မန္တလေး မြို့တော်ဝန် ဒေါက်တာ ရဲလွင်ကို ရာဇသတ်ကြီးပုဒ်မ ၄၀၉ နိုင်ငံပိုင်ပစ္စည်း အလွဲသုံးစားမှုဖြင့် ယနေ့တွင် အိုး ဘိုအကျဉ်းထောင်တွင်း အထူးတရားရုံးမှ ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ကြောင်း တရားရေးအသိုင်းအဝိုင်းက သိရသည်။
ဒေါက်တာ ရဲလွင်နှင့်အတူ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဇေယျကိုလည်း ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
တရားလွှတ်တော်ရှေ့နေ တဦးက “စည်ပင်မှာ မြို့တော်ဝန် တာဝန်ယူချိန်က နိုင်ငံပိုင်ဘဏ္ဍာငွေ အလွဲသုံးစား လုပ်တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ ထောင် ၂ နှစ် ချခံရတာပေါ့။ သူနဲ့အတူ ကော်မတီဝင် ကိုကျော်ဇေယျကိုလည်း ထောင် ၂ နှစ် ချခံရ တယ်။၂ ယောက်လုံးက ပထမအမှုတွေ လွတ်ခါနီးမှ ထပ်တိုး တရားစွဲခံကြရတာ” ဟု ပြောသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ဒေါက်တာ ရဲလွင်ကို စည်ပင်သာရေး ကော်မတီ ဝန်ထမ်းများအား CDM လုပ် ဆောင်ကြရန် လှုံ့ဆော်သည်ဟုဆိုကာ နိုင်ငံတော် အကြည်ညို ပျက်စေမှူဖြင့် တရားစွဲခြင်း ခံခဲ့ရသည်။
မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်သည် စစ်တပ်က အာဏာသိမ်းသည့် ဖေဖော်ဝါရီလ ၁ ရက် နံနက်ပိုင်းက ခေတ္တ ထိန်းသိမ်းခံခဲ့ရပြီး နေ့ချင်း ပြန်လည်လွတ်မြောက်လာခဲ့ပြီးနောက် ရုံးပြန်တက်ကာ စည်ပင်သာယာလုပ်ငန်းများ လုပ် ကိုင်ခဲ့ပြီး ဖေဖော်ဝါရီလ ၅ ရက်တွင် မြို့တော်ဝန် ရာထူးမှ နုတ်ထွက်ခဲ့သည်။
ထို့နောက် ဖေဖော်ဝါရီ ၈ ရက်တွင် “ပြည်သူနဲ့အတူပါ” ဟူသော စာသားနှင့်အတူ CDM ကို ထောက်ခံကြောင်း လက် သုံးချောင်း ထောင်သည့်ပုံအား သူ၏ ဖေ့ဘွတ်စာမျက်နှာတွင် တင်ခဲ့သဖြင့် ညပိုင်း၌ ဖမ်းဆီးခံခဲ့ရပြီး စစ်ကောင်စီက နိုင်ငံတော် အကြည်ညို ပျက်စေမှု ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(ခ) ဖြင့် ထောင်၂ နှစ် အမိန့်ချခဲ့သည်။
ယင်းသို့ အမိန့်ချမှတ်ခဲ့သော ထောင်ဒဏ်သည် ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက လွတ်ရက်စေ့ဖြင့် ပြန်လည် လွတ် မြောက်ခါနီးအချိန် နိုဝင်ဘာ ၁၆ ရက်တွင် နိုင်ငံပိုင်ပစ္စည်း အလွဲသုံးစားမှုဖြင့် ထပ်မံ တရားစွဲခြင်းကို ခံခဲ့ရပြီး ယခုအခါ တွင် ထောင်ဒဏ် ထပ်မံချမှတ်ခံရခြင်း ဖြစ်ကြောင်း သိရသည်။
ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၄၀၉ မှာ “ပြည်သူ့ဝန်ထမ်း ဖြစ်စေ၊ ဘဏ်တိုက်စိုးကဖြစ်စေ၊ ကုန်သည်ကဖြစ်စေ၊ ကိုယ်စား လှယ်ကဖြစ်စေ၊ ရာဇဝတ်မကင်းသော ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှု” ဖြစ်ပြီး ပြစ်မှုထင်ရှားပါက တသက်တကျွန်း ဒဏ် ဖြစ်စေ၊ ဆယ်နှစ်အထိ ထောင်ဒဏ် တမျိုးမျိုးဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။
You may also like these stories:
စစ်ကောင်စီ သက်တမ်းတိုးမှု အကြမ်းဖက်မှုသာ တိုးလာနိုင်ဖွယ်ရှိ
သမ္မတဦးဝင်းမြင့် တောင်ငူထောင် ရွှေ့ပြောင်းအကျဉ်းချခံရ