မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် စစ်ရေး ပဋိပက္ခများအတွင်း ကလေးသူငယ် ၅ သန်းကျော်မှာ အကူအညီများ လိုအပ်နေကြောင်း ကုလသမဂ္ဂ အပြည်ပြည်ဆိုင်ရာ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF) က ဇန်နဝါရီ ၃၀ ရက်က ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံရှိ ၅ နှစ်အောက် ကလေးငယ် ၁၀ ဦးတွင် ၃ ဦးမှာ သင့်တော်သည့် အာဟာရ မရရှိခြင်းကြောင့် ကြီးထွားနှုန်းတန့်ပြီး သေးကွေးနေသလို ရုပ်ပိုင်းဆိုင်ရာ ကြီးထွားဖွံ့ဖြိုးမှုသာမက ကျန်းမာရေးနှင့် အနာဂတ်ပါ ထိခိုက်စေနိုင် ကြောင်း UNICEF က ဆိုထားသည်။
ထို့ပြင် လက်ရှိ ဖြစ်ပွားနေသည့် ပဋိပက္ခ အကျပ်အတည်းများကြောင့် မြန်မာနိုင်ငံတဝန်းရှိ ကလေးငယ်ဦးရေ၏ ထက်ဝက်ခန့်မှာ ဆင်းရဲနွမ်းပါးစွာ ကြီးပြင်းလာနေရပြီး ကလေးငယ် ၃ သိန်းခန့်မှာ ကာကွယ်ဆေးထိုးနှံခွင့်မရခြင်း ကြောင့် ကြိုတင်ကာကွယ်နိုင်သည့် ရောဂါ ဖြစ်ပွားနိုင်ချေ အလွန်များပြားနေကြောင်း ဖော်ပြထားသည်။
လက်ရှိတွင် တိုင်းနှင့် ပြည်နယ်တချို့တွင် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှု၊ ရွာမီးရှို့မှုများကြောင့် စစ်ဘေးရှောင်ဦးရေ တိုးပွားလာပြီး ထိုစစ်ရှောင်များထဲတွင် ကလေးငယ်အများစုလည်း ပါဝင်နေသည်။
ထိုသို့ စစ်ရှောင်နေရသည့် ကလေး ငယ်များ အခြေအနေနှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ၏ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နော်ဆူဆန်နာ လှလှစိုးကို ဧရာဝတီက ဆက်သွယ် မေးမြန်းထားသည်။
မေး။ ။ မြန်မာနိုင်ငံအတွင်းက ကလေးငယ် ၅ သန်းဟာ ဘယ်လို အကူအညီတွေ လိုအပ်နေတာမျိုးလဲ။ ကျန်းမာရေး၊ ပညာရေး၊ အစာအဟာရလုံလောက်မှုနဲ့ စားဝတ်နေရေး ပြဿနာတွေမှာ ဘယ်အရာက အကြီးမားဆုံး လိုအပ်ချက် ဖြစ်နေတာပါလဲ။
ဖြေ။ ။ မြန်မာနိုင်ငံဟာ နဂိုထဲက လိုအပ်မှုတွေ အများကြီးရှိနေတဲ့နိုင်ငံ ဆင်းရဲတဲ့ နိုင်ငံဖြစ်ပါတယ်။ အစိုးရအနေနဲ့ ဝန်ဆောင်မှုလဲ ပြည့်ပြည့်ဝဝ မပေးနိုင်သေးပါဘူး။ ၂၀၂၁ ဖေဖော်ဝါရီကစပြီး အခြေအနေက ဆိုးဝါးပြီး ကလေးတွေအတွက် ပိုပိုဆိုးလာတယ်။ စစ်တမ်းအရဆိုရင် ကလေးငယ် ၅ သန်းဟာ အထူးအခြေအနေ ရောက်ရှိနေပြီ။

သူတို့အတွက် အဓိက လိုအပ်တဲ့ ကာကွယ်ဆေး ထိုးဖို့တွေ၊ အဟာရပြည့်အောင် စားရမှာတွေ နောက်ပြီးတော့ ကျောင်းပညာရေးကိစ္စတွေ အထူးလိုအပ်တဲ့ ကိစ္စတွေဖြစ်ပါတယ်။ နောက်ပြီးတော့ စစ်ကောင်စီရဲ့ ထိုးစစ်ကြောင့် ပြေးလွှားနေရချိန်မှာ သူတို့ရဲ့ အသက်န္တရာယ်က အထူး စိုးရိမ်ရတဲ့ အခြေအနေ ဖြစ်ပါတယ်။
အခု လောလောဆယ် အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနရဲ့ မှတ်တမ်းတွေအရ ဖမ်းဆီးခံရတဲ့ ကလေးသူငယ် ၃၀၀ ကျော်ရှိတယ်။ ထောင်ဒဏ်ချမှတ်ခံထားရတဲ့ ကလေးသူငယ် ၁၉ ဦးနဲ့ မတရားဖမ်းဆီး သတ် ဖြတ်ခံရတဲ့ ကလေးငယ်က၂၈၉ ဦး ၃၀၀ နီးပါးဖြစ်ပါတယ်။ အဲဒါကြောင့် ကလေးတွေရဲ့ လုံခြုံရေးနဲ့ ကလေးသူငယ် အခွင့်အရေးဟာ အရေးကြီးဆုံးနဲ့ အလိုအပ်ဆုံး ဖြစ်ပါတယ်။
မေး။ ။ အခုလိုမျိုး စစ်ရေးပဋိပက္ခတွေ ကျယ်ပြန့်လာနေတဲ့ တိုင်းပြည်မှာ ကလေးငယ်တွေရဲ့ အနာဂတ်ဟာ ဘယ်လိုဖြစ်လာနိုင်မလဲ။
ဖြေ။ ။ ကလေးတွေရဲ့ အနာဂတ်ကို ဖျက်ဆီးလိုက်တာကြောင့် အဓိက စိတ်ဓာတ် ပျက်ယွင်းမှုတွေ ဖြစ်လာမယ်။ ပညာရေးနှောင့်နှေးပြီး ကျန်းမာရေးပါ ချို့တဲ့လာနိုင်ပါတယ်။ နိုင်ငံရဲ့ အနာဂတ်က ကောင်းနိုင်မှာ မဟုတ်ပါဘူး၊ ဒီကလေးတွေဟာ တနေ့မှာ လူငယ်တွေ တိုင်းပြည်ရဲ့ အနာဂတ်ကို ဦးဆောင်ရမယ့်သူတွေဖြစ်တယ်။ အစစရာရာ ချို့ယွင်းပြီး လိုအပ်ချက်တွေရှိတဲ့လူတွေဟာ နိုင်ငံကို ဦးဆောင်ဖို့ အခက်အခဲဖြစ်နိုင်ပါတယ်။

မေး။ ။ ဒီကလေးငယ်တွေအားလုံး အကူအညီရရှိဖို့ဆို ဘာတွေ လုပ်ပေးရမှာပါလဲ။
ဖြေ။ ။ ကျမရဲ့ ကရင်နဲ့ ကရင်နီပြည်နယ်ခရီးစဉ်မှာ ကလေးတွေ တော်တော်များများက စစ်ဘေးရှောင်စခန်းတွေမှာ ရှိနေတယ်။ လူထုအကြီးအကဲခေါင်းဆောင်တွေက ကျောင်းတွေ ဖွင့်ပေးတာ ရှိတယ်။ အာဟာရရှိဖို့ ကြိုးစားပေးတာ ရှိတယ်။ ဒါပေမယ့် မပြည့်စုံဘူးပေါ့နော်။ ဒါ့ပြင်ကို စစ်ဘေးရှောင်စခန်းတွေကိုပါ တမင်သက်သက် တိုက်ခိုက်နေတဲ့ စစ်ကောင်စီကြောင့် ကလေးတွေဟာ ထိခိုက်ဒဏ်ရာရ သေဆုံးမှုတွေဟာ နေ့စဉ်နဲ့အမျှ ဖြစ်ပေါ်နေတာ တွေ့ရပါတယ်။

အဲဒါကြောင့် ကလေးတွေကို ကာကွယ်ဖို့ဆိုရင် စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ရပ်တန့်ရပါမယ်။ ကလေး တွေရှိတဲ့ နေရာတွေကို ပစ်မှတ်ထားပြီး ကျောင်းတွေ၊ ဆေးရုံတွေကို တိုက်ခိုက်တာ ရပ်တန့်ပြီးတော့ ကလေးသူငယ်တွေ လိုအပ်တဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု အရင်ဆုံး ပေးရပါမယ်။ ပြီးရင် ပညာရေး၊ ကျန်းမာရေး သူတို့ရဲ့ ဖွံ့ဖြိုးရေးနဲ့ ကလေးတွေရဲ့ ခေါင်းဆောင်နိုင်မှု မြှင့်တင်နိုင်ဖို့ အစီအစဉ်တွေကို လုပ်ပေးရမှာ ဖြစ်ပါတယ်။
မေး။ ။ အချိန်မှီ လိုအပ်တဲ့အကူညီတွေ မရဘူးဆိုရင် ဘာတွေ ဆက်ဖြစ်လာနိုင်မလဲ။
ဖြေ။ ။ နိုင်ငံတကာကလည်း ကြည့်မနေသင့်ပါဘူး။ ဒီကလေးတွေအတွက် အကူအညီတွေကို မြေပြင်ကို ရောက်ရှိ အောင် ကူညီပေးဖို့ လိုအပ်တယ်။ ဒီလိုမျိုး မရောက်ဘူးဆိုရင် ကလေးသန်းပေါင်းများစွာ အသက်အန္တရာယ် စိုးရိမ်ရဖို့ ရှိတယ်။ တကယ်လို့ ရှင်ကျန်နေရင်လဲ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ အများကြီးလိုအပ်တဲ့သူတွေ ဖြစ်သွားပြီးတော့ နိုင်ငံရဲ့ အနာဂတ်ကလည်း ဘယ်လိုမှ ကောင်းနိုင်မှာ မဟုတ်ပါဘူး။
You may also like these stories:
စစ်ကောင်စီက စစ်ဘေးရှောင် အမျိုးသမီးများကိုပါ ပေါ်တာဆွဲနေ
ကန့်ဘလူ၌ စစ်ကြောင်းထိုး နှိပ်စက်မှုများကြောင့် မိမိကိုယ်ကို အဆုံးစီရင်မှုများ ရှိလာ
စစ်အုပ်ချုပ်ရေး ကြေညာထားသည့် ခင်ဦးမြို့နယ်တွင် စစ်ကောင်စီ မီးလိုက်ရှို့