ချင်းပြည်နယ်၊ ထန်တလန်မြို့မ ရဲစခန်းအား ချင်းအမျိုးသားတပ်မတော် (CNA) တပ်ဖွဲ့ဝင်များက တိုက်ခိုက် သိမ်းပိုက်ပြီးနောက် စစ်ကောင်စီသည် ထန်တလန်မြို့ပေါ်နှင့် ဒေသခံလက်နက်ကိုင် အဖွဲ့များ ရှိနိုင်မည်ထင်သည့်နေရာများသို့ နေ့စဉ် ရက်ဆက် ဗုံးကြဲတိုက်ခိုက်နေကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၈ ရက် ညနေ ၉ နာရီခန့်က CNA နှင့် ထန်တလန်မြို့ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့က စစ်ကောင်စီနှင့် ရဲတပ်ဖွဲ့တို့ ပူးပေါင်းနေထိုင်သော မြို့မရဲစခန်းအား ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ ဘက်မှ ၄ ဦး သေဆုံးပြီး လက်နက်ကြီး၊ လက်နက်ငယ် ၄၀ ကျော် သိမ်းဆည်းရမိခဲ့ကြောင်း CNA ကသတင်း ထုတ်ပြန်ထားသည်။
မြို့မရဲစခန်း သိမ်းပိုက်ခံရမှုတွင် တပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှု ရှိခဲ့သည့် စစ်ကောင်စီသည် မြေပြင်တွင် တန်ပြန်ထိုးစစ် မဆင်နိုင်ဘဲ လေကြောင်းဖြင့် နေ့စဉ်ရက်ဆက် အကြိမ်ပေါင်းများစွာ ဗုံးကြဲတိုက်ခိုက်နေပြီး ဖေဖော်ဝါရီ ၁၆ ရက် တနေ့တည်းတွင် လေကြောင်းတိုက်ခိုက်မှု အကြိမ် ၄၀ ကျော် ပြုလုပ်ခဲ့ကြောင်း CNF ၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောသည်။
၎င်းက “ကျနော်တို့ မြို့မရဲစခန်းကို သိမ်းယူပြီးနောက်ပိုင်းကနေ ယခုထိ တိုက်လေယာဉ်တွေနဲ့ နေ့စဉ်ရက်ဆက် ဗုံးကြဲနေတာ မရေတွက်နိုင်ဘူး။ မနေ့ကဆိုရင် ဂျက်တိုက်လေယာဉ် ၂ စီးနဲ့ အကြိမ်ရေ ၂၀၊ MI- 35 နဲ့ ၂၁ ကြိမ် ထန်တလန်မြို့ပေါ်နဲ့ ကျနော်တို့ စခန်းရှိနိုင်တဲ့ နေရာတွေကို လာတိုက်ခိုက်နေတာ ရှိတယ်။ မနေ့က တိုက်ပွဲကတော့ အပြင်း ထန်ဆုံးပဲ” ဟု ဧရာဝတီသို့ ပြောသည်။
ယမန်နေ့ လေကြောင်းတိုက်ခိုက်မှုတွင် CNA တပ်ဖွဲ့ဝင် ၂ ဦးသေဆုံးပြီး ၄ ဦး ထိခိုက် ဒဏ်ရာများ ရရှိခဲ့ကြောင်းလည်း ဆလိုင်းထက်နီက ဆက်လက်ပြောသည်။
CDF တပ်ဖွဲ့ဝင် ၂ ဦးဖြစ်သည့် ဆလိုင်း မောဇက်ဗန်ဘွေဟုပ်နှင့် ဆလိုင်းဗန်ထာဘိခ့် တို့ နှစ်ဦးမှာ ထန်တလန် နှစ်ခြင်း အသင်းတော် (TBC) အနီးဖြစ်ပွားသည့် တိုက်ပွဲတွင် ကျဆုံးရခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီတပ်သည် ထန်တလန်မြို့ကို ပြန်လည် ထိန်းချုပ်နိုင်ရန် လေကြောင်းအပါအဝင် ဟားခါးမြို့မှနေ လက်ကြီးများဖြင့် နေ့စဉ် ပစ်ခတ်နေကြောင်း ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်များထံမှ သိရသည်။
ဖေဖော်ဝါရီလ ၁ ရက် နံနက်ပိုင်းကလည်း ထန်တလန်မြို့ပေါ်ရှိ CB ဘဏ်တွင် တပ်စွဲနေထိုင်သည့် စစ်ကောင်စီ တပ်သားများအား ဝင်ရောက်စီးနင်းတိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိ ၁ ဦး အပါအဝင် ၅ ဦး ဖမ်းဆီးခံရပြီး လက်နက်ခဲယမ်းများလည်း CNA ဘက်မှ သိမ်းဆည်းရမိခဲ့သည်။
ထိုသို့ ထန်တလန်မြို့ပေါ်တွင် တပ်စွဲနေထိုင်သည့် စစ်ကောင်စီ တပ်သားများအား CNA က မကြာခဏ ဝင်ရောက် စီးနင်းတိုက်ခိုက်မှုကြောင့် မြို့ပေါ်က စစ်ကောင်စီတပ်သားများသည် ထန်တလန်မြို့အစွန်ရှိ တပ်ကုန်းဟု ခေါ်သည့်နေ ရာတွင် ပြန်လည်စုဖွဲ့ကာ နေထိုင်လျက်ရှိကြောင်း သိရသည်။
ဆလိုင်းထက်နီက “ထန်တလန်ကို အခုလိုမျိုး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ မရေမတွက်နိုင်အောင် တိုက်ခိုက်နေတာဟာ ပထမတချက်က ကျနော်တို့ကို ချေမှုန်းဖို့ သို့မဟုတ်ရင် သူတို့ တခုတည်းသာ ကျန်တော့တဲ့ တပ်ကုန်းကို မကျအောင် အခုလိုမျိုး တိုက်ခိုက်နေတာ ဖြစ်မယ်” ဟု ပြောသည်။
လက်ရှိအခြေအနေတွင် တပ်ကုန်းဟုခေါ်သည့် စစ်ကောင်စီတပ်တခုသာကျန်ရှိတော့ကာ အဆိုပါ ကုန်းတွင် တီးတိန် အခြေစိုက် ခလရ ၂၆၉၊ တပ်ရင်းနှင့် ဟုမ္မလင်းအခြေစိုက် ခလရ ၂၂၂ တပ်ရင်းမှ အင်အား ၆၀ ဝန်းကျင်ဖြင့် စုဖွဲ့တပ်စွဲ နေထိုင်လျက် ရှိကြောင်းလည်း CNF မှ သိရသည်။
ဆလိုင်းထက်နီ က “တပ်ကုန်းမှာ ကျနော်တို့ ခန့်မှန်းတာက ခလရ ၂၆၉၊ ခလရ ၂၂၂ နဲ့ တခြားတပ်မှ ထုတ်နုတ်အင်အား စုစုပေါင်း အင်အား ၆၀ လောက်ပဲရှိတယ်။ ဟားခါးနဲ့ တခြားဘက် စစ်ကူပေးတွေလည်း မပို့နိုင်တော့ဘူး။ စစ်ကူပို့လာမယ့် လမ်းကြောင်း အားလုံးကိုလည်း ကျနော်တို့က ဖြတ်တောက်ဖို့ လုပ်ထားတယ်။ လက်ရှိမှာလည်း လေကြောင်းတိုက်ခိုက်မှု ဘယ်လောက်ပဲလုပ်လုပ် ကျနော်တို့ဆုတ်ပေးတာ လုံးဝ မရှိသေးဘူး။ တပ်ဖွဲ့ဝင်တွေ နေရာအပြောင်းအလဲ လုပ်တာလောက်ပဲ ရှိတယ်” ဟု ဧရာဝတီ သို့ ပြောသည်။
ထန်တလန်မြို့အား စစ်ကောင်စီတပ်မှ အကြိမ်ကြိမ် ဝင်ရောက်မီးရှို့မှုကြောင့် ပြီးခဲ့သည့် နှစ်ကတည်းက မြို့ခံများမှာ မြန်မာ- အိန္ဒိယနယ်စပ်ရှိ ကျေးရွာများသို့ ထွက်ပြေး ခိုလှုံသွားသည့်အတွက် မြို့ပေါ်တွင် အရပ်သား ပြည်သူများ ရှိမနေတော့ဘဲ စစ်ကောင်စီတပ်နှင့် ချင်းဒေသခံတော်လှန်ရေး တပ်ဖွဲ့ဝင်များ နှစ်ဖက် တပ်စွဲနေထိုင်လျက်ရှိကြောင်း သိရသည်။
စစ်ကောင်စီသည် ဖေဖော်ဝါရီ ၂ ရက်ကစ၍ ချင်းပြည်နယ်ရှိ ထန်တလန်မြို့အပါအဝင်၊ ဟားခါး၊ ကန်ပက်လက်၊ မတူပီ၊ တီးတိန်၊ တွန်းဇံနှင့် ဖလမ်းမြို့များကို စစ်အုပ်ချုပ်ရေးမြို့များအဖြစ် ကြေညာထားသည်။
You may also like these stories:
စစ်ကောင်စီအင်အားကို ခွဲဖို့ စစ်မျက်နှာများများ ဖွင့်နိုင်အောင် လုပ်ရပါမယ်
ဖာပွန်တွင် စစ်ကောင်စီ ရက်ဆက်ဗုံးကြဲ၊ စာသင်ကျောင်းနှင့်နေအိမ်များ ပျက်စီး
ကွတ်ခိုင်၌ စစ်ကောင်စီတပ်နှင့် KIA တို့ကြား တိုက်ပွဲထပ်ဖြစ်နိုင်