည်ဟု သုတေသီများ ပြောသည်။
You may also like these stories:
စစ်ကောင်စီ ဝယ်ထားသည့် တရုတ်တိုက်လေယာဉ် ၆ စီး မြန်မာသို့ရောက်
စစ်ကောင်စီ ဝယ်ထားတဲ့ JF-17 တိုက်လေယာဉ် ဘာချွတ်ယွင်းချက်တွေ ရှိနေလဲ
ရုရှား ထိပ်တန်းဗိုလ်ချုပ်က စစ်ကောင်စီခေါင်းဆောင်ကို တွေ့ဆုံ