မယုသည် “မြစ်ချောင်းသန့်စင်စေသူများ” အဖွဲ့နှင့်အတူ ညစ်ပတ်နေသောရေထဲမှ ပလတ်စတစ်များ၊ သံဘူးများကို နောက်တရက်တာ ထပ်မံရှာဖွေရန် သူ၏ ဖော့ချပ်လှေကို ရန်ကုန်ရှိ ချောင်းတခုအတွင်းသို့ ချလိုက်သည်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်မှ စတင်ပြီး မြန်မာတွင် ဖြစ်ပွားနေသည့် စီးပွားရေးအကျပ်အတည်း၏ မောင်းနှင်မှုကြောင့် အနံ့အသက်ဆိုးလှသော ညိုညစ်ညစ်အရောင် ပုဇွန်တောင်ချောင်းအတွင်း အလုပ်လုပ်ရန် အရုဏ်တက်ချိန်အလင်းရောင်တွင် သူနှင့်အတူလိုက်လာသူ ၁၀ ဦးဝန်းကျင်ခန့် ရှိသည်။
၎င်းတို့သည် ပြန်လည်အသုံးချနိုင်သည့် စွန့်ပစ်ပစ္စည်းများကို ကောက်ယူပြီး အဝယ်ဒိုင်သို့ ပြန်သွင်းကြသည်။ စစ်အာဏာသိမ်းမှုက စီးပွားရေးကို မှောက်လှန်လိုက်ပြီး ကျယ်ပြန့်သော မတည်ငြိမ်မှုများဖြစ်စေကာ အလုပ်အကိုင်များ ဆုံးရှုံးပြီးနောက် ထိုလုပ်ငန်းသည် ၎င်းတို့အတွက် ဝင်ငွေရသည့် တခုတည်းသော လုပ်ငန်းဖြစ်သည်။
“ကုန်းပေါ်မှာ လုပ်လို့ရတဲ့အလုပ် ကျမအတွက် မရှိတော့ဘူး။ ကျမရဲ့ကလေးတွေအတွက်၊ ကျမယောကျ်ားရဲ့ ကျန်းမာရေးအတွက် ကျမမှာတာဝန်ရှိတယ်” ဟု နေပူဒဏ်ကို ခံနိုင်စေရန်အတွက် သနပ်ခါးကို ပါးနှင့်နဖူးတွင် လိမ်းထားသည့် အသက် ၃၆ နှစ်အရွယ် မယုက AFP သတင်းဌာနသို့ ပြောသည်။
“ဒါကြောင့် ဖော့ချပ်တချို့ကိုငှားပြီး ချောင်းထဲကို အိမ်နီးချင်းတွေနဲ့အတူ ထွက်လာလိုက်တယ်။ ပထမဆုံးနေ့တုန်းက ပလတ်စတစ်နဲ့ သံဗူးတချို့ကို ရောင်းဖို့ကောက်ခဲ့တယ်။ ကျမတို့ ပျော်လည်း ပျော်ကြတယ်” ဟု သူကပြောသည်။

စစ်အာဏာသိမ်းမှု၏ နောက်ဆက်တွဲအဖြစ် မြန်မာ့စီးပွားရေး ထောင်းထောင်းကြေသွားပြီး လူတသန်းကျော် အလုပ်ပြုတ်ကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ (ILO) ၏အဆိုအရ သိရသည်။
အသက် ၄၁ နှစ်အရွယ် မငယ်သည် ရန်ကုန်မှ ဈေးတခုတွင် ဟင်းသီးဟင်းရွက်နှင့် အသားငါး ရောင်းသည့် အလုပ်ကို လက်လွှက်လိုက်ရပြီးနောက် ချောင်းအတွင်း အလုပ်လာလုပ်သူ ဖြစ်သည်။ သူ၏ခင်ပွန်း လက်သမားဆရာသည်လည်း ပုံမှန်အလုပ်ရှာမရ ဖြစ်နေသည်။
“ကျမ ဒီအလုပ်လုပ်နေတယ်ဆိုတာ ကျမမိသားစုဝင်တွေနဲ့ မိဘတွေကို အသိမပေးခဲ့ဘူး” ဟု မငယ်က ပြောသည်။

“နောက်တော့ သူတို့သိသွားပြီး ဒီလိုလုပ်ရတာ မိသားစုအတွက်ပဲလို့ ရှင်းပြခဲ့ရတယ်” ဟု သူပြောသည်။
လူသေအလောင်းများ
အမှိုက်ဆယ်သူတဦးသည် အလုပ်အကိုင် ကောင်းသောနေ့တွင် ကျပ် ၃၀,၀၀၀ (အမေရိကန် ၁၀ ဒေါ်လာ) ရသော်လည်း အများအားဖြင့် အိမ်သို့ ကျပ် ၁ သောင်းခန့်သာ ပြန်ယူသွားနိုင်သည်။
“ကျမတို့ ဒီအလုပ်ကို စမလုပ်ခင်တုန်းက ပလတ်စတစ်တွေ၊ သံဘူးတွေ၊ ပုလင်းတွေ ချောင်းထဲမှာ အရမ်းပေါတယ်” ဟု အသက် ၃၉ နှစ်အရွယ် မကြူကြူခိုင်က ပြောသည်။ သူသည် ရန်ကုန်ရှိလမ်းများတွင် အမှိုက်ကောက်ခဲ့ဖူးသူလည်း ဖြစ်သည်။
အမှိုက်ကောက်သူများသည် ဒီရေတက်ချိန်နှင့် ချိန်ကိုက် အလုပ်လုပ်ရသည်။ ဒီရေကျချိန်တွင် ချောင်းအောက်ပိုင်းသို့ မျှောဆင်းသွားပြီး အမှိုက်ကောက်ကာ ဒီရေတက်ချိန်တွင် ချောင်းအထက်ပိုင်းသို့ ဒီရေနှင့်အတူ ပြန်လာရန်ဖြစ်သည်။

ဒီရေတက်ချိန်သည် အန္တရာယ်လည်းများကြောင်း မယုက ပြောသည်။ သူ လုပ်ငန်းကို စတင်လုပ်ကိုင်စဉ်က ဖော့ချပ်ပေါ်မှေ ရထဲသို့ ပြုတ်ကျခဲ့ဖူးသည်။
“တခုခုဖြစ်ရင်တော့ ကျမတယောက်တည်းဆိုတော့ ဘာမှ တတ်နိုင်မှာ မဟုတ်ဘူးလို့ တခါတခါ စဉ်းစားမိတယ်” ဟု သူကပြောသည်။
ထိုရေပြင်သည် ရန်ကုန်တွင် ဥပဒေစိုးမိုးမှုကင်းမဲ့ကြောင်း သတိပေးသည့် အရာများကိုလည်း သယ်ဆောင်လာတတ်သည်။ အာဏာသိမ်းပြီးနောက်ပိုင်း ရာဇဝတ်မှု များပြားလာကြောင်း ရန်ကုန် ဒေသခံများက ပြောသည်။
ရေပြင်တွင် လူသေအလောင်းများ မျောပါလာသည်ကို အမြဲလိုလို တွေ့ရကြောင်း မယုက ပြောသည်။
“အလုပ်က လွယ်တဲ့အလုပ်တော့ မဟုတ်ဘူး၊ ဒါပေမယ့် ကျမအတွက် အရေးကြီးတာက ကလေးတွေ မငတ်ဖို့ပဲ” ဟု သူကပြောသည်။
စိတ်လက်ပေါ့ပါးရသည့် အချိန်များလည်းရှိကြောင်း သူ၏သူငယ်ချင်း မငယ်က ပြောသည်။
“တချို့လူတွေက ကျမတို့ အလုပ်လုပ်နေတာတွေ့ရင် စနောက်ကြတယ်။ ဒီမှာ မြူနီစပယ်အဖွဲ့လာပြီ၊ မြစ်ကို ဘယ်လိုသန့်ရှင်းအောင် လုပ်ရတယ်ဆိုတာကို သူတို့သိတယ်လို့ သူတို့က ပြောကြတယ်” ဟု သူက ပြောပြသည်။
(AFP သတင်း On the Water With Myanmar’s ‘River Cleaners’ ကို ဘာသာပြန်သည်။)
You may also like these stories:
ကိုဗစ်ကြောင့် ဖြစ်လာတဲ့ သဘာဝပတ်ဝန်းကျင် စိန်ခေါ်မှု အသစ်
လူတွေက ရေနုတ်မြောင်းဆိုရင် အမှိုက်ပစ်ဖို့နေရာလို့ ထင်နေကြတယ်
ကမ်းခြေက အမှိုက်တွေ ကောက်ပေးရင် ဆေးခြောက် တလိပ်တိုက်တဲ့ ဂျမေကာ Hostel
အမှိုက်ပုံများနှင့် ကျနော်တို့၏ ကမ္ဘာကြီး