မန္တလေး ဂေါဝိန်ဆိပ်မှ ဗန်းမော်မြို့သို့ လူနှင့် ရိက္ခာဖြည့်တင်းရန် ဧရာဝတီမြစ်ကြောင်းအတိုင်း တက်လာသည် စစ်ကောင်စီသင်္ဘော ၉ စီးအား ပြီးခဲ့သည့် ဇူလိုင်၂၇ နှင့်၂၈ ရက်တို့က ပြည်သူ့ကာကွယ်ရေးတပ်များက တိုက်ခိုက်ရာ
သင်္ဘော၂ စီး ထိခိုက်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးမှုရှိကြောင်း သိရသည်။
ဇူလိုင်၂၆ ရက်မှစ၍ ရိက္ခာတင်သင်္ဘော ၆ စီးနှင့် စစ်သင်္ဘော ၃ စီး ပါ ရေယာဉ်အုပ်စုသည် လက်နက်ခဲယမ်း ရိက္ခာ များနှင့်အတူ အင်အား ၁၀၀ ကျော်ကို တင်ဆောင်ကာ ဗန်းမော်သို့ ဧရာဝတီမြစ်အတိုင်း တက်လာရာ စဉ့်ကူးမြို့ အကျော် ကျောက်မြောင်းမြို့ နှင့် သပိတ်ကျင်းကြား၌ တိုက်ခိုက်ခံ ရခြင်း ဖြစ်ကြောင်း သပိတ်ကျင်းတိုက်နယ် အခြေပြုအဖွဲ့ဖြစ်သည့် ဗိုလ်လင်းယုန်တပ်ဖွဲ့က ဆိုသည်။
ဗိုလ်လင်းယုန်တပ်ဖွဲ့မှ ပြန်ကြားရေး တာဝန်ခံတဦးက “သူတို့က မြို့နယ်ထဲကို ပစ်ပြီး ဝင်လာတာ။ မြစ်ဘေး ဝဲယာ၂ ဖက်လုံးကို ပစ်တာ။ ကျနော်တို့အဖွဲ့တွေရှိတဲ့နေရာ အရောက်မှာ ကျနော်တို့က ပြန်ပြီး ပစ်တာပေါ့” ဟု ပြောသည်။
ဇူလိုင်၂၇ ရက်တွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များက ၄၀ မမ၊ RPG များသုံးကာ ကျောက်မြောင်းမြို့ အထက်ပိုင်းမှ စ၍ သပိတ်ကျင်းဆိပ်ကမ်း မရောက်ခင်အထိ ၈ ကြိမ် တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သဖြင့် ပျက်စီးခဲ့သည့် သင်္ဘော၂ စီးကို အခြားသင်္ဘောများဖြင့် တွဲ၍ သပိတ်ကျင်းဆိပ်ကမ်းသို့ မောင်းနှင်သွားသလို တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ်ဖွဲ့ ဝင်များ သေဆုံးမှုရှိကြောင်း သိရသည်။
ထို သင်္ဘော၂ စီးကို သပိတ်ကျင်းဆိပ်ကမ်း၌ ပြန်လည်ပြုပြင်နေစဉ် ဇူလိုင်၂၈ ရက်တွင် ကာကွယ်ရေးတပ်ဖွဲ့များက ထပ်မံ ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ရာ ဗိုလ်ကြီးအဆင့် ၁ ဦး သေဆုံးပြီး၊ ဒဏ်ရာရတပ်ဖွဲ့ဝင်များလည်းရှိ ကြောင်း ဗိုလ်လင်းယုန်တပ်ဖွဲ့က ဆိုသော်လည်း သေဆုံးမှုများကို ဧရာဝတီအနေဖြင့် သီးသန့် အတည်ပြုနိုင်ခြင်း မရှိ သေးပေ။
အဆိုပါ တိုက်ခိုက်မှုများကို ဗိုလ်လင်းယုန်တပ်ဖွဲ့၊ Nine PDF တပ်ဖွဲ့၊ ဗိုလ်မိုးကြိုးတပ်ဖွဲ့၊ ခင်ဦးပကဖ တပ်ရင်း ၃ နှင့် KB- 4 တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသလို အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၊ ကာကွယ်ရေး ဝန်ကြီးဌာနကလည်း ဇူလိုင်လ ၂၈ ရက်တွင် ကျောက်မြောင်းဆိပ်ကမ်းနှင့် သပိတ်ကျင်း ဆိပ်ကမ်းကြား တနေရာတွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF) အမှတ် ၅၀၉ တပ်ရင်း၊ ရွှေဘိုခရိုင် တပ်ရင်း ၃၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (သပိတ် ကျင်း) နှင့် Nine PDF တို့ ပူးပေါင်းကာ လက်နက်ကြီးများနှင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
အဆိုပါ စစ်သင်္ဘောအုပ်စုသည် မြစ်ကြောင်း ဝဲယာတလျှောက် လက်နက်ကြီး၊ လက် နက်ငယ်များဖြင့် ပစ်ခတ်၍ တက်လာခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
သပိတ်ကျင်းမြို့နယ် ဒေသခံတဦးက “သူတို့လာတဲ့အချိန်မှာ ပစ်ခတ်လို့ ပြည်သူတွေ ထိတာရှိတယ်။ သပိတ်ကျင်းမြို့ နယ်ထဲမှာ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်လို့ ဧရာဝတီမြစ် အရှေ့ခြမ်း၊ အနောက်ခြမ်းမှာရှိတဲ့ ထောင်နဲ့ချီတဲ့ ပြည်သူ တွေ တိမ်းရှောင်ကြတယ်။ အခုချိန်ထိ မပြန်နိုင်ကြသေးဘူး” ဟု ပြောသည်။
ဇူလိုင်၂၆ ရက်တွင် အဆိုပါ ရေယာဉ်တန်းမှ ပစ်ခတ်မှုကြောင့် မတ္တရာမြို့နယ်၊ စိန်ပန်းကုန်းကျေးရွာမှ သားအမိ ၂ ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ထို့ပြင် ဧရာဝတီမြစ် အရှေ့ခြမ်းသပိတ်ကျင်းမြို့နယ်ရှိ ကိုးပင်၊ ပုတီးဖြူ၊ မင်းကုန်း၊ ဆယ်ဇင်းကုန်း၊ လက်ပံကုန်း အစရှိ သည့် ကျေးရွာများကိုလည်း စစ်တပ်က အင်အား ၁၀၀ ကျော်ဖြင့် ခြေလျင်စစ်ကြောင်းထိုးနေပြီး လက်နက်ကြီးဖြင့် ပစ်ခတ်မှုများလည်း ရှိနေသဖြင့် ပြည်သူ ထောင်နှင့်ချီ စစ်ဘေးရှောင်နေရကြောင်း စစ်ရှောင်အရေး ကူညီပေးနေသူ များထံက သိရသည်။
အဆိုပါ စစ်ကြောင်းက တပ်ဖွဲ့ဝင်များသည် ဇူလိုင်၂၉ ရက်ကလည်း လက်ပံကုန်းကျေးရွာအား စီးနင်းပြီး အိမ်တံခါးများ ဖျက်ဆီးဝင်ရောက်ကာ ပစ္စည်းများ ယူဆောင်ခဲ့သလို နေအိမ်၂ လုံးကိုလည်း မီးရှို့ခဲ့ကြောင်း ဒေသခံများက ဆိုသည်။
ရေကြောင်းမှ သင်္ဘောများကိုသာမက အဆိုပါသင်္ဘောများကို အကာအကွယ်ပေးရန် ကုန်းကြောင်းမှလာသည့် စစ် ကောင်စီယာဉ်တန်းကိုလည်း ဇူလိုင်၂၉ ရက်က သပိတ်ကျင်းမြို့နယ်၊ ရေအိုးစင်နှင့် ရှားတောရွာအနီး၌ ပြည်သူ့ကာ ကွယ်ရေးအဖွဲ့ (ကြာညှပ် PDF) က မိုင်းဆွဲတိုက်ခိုက်ခဲ့မှုများ ပြုလုပ်ခဲ့သည်။
PDF တပ်ဖွဲ့များ၏ အပြင်းအထန် တိုက်ခိုက်ခံရသော ၉ စီးပါသော ရေယာဉ်တန်းသည် သပိတ်ကျင်းမြို့နယ်ရှိ ကြာ ညှပ်ဆိပ်ကမ်းမှ ယနေ့နံနက် ၆ နာရီကတည်းက ဧရာဝတီမြစ်ကြောင်းတလျှောက် ထွက်ခွာသွားပြီ ဖြစ်ကြောင်း သိရ သည်။
ပြီးခဲ့သည့်၂၀၂၂ ခုနှစ် ဩဂုတ်လအတွင်းကလည်း မန္တလေးမှ ဗန်းမော်အထိသွားလာသော စစ်ကောင်စီရေယာဉ်တန်း သည် မတ္တရာမြို့နယ်မှစတင်ကာ ဧရာဝတီမြစ်ကမ်းတလျှောက်ကျေးရွာများကို ဆိုက်ကပ်ပြီး စီးနင်းဝင်ရောက်၍ ပစ္စည်း များ ယူဆောင်ခြင်း၊ နေအိမ်များ မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။
You may also like these stories:
ပျူစောထီးရွာတွေကို ပစ်မှတ်ထား တိုက်ခိုက်မှု အရှိန်ပိုမြင့်လာ
စစ်တပ်က အင်အား ၄၀၀ ကျော်ဖြင့် ကန်ပက်လက်ကို ထိုးစစ်ဆင်နေ