ကချင်လွတ်လပ်ရေးတပ် (KIA)အနေဖြင့် တရုတ်ကိုယ်စားလှယ်များပါသည့် ယာဉ်တန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း မရှိကြောင်း ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ဧရာဝတီကို ပြောသည်။
အဆိုပါ ယာဉ်တန်းသည် ဇွန် ၂၇ ရက်တွင် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့ အရှေ့ဘက် ဝိုင်းမော်-ဆဒုံးကားလမ်းတနေရာ တွင် ပစ်ခတ်ခံခဲ့ရပြီးနောက် စစ်ကောင်စီက ပစ်ခတ်မှုကို KIA က လုပ်ဆောင်ခဲ့ခြင်းဟု ဇွန် ၃၀ ရက်တွင် သတင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ထုတ်ပြန်ချက်နှင့်ပတ်သက်၍ ဧရာဝတီက KIA ထံ ဆက်သွယ်မေးမြန်းရာ ဗိုလ်မှူးကြီး နော်ဘူက “ကျနော် တို့က တော့ တရုတ်ယာဉ်တန်းတွေကို ပစ်တာမဟုတ်ပါဘူး။ ၂၆ ရက်ကတည်းက စစ်ကောင်စီတပ်တွေ တက်လာလို့ တိုက်ပွဲတွေဖြစ်တယ်။ ၂၇၊ ၂၈ သုံးရက်ဆက်တိုက်ဆိုသလို တိုက်ပွဲဖြစ်တဲ့ကာလမှာ တရုတ်ပြည်ကယာဉ်တန်းတွေ ဖြတ်သန်းသွားတာ ဖြစ်ပါတယ်။ အဲဒီယာဉ်တန်းတွေကို ပစ်တာမဟုတ်ပါဘူး” ဟု ပြောသည်။
KIA နှင့် စစ်ကောင်စီတိုက်ပွဲများကို ရေးသားဖော်ပြနေသည့် 7Stars News ၏ လူမှုကွန်ရက်စာမျက်နှာတွင် တရုတ် ကောင်စစ်ဝန်ရုံးအဖွဲ့၏ ကား ၁၃ စီးပါ ယာဉ်တန်းသည် တရုတ်ပြည်၊ ထိန်ချုန်းမြို့မှ မြစ်ကြီးနားသို့ ဦးတည်မောင်း လာစဉ် ဝိုင်းမော်မြို့နယ်အတွင်းရှိ ဆဒုံးမြို့အလွန် အင်ဝမ်းကောင်ရွာနှင့် လနားရေတံခွန်ကြား၌ အပစ်ခံရခြင်း ဖြစ် ကြောင်း ရေးသားထားသည်။
ဗိုလ်မှူးကြီး နော်ဘူက ယာဉ်တန်းကို ပစ်ခတ်သည့်အဖွဲ့မှာ မည်သည့်အဖွဲ့ ဖြစ်သည်ကိုလည်း အတည်မပြုနိုင်သေး ကြောင်း ဆိုသည်။ ၎င်းက “ပစ်ခတ်ခံရတယ်ဆိုတာ လိုင်းပေါ်မှာပဲတွေ့ပါတယ်။ တကယ်ဟုတ်သလား။ 7star စာမျက်နှာမှာပေါ့။ လိုင်းပေါ်မှာပဲတွေ့ပါတယ်။ အတည်ပြုပြောလို့တော့ မရပါဘူး” ဟု ဆိုသည်။
7Stars News ၏ ရေးသားချက်တွင် တရုတ်ကိုယ်စားလှယ်အဖွဲ့သည် တရုတ်-မြန်မာစီးပွားရေးစင်္ကြန် (CMEC) စီမံကိန်းတွင် ပါဝင်သော မြစ်ကြီးနားမြို့အနီး အကောင်အထည်ဖော်မည့် နန်ကျင်စီးပွားရေးဇုန်စီမံကိန်းသို့ လာခြင်း ဖြစ်ပြီး ပစ်ခတ်မှုကို ဝိုင်းမော်မြို့နယ်အခြေစိုက် ဦးရွှေမင်း၏ လီဆူပြည်သူ့စစ်က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ ပစ်ခတ်မှုကို KIA ဘက်က လုပ်ဆောင်ခြင်းဖြစ်ကြောင်း စစ်တပ်ပိုင် မြဝတီရုပ်မြင်သံကြားအား ဖြေထားသည်။
“ဖြစ်စဉ်အမှန်က တရုတ်နိုင်ငံက ကောင်စစ်ဝန်လည်း မဟုတ်ပါဘူး။ သူတို့ပြောနေသလို ကချင်ပြည်နယ် နန်ကျင် စီးပွားရေးဇုန် တည်ဆောက်ရေးကိစ္စလည်း မဟုတ်ပါဘူး။ ဒါကတော့ နယ်ခြားဒေသမှာ တပ်မတော်အချင်းချင်း ပုံမှန် ဆွေးနွေးတဲ့ဆွေးနွေးမှုများ ရှိပါတယ်။ ဒါကတော့ နယ်စပ်ဒေသလုံခြုံရေးနဲ့ပတ်သက်ပြီး ပုံမှန်ပြုလုပ်တဲ့ ဆွေးနွေးပွဲ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

တရုတ်စစ်တပ်ကိုယ်စားလှယ်များသည် ကန်ပိုက်တီမြို့မှတဆင့် မြန်မာနိုင်ငံသို့ ဇွန် ၂၇ ရက်တွင် ဝင်ရောက်လာခြင်း ဖြစ်ပြီး စစ်ကောင်စီတပ်နှင့် နယ်ခြားစောင့်တပ်များက သွားရောက်ကြိုဆိုခဲ့ကြောင်း၊ တရုတ်ကိုယ်စားလှယ်များကို သွားကြိုသည့် နယ်ခြားစောင့်တပ်၏ ရှေ့ပြေးဒုတိယယာဉ်သည် လက်နက်ငယ်ဖြင့် ၅ ချက် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
စစ်ကောင်စီဘက်က ထုတ်ပြန်ထားသည့် ဓာတ်ပုံများအရ ယာဉ်တန်းပစ်ခတ်ခံရသည့်နေရာသည် ဝိုင်းမော်အရှေ့ဘက် ဂေါ်ဆက်ယန်ရွာနှင့် ဘွမ်ကထောင်ရွာကြား ဝိုင်းမော်-ဆဒုံးကားလမ်းတနေရာတွင် ဖြစ်ကြောင်း သိရသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက “ထိခိုက်ဒဏ်ရာရတာ မရှိပါဘူး။ လက်နက်ငယ်နဲ့ ပစ်ခတ်တဲ့အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ က အဲဒီနေရာမှာ လုံခြုံရေးအရ လုံခြုံမှုရရှိအောင် ဆောင်ရွက်ခဲ့တာ ရှိပါတယ်။ ပြီးတော့ အဲဒီနေရာမှာ ပြန်လည်လုံခြုံမှု ရရှိတဲ့အခါမှာ အဲဒီယာဉ်တန်းဟာ မြစ်ကြီးနားကို ပြန်လည်ထွက်ခွာခဲ့တယ်။ အဲဒီနောက် မူလအစီအစဉ်အတိုင်းပဲ နှစ်ဖက်တွေ့ဆုံတာရှိပါတယ်။ အောင်မြင်စွာပဲ ပြီးဆုံးသွားပါတယ်။ တဖက်နိုင်ငံက တပ်မတော်ကိုယ်စားလှယ်များ လည်း ပြင်ပကို ပြန်လည်ထွက်ခွာသွားပါတယ်။ ပစ်ခတ်ခဲ့တဲ့အဖွဲ့က KIA ဆိုတာ အတည်ပြုလို့ရပါတယ်” ဟု ဆိုသည်။
KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူကမူ စစ်ကောင်စီသည် တရုတ်ကိုယ်စားလှယ်ယာဉ်တန်း ပစ်ခတ်ခံရ သည့်ကိစ္စအား အသုံးချကာ KIA အပေါ် အပြစ်တင်ရန် ကြိုးပမ်းနေခြင်းဖြစ်ကြောင်း မှတ်ချက်ပေးသည်။
လီဆူပြည်သူ့စစ်ခေါင်းဆောင် ဦးရွှေမင်းကလည်း ပစ်ခတ်မှုသည် ၎င်းတို့လက်ချက်မဟုတ်ဘဲ KIA ၏ လက်ချက်သာ ဖြစ်ကြောင်း၊ ၎င်းတို့ တပ်ဖွဲ့သည် မြန်မာစစ်တပ်နှင့်ပေါင်း၍ နယ်မြေရှင်းလင်းရေးသာ လုပ်ဆောင်ခဲ့ကြောင်း ဇွန် ၃၀ ရက်တွင် ၎င်း၏ Facebook အကောင့်မှတဆင့် ပြောထားသည်။
တရုတ်ကိုယ်စားလှယ် ယာဉ်တန်းပစ်ခတ်ခံရမှုနှင့်ပတ်သက်၍ ပိုမိုသိရှိနိုင်ရန် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးကို ဧရာဝတီက အီးမေးလ်ပေးပို့ မေးမြန်းထားသော်လည်း တစုံတရာတုံ့ပြန်လာခြင်း မရှိသေးပေ။
လက်ရှိတွင် တရုတ်ကိုယ်စားလှယ်ယာဉ်တန်း ပစ်ခတ်ခံရမှုကို မြန်မာစစ်ကောင်စီနှင့် KIA နှစ်ဖက်စလုံးက ငြင်းဆို နေရာ ပစ်ခတ်သူ မပေါ်ပေါက်သေးသည့်အခြေအနေ ဖြစ်နေသည်။
You may also like these stories:
ဖားကန့် KIA အုပ်ချုပ်ရေးရုံး စစ်ကောင်စီတပ် ဝင်စီး
တရုတ်နယ်စပ်က ရိုင်ဖယ်များနှင့် အားမာန်ပြည့်လာသည့် တပ်ဖွဲ့သစ်များ
ပြစ်တင်ရှုတ်ချခံ စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံရေး တရုတ်မြှင့်တင်နေသည်
ဒဏ္ဍာရီများနှင့် ပဋိပက္ခများတည်ရာ မြန်မာနယ်စပ်များ













