သတင်း

၂ နှစ်အတွင်း ပညာရေးဝန်ထမ်း ၁၀၀၀ ကျော် အရေးယူခံထားရ

အစိုးရ၏ ဒုတိယ ၁ နှစ်တာ ကာလအတွင်း ပါမောက္ခနဲ့တွဲဖက်ပါမောက္ခ ရာထူးကြီးများ အပါအဝင် ပညာရေးဝန်ထမ်းပေါင်း ၁ ထောင်ကျော်ကို အရေးယူထားသည်ဟု သတင်းရရှိသည်။

အဆင့်မြင့်ပညာ ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက “ ပြစ်ဒဏ်ပေးတဲ့အခါ ကျနော်တို့ ရာထူးချတာရှိတယ်။ နှစ်တိုးရပ်တာရှိတယ်။ တခြားကျောင်းကို ပြောင်းတာရှိတယ်။ တခါတလေ ကျောင်းတကျောင်းထဲမှာ ပါမောက္ခ နဲ့ တွဲဘက် ပါမောက္ခ မပြေလည်တော့ နှစ်ယောက်လုံးကို ကျောင်းရွှေ့လိုက်တာမျိုး ဒီလိုအရေးယူမျိုးတွေရှိပါတယ်” မေလ ၂၁ရက်နေ့က နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာန၌ အစိုးရ၏ ဒုတိယ တနှစ်တာ ကာလအတွင်း ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများ၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

သို့ဖြစ်ရာ ဖြစ်ပေါ်လာသည့် အမှုကိစ္စ အပေါ်တွင် မူတည်ပြီး၍ အရေးယူပုံခြင်း မတူညီကြောင်း၊ အထူးသဖြင့် ကိုယ်ကျင့်တရား ပျက်ပြားသည့် ပြစ်ဒဏ်၊ ငွေကြေး အလွဲသုံးစားမှု ပြုသည့် ကိစ္စရပ်များ စစ်ဆေးသည့် အခါ ထင်ရှားပါက ဥပဒေနဲ့ အညီ အရေးယူခြင်းဖြစ်ကြောင်း၊ ဖြစ်ပေါ်သည့် အမှုကိစ္စ အပေါ် မူတည်၍ ပြစ်ဒဏ်ပေးမှုများ ကွာခြားကြောင်း သိရသည်။

“များသောအားဖြင့် ဌာနတွင်းမှာ ငွေရေးကြေးရေးပြသနာရှိတယ်။ ဆရာမတွေ သွေးခွဲပြီး အုပ်ချုပ်တဲ့ ဌာနမှူးရဲ့ ပြသနာတွေရှိတယ်။ အဲဒါတွေကို စိစစ်တဲ့အခါမှာ တချို့တိုင်တဲ့စာတွေက မှန်ကန်တဲ့အတွက် စိစစ်ချက်တွေပေါ်တာရှိပါတယ်။ တခါတခါလည်း တိုင်တဲ့စာတွေက မမှန်ကန်တဲ့အတွက်ပြန်လည်ပြီး အမှုတွေ ရုတ်သိမ်းလိုက်တာတွေလည်း ရှိပါတယ်” ဟု ဒေါက်တာသိန်းဝင်းက ရှင်းပြသည်။

၂ နှစ်အတွင်း အရေးယူခဲ့သည့် ဝန်ထမ်းပေါင်း ၁၁၇၁ ဦးရှိပြီး၊ ဝန်ထမ်းအဖြစ်မှ ၁၀၃ ဦးထုတ်ပယ်ခဲ့ပြီး၊ ရာထူးမှ ထုတ်ပယ်ခံရသူ ၂၃၈ ဦး၊ တာဝန်မှ ယာယီရပ်ဆိုင်းခံရသူ ၂ ဦး၊ ရာထူးအဆင့်မှ လျော့ချခံရသူ ၂၉ ဦး၊ ရာထူးတိုး ရပ်ဆိုင်းခံရသူ ၇ ဦး၊ နှစ်တိုးလစာ ရပ်ဆိုင်းခံရသူ ၄၉ ဦးနှင့် စာဖြင့် သတိပေးခြင်းခံရသူ ၇၄၃ ဦး တို့ဖြစ်သည်။

ပျဉ်းမနားမြို့မှ အလယ်တန်းပြ ကျောင်းဆရာမ တဦးဖြစ်သူ ဒေါ်သန္တာဆွေက “ပညာရေးဝန်ကြီးဌာနက ဝန်ထမ်းတွေ ပိုပြီးတော့ ဂုဏ်သိက္ခာ စောင့်ထိန်းသင့်တယ်။ ကလေးတွေက အတုမြင် အတတ်သင်လေ။ သူတို့ရှေ့မှာ စကားပြောတာ ဆိုတာ အစ ဆင်ခြင်ပြောဆိုသင့်တယ်” ဟု ဆိုသည်။

Loading