ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ မေယုတောင်ကြောတွင် ရက္ခိုင့်တပ်တော် (AA) နှင့် အာရကန် ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် (ARSA) တို့ တိုက်ပွဲဖြစ်ပွားမှုတွင် ၂ ဘက် သေဆုံးမှုရှိကြောင်း ဒေသခံ သတင်းရင်းမြစ်များကပြောသည်။
ဘူးသီးတောင်မြို့နယ် စိမ်းညှင်းပြားရွာနှင့် ဂူတာပြင်မွတ်စလင် ကျေးရွာများ အထက် မေယုတောင် ကြောတွင် ဇူလိုင် ၁၉ ရက်နေ့မနက်ပိုင်းက ၂ ဘက် အပြင်းအထန် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
AA နှင့် နီးစပ်သူ ဧရာဝတီသတင်းမြစ်တဦးက “ARSA ဘက်ကတော့ စခန်းအပြင် ကင်းစခန်းက ၅ ယောက် ကျတယ်။ လက်နက်တွေကိုလည်း AA ဘက်က ရသွားတယ်။ ဒဏ်ရာရတဲ့လူတွေလည်း ရှိတယ်လို့ ကြားတယ်။ AA ဘက်တော့ ၁ ယောက် ကျတယ်။ ၂ ယောက်လောက် ဒဏ်ရာရတယ်လို့ သိရတယ်” ဟု ဧရာဝတီသို့ ပြောသည်။
တိုက်ပွဲဖြစ်ပွားမှုနှင့် ပတ်သက်ပြီး နှစ်ဘက်လုံးမှ ထုတ်ပြန်ကြေညာခြင်း မရှိသေးသဖြင့် ဖြစ်စဉ်အသေးစိတ် အချက်အလက်များ ဖော်ပြနိုင်ခြင်းမရှိသေးပါ။
သို့သော်လည်း ထိုတိုက်ပွဲအရှိန်ကြောင့် ဒေသခံ ရွာသူရွာသားများမှာ စိုးရိမ်ထိတ်လန့် နေလျှက်ရှိပြီး တောထဲမဝင်ရဲကြဘဲဖြစ်နေကြောင်း ဒေသခံများက ဧရာဝတီသို့ ပြောသည်။
ဂူတာပြင်မွတ်စလင်ကျေးရွာသားတဦးက “တိုက်ပွဲဖြစ်တဲ့နေ့ကတော့ ကျနော်တို့ သေနတ်သံတွေပဲ ကြားရတာ။ ဘာကြောင့် ဖြစ်တယ်ဆိုတာတော့ မသိဘူး။ အဲဒီနေရာကိုလည်း ကျနော်တို့ မသွားရဲကြဘူး။ အခု ပတ်ဝန်းကျင်က ရွာသားတွေ အကုန်လုံးက ဝါးခုတ်၊ ဟင်းရှာဘယ်သူမှ တောထဲကို မဝင်ရဲကြဘူး” ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ တိုက်ပွဲအတွင်း မေယုတောင်ကြောရှိ ARSA စခန်းတချို့ ကျသွားပြီး ARSA အဖွဲ့ဝင်များသည် ဘူးသီးတောင် အခြေစိုက် စကခ ၁၅ တပ်မ လက်အောက်ခံတပ်ရင်းများ လှုပ်ရှားသည့်နယ်မြေအတွင်းသို့ ဆုတ်ခွာ တိမ်းရှောင် သွားကြောင်း AA နှင့် နီးစပ်သည့် သတင်းရင်းမြစ်အချို့ကပြောသည်။
ARSA နေထိုင်သည့်စခန်းမှာလည်း မေယုတောင်ကြောအား လိုဏ်ခေါင်းများဖြင့် ပြုလုပ်ထားသဖြင့် AA တပ်ဖွဲ့ဝင်များအနေနှင့် စခန်းထဲသို့ ဝင်၍ နယ်မြေရှင်းလင်းရေး မလုပ်နိုင်သေးကြောင်းလည်း ရှင်းပြသည်။
ARSA အဖွဲ့သည် ပြီးခဲ့သည့် ၂၀၁၆/ ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ် မြောက်ပိုင်း၊ မောင်တောမြို့နယ်အတွင်းရှိ နယ်ခြားစောင့်ရဲစခန်းများကို စတင်တိုက်ခိုက်ပြီးနောက် ပို၍လူသိများလာခဲ့သည်။
၂၀၁၇ ခုနှစ် မောင်တောအရေးအခင်းကာလ စစ်တပ်၏ ကြမ်းကြုတ်သော နယ်မြေရှင်းလင်းမှုကြောင့် ရိုဟင်ဂျာကျေး ရွာသားများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဒုက္ခသည်များအဖြစ် ဝင်ရောက်ခိုလှုံနေကြသည့် နောက်ပိုင်းကတည်း နှစ်နိုင်ငံ နယ်စပ်ခြေကုပ်ယူပြီး ဒုက္ခသည်စခန်းများတွင် စိမ့်ဝင်လှုပ်ရှားမှုရှိခဲ့သည်။
မွတ်ဆလင်များအကြား ထောက်ခံမှုကျဆင်းလာသည့် ARSA အဖွဲ့သည် ယခင်ကဲ့သို့ ဒုက္ခသည်စခန်းများ အတွင်း စိမ့်ဝင်လှုပ်ရှားမှု မရှိတော့သလို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များကလည်း လိုက်လံရှာဖွေ ဖမ်းဆီးမှုများရှိ သည့်အတွက် ခေါင်းဆောင်ဖြစ်သူ အာတူအူလာသည်ပင် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဘူးသီးတောင်မြို့ နယ်၌ ခိုလှုံနေထိုင်ကြောင်း မွတ်စလင် ရပ်ရွာလူကြီးတဦးက ပြောဆိုသည်။
၎င်းက “ARSA အဖွဲ့နဲ့ ပတ်သက်ပြီး ပြောကြတဲ့အခါ ဘင်္ဂလားဒေ့ရှ်ကိုပဲ လက်ညှိုးထိုး ပြောကြတာတွေ တွေ့ရတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရကလည်း ARSA ကို လက်မခံတဲ့အတွက် သူတို့ အဲဒီဘက်မှာလည်း နေလို့မရဘူး။ မောင်တောမြို့ နယ်မှာလည်း ကျနော်တို့ မွတ်စလင်ရွာကြီးတွေ မရှိတော့လို့ နေလို့မရဘူး။ ကျနော်တို့ သတင်းကြားတာက ဘူးသီး တောင်မြို့နယ်မှာ ရှိတယ်လို့ ကြားတယ်။ အဲဒါကို AA ကလည်း သိတယ်။ စစ်တပ်ကလည်း သိတယ်” ဟု ဧရာဝတီသို့ ပြောသည်။
မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့နယ်အတွင်းရှိ မေယုတောင်ကြောတွင် စိမ့်ဝင်လှုပ်ရှားနေသော ARSA အဖွဲ့နှင့် စစ်ကောင်စီတပ်မှ အောက်ခြေအရာရှိတချို့နှင့် AA ၏အောက်ခြေ အရာရှိတချို့တို့သည် မူးယစ်ဆေးဝါးလုပ်ငန်းများတွင် ဆက်နွယ်မှုရှိသည်ဟုလည်း မွတ်စလင်အသိုင်းအဝန်းက ဝေဖန်ပြောဆိုကြသည်။
You may also like these stories:
AA နှင့် ARSA ပေါင်းတိုက်နေဟု စွပ်စွဲချက် ဝါဒဖြန့်မှုသာ ဖြစ်ကြောင်းတုံ့ပြန်
ဘင်္ဂလားဒေ့ရှ်မှ ရိုဟင်ဂျာဒုက္ခသည်စခန်းများအတွင်းက ရာဇဝတ်မှုများ၏ နောက်ကွယ်