စစ်ကိုင်းတိုင်း ရေဦးမြို့နယ်၊ ခင်ဦးမြို့နယ်၊ ဒီပဲယင်းမြို့နယ်နှင့် ရွှေဘိုမြို့နယ်တို့တွင် ဇူလိုင် ၃၁ရက် ညပိုင်းက စစ်ကောင် စီ တပ်ဖွဲ့ စစ်ကြောင်း၂ ကြောင်းဖြင့် တပြိုင်တည်း ဝင်ရောက်လာခြင်းကြောင့် ရွာပေါင်း ၃၀ ကျော်မှ ဒေသခံ ၁ သောင်း ကျော်ထိ အရေးပေါ် စစ်ဘေးရှောင်ခဲ့ရကြောင်း ဒေသခံသတင်းရင်းမြစ်များထံက သိရသည်။
ရွှေဘိုမြို့နယ်မှ ထူးကြီး၊ တယ်ပင်၊ ပေါက်ချိုင်၊ ရွာစိုး၊ သပြေကန်၊ စည်ပင်သာ၊ ဝါးရုံကန်၊ သံပုရာခြံ၊ ဆိပ်ခွန်၊ နံ့သာ၊ တင့်တယ်၊ သန်းတော၊ ကျောက်မြင့်၊ ဆိပ်သာ၊ ထန်းဇင်၊ ပုဏ္ဏားကုန်းကျေးရွာများ၊ ရေဦး မြို့နယ်မှ မူးသာကုန်း၊ ရွာသာလေး၊ ကုက္ကိုစု၊ ပေါက်သာ၊ ဆည်ကြီး၊ ပိဋကတ်ကျ၊ ဇိန်ဇွန်း၊ ချောင်းပေါက်ကျေးရွာများ၊ ဒီပဲယင်းမြို့နယ်မှ အောင်ချမ်းသာ၊ သရက်တော၊ မဲအိုး၊ လက်ယက်ကုန်း၊ မူးခတွင်း၊ ညောင်ကြီးကုန်း၊ နဘဲလှ၊ ကံကုန်း၊ ဝဲကြီး၊ ညောင်လှ၊ သပြေသာ၊ လက်ဆည်၊ ကုန်းကြီးကျေးရွာများနှင့် ခင်ဦးမြို့နယ်မှ မူးသာ၊ ကျီးအိုင်ကျေးရွာများ အပါ အဝင် ၇ ရွာခန့်မှ ဒေသခံများဖြစ်ကြောင်း သိရသည်။
ရေဦးမြို့နယ် People’s Defense Comrade ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော် က “မနေ့ညက ရွှေဘို အနောက် ခြမ်း ဆိပ်ခွန်ကနေထွက်လာတဲ့ စစ်ကြောင်းက ထန်းဇင်နဲ့ ပုဏ္ဏားကုန်းရွာတွေကို ဝင်စီးတယ်၊ အဲဒီလို စစ်ကြောင်းထိုး လာတာကြောင့် ဒီပဲယင်းနယ်ဘက်ကို ထွက်ပြေးခဲ့ကြရတာ၊ နောက်ပြီးတော့ ရေဦးကနေထွက်တဲ့ စစ်ကြောင်းက လည်း ရေဦးနယ်တောင်ဘက်ခြမ်းကို စထိုးလို့ ရွာ ၁၀ လောက် ပြေးကြရတယ်၊ ပြီးတော့ ဒီပဲယင်းအရှေ့ခြမ်းက ရွာ ၁၀ ရွာလောက်လည်း ထွက်ပြေးကြရတယ်၊ အရေးပေါ်စစ်ရှောင်ကြတာ ၁ သောင်း ကျော်ထိ ရှိတယ်” ဟု ပြောသည်။
စစ်ကြောင်းထိုးမှုအနေဖြင့် ရေဦးမြို့မှ ထွက်လာသော အမှတ် ၄ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံ မှော်ဘီ အခြေစိုက် ခမရ ၇၀၂၊ တိုက်ကြီးအခြေစိုက် ခမရ ၇၀၈ စစ်ကြောင်းနှင့် ရွှေဘိုမြို့မှ ထွက်လာသော စစ်ကြောင်းများဟု သိရသည်။
ကိုထူးခန့်ဇော်က ဆက်လက်၍ “ရေဦးကနေ ကားကြီး ၄ စီး အင်အား ၁၅၀ လောက်နဲ့ ည ၉ နာရီခွဲလောက်က ထွက် လာတဲ့ စစ်ကြောင်းက ရေဦးမြို့တောင်ဘက် မူးသာကုန်းမှ ချထားပေးခဲ့ပြီး အဲဒီစစ်ကြောင်းက လက်နက်ကြီး၊ လက် နက်ငယ်တွေနဲ့ ပစ်ခတ်ပြီး ထွက်လာကြတာမို့ ရာသီဥတု မကောင်းတဲ့ကြားထဲ မိုးထဲရေထဲ ညကြီး ထွက်ပြေးကြရတာ။ ပြီးတော့ စစ်ကြောင်းထွက်တဲ့အချိန် ရေဦးတိုင်းရင်းဆေးရုံမှာ အထိုင်ချထားတဲ့ တပ်က လက်နက်ကြီးတွေနဲ့ အရင် ပစ်ကူပေးတယ်၊ အဲဒီလို လက်နက်ကြီးနဲ့ ပစ်တာကြောင့် ခင်ဦးအနောက်ခြမ်း မူးသာရွာဘေးကို ကျတယ်၊ ထိခိုက်မှု တော့ မရှိဘူးလို့ သိရတယ်”ဟု ပြောသည်။

ထို့ပြင် ရွှေဘိုမြို့မှ ထွက်လာသော စစ်ကြောင်းသည် ရွှေဘိုမြို့နယ်အနောက်ခြမ်းသို့ ဇူလိုင် ၂၉ ရက်က စတင် စစ်ကြောင်းထိုးပြီး ဇူလိုင် ၃၁ ရက်တွင် ဆိပ်ခွန်ရွာရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းကာ ဆက်လက် စစ်ကြောင်း ထိုးခဲ့ခြင်းဟု သိရသည်။
ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ကူညီရေးအဖွဲ့က “ကျနော်တို့ နယ်ဘက်တွေက အမြဲတမ်းစစ်ရှောင်တွေမျိုး မဟုတ်တော့ အရေးပေါ်မို့ တတ်နိုင်သလောက်တော့ ကူညီပေးရပါတယ်၊ စစ်ကြောင်းထွက်တာနဲ့ ကိုယ့်ရွာကိုယ် ပြန်ကပ်ကျတာမျိုးပေါ့။ အဲဒီလို အခြေအနေကြောင့် ကျနော်တို့မှာက ရန်ပုံငွေအားနည်းတယ်၊ အခုစစ်ရှောင်တွေ ရက်ကြာသွားမယ်ဆိုရင်တော့ လမ်းတွေက ပိတ်ထားတာမို့ ဟင်းသီးဟင်းရွက်တွေနဲ့ စားရေရိက္ခာတွေ အခက်အခဲ ဖြစ်လာနိုင်ပါတယ်” ဟု ပြောသည်။
ထိုသို့ စစ်ကြောင်းထိုးရာတွင် ပြေးလမ်းတလမ်းထဲရှိသော ရွှေဘို-မူးကမ်းကြီး-အရာတော်လမ်းကို ပိတ်၍ စစ်ကြောင်း ထိုးနေခြင်းကြောင့် ပြေးလမ်းမရှိတော့သဖြင့် ဒီပဲယင်းမြို့နယ်အနောက်ခြမ်းသို့ စစ်ဘေးရှောင်လာကြရခြင်းဟု သိရ သည်။
“ရွှေဘို-မူးကမ်းကြီး-အရာတော်လမ်းကို စစ်တပ်က ပိတ်ပြီး စစ်ကြောင်းထိုးတာမို့ တလမ်းပဲရှိတဲ့ ပြေးလမ်းက ပိတ် သွားတော့ စစ်ရှောင်က အခုလောက်ထိ များသွားတာပါ။ ရွှေဘိုအနောက်ခြမ်းဘက်ကနေ ရှောင်တိမ်းလာတာတွေအ ပြင် ရေဦး၊ ခင်ဦးဘက်ကပါ ပေါင်းမယ်ဆိုရင် တသောင်းကျော်ထိ ရှိနေပါတယ်၊ ရွှေဘိုအနောက်ခြမ်းကတော့၂၉ ရက် ကတည်းက စပြီး ရှောင်လာကြရတာ၊ အဓိကတော့ ဆိပ်ခွန်အထိုင်မှာ အင်အားထပ်ဖြည့်ပြီးတော့ ရွာတွေကို ဆက် တိုက်ပတ်မွှေနေတာ၊ ကျနော်တို့ကတော့ စစ်ရှောင်တွေအတွက် အဓိကစားနပ်ရိက္ခာတွေကို ပံ့ပိုးကူညီပေးထားပါ တယ်” ဟု ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ကူညီရေးအဖွဲ့က ပြောသည်။
ယနေ့တွင် စစ်ကောင်စီ၏ စစ်ကြောင်းများသည် ရေဦးတောင်ခြမ်း၊ ဇိန့်ဇွန်းကျေးရွာအနီးဝန်ကျင်၌ အထိုင်ချ တပ်စွဲ ထားသလို ရေဦးနယ်တောင်ခြမ်းနှင့် ဒီပဲယင်းအရှေ့ခြမ်းရှိ ကျေးရွာများအနေဖြင့်လည်း လက်နက်ကြီးအန္တရာယ်နှင့် လွတ်ကင်းနိုင်မည့် ၅ မိုင်ခန့်အကွာထိ တိမ်းရှောင်နေထိုင်ကြရန်အတွက်လည်း တော်လှန်ရေးအင်အားစုများက သတိပေးထားသည်။