မန္တလေး- မြစ်ကြီးနားလမ်းပိုင်းတွင် ရထားလမ်းပိုင်း ပြင်ဆင်ခြင်းလုပ်ငန်းများ လုပ်ဆောင်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ပြည်သူ့ကာကွယ်ရေးတပ်များက ဆက်တိုက် တိုက်ခိုက်မှုများ လုပ်နေ ကြောင်း တော်လှန်ရေး အင်အားစုများထံက သိရသည်။
စစ်ကောင်စီသည် မန္တလေး- မြစ်ကြီးနား ရထားလမ်းပြင်ဆင်မှုကို စစ်ကိုင်းမြို့၊ ရွာထောင်ဘူတာမှ စတင်၍ ပြင်ထိန်းရထား တွဲများနှင့်အတူ လုံခြုံရေး လိုက်ပါဆောင်ရွက်သည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များအပါ အင်အား ၁၅၀ ခန့်ဖြင့် သြဂုတ်လ ဒုတိယ ပတ်အတွင်းမှစတင်ခဲ့ပြီး ၂ လကြာ စီမံကိန်းအဖြစ် ဆောင်ရွက်နေခြင်းဖြစ်သည်။
Non CDM မီးရထားဝန်ထမ်း အရာရှိတဦးက “ရထားလမ်းပိုင်းပြင်တဲ့အဖွဲ့တွေကို နေ့တိုင်းနီးပါးလောက် တိုက်ခိုက်ခံနေရ တာရှိတယ်၊ အများဆုံးကတော့ ဒရုန်းနဲ့ ဗုံးကြဲတာ။ ရွာထောင်ဘူတာကနေ စပြင်နေရတာပါ၊ အခုက ရွှေဘိုလောက်ထိကို ပြေးမယ်ဆိုပြီးတော့ လုပ်နေတာမျိုးပေါ့။ လက်ရှိမှာက ဝက်လက်နယ်ထဲမှာတင် တော်တော်အဆင်မပြေတာမျိုးတွေဖြစ် နေတယ်၊ စက်ခေါင်း၊ တွဲဆိုင်း၊ ရဲ၊ တပ်၊ ဂျန်ပါတွေပါ သုံးပြီး လုပ်ဆောင်နေပေမယ့် ဆက်တိုက် တိုက်ခိုက်ခံနေရတော့ အခုက ၃ ရက် တခါလောက်ကို နန်းတွင်း စစ်ဆေးရုံထဲ လူနာ ပို့နေရတယ်” ဟု ပြောသည်။
မန္တလေး- မြစ်ကြီးနား ရထားလမ်းပိုင်း ပြင်ဆင်ခြင်းကို စစ်တပ်လုံခြုံရေးယူ၍ လုပ်ဆောင်နေခြင်း ဖြစ်ပြီး နေ့စဉ်တိုက်ခိုက်ခံ နေရသည့်အတွက် ရွှေဘိုသို့ပင် ရောက်ရှိရန် မလွယ်ကြောင်း ၎င်းက ဆိုသည်။
ယင်းသို့ လမ်းပြင်ရာ၌ လုံခြုံရေးအဖြစ် လိုက်ပါဆောင်ရွက်နေသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကလည်း ရထားလမ်း ဘေး ဝဲယာမှ ကျေးရွာများအား စစ်ကြောင်းထိုး ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံများအား ဖမ်းဆီး သတ်ဖြတ်ခြင်းများ လည်း ပြုလုပ်နေကြောင်း သိရသည်။
စစ်ကိုင်းမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် တဦးက “သံလမ်းက စစ်ကိုင်း ရွာထောင်ကနေစပြီး ပြင်လာကြတာ၊ သူတို့ ကတော့ ပြည်သူတွေ ခရီးသွားလာရေးအတွက်လို့ စကားလုံးလှလှလေးတွေ သုံးနေပေမယ့် လက်ရှိမှာကို ပြင်ဆင်နေရင်း နဲ့ စစ်တပ်အတွက် ရိက္ခာ၊ လက်နက်ခဲယမ်းတွေ သယ်လာတာမျိုး တွေ့နေရတယ်။ ဒါကြောင့် သူတို့ ရထားလမ်းပြင်နေ တာက မြစ်ကြီးနားအထိကို ထောက်ပို့လုပ်ဖို့အတွက်လို့ပဲ သုံးသပ်ပါတယ်” ဟု ပြောသည်။
ထိုလမ်းပိုင်းပြင်ဆင်ခြင်းမှာ စစ်ကောင်စီ၏ ထောက်ပို့လုပ်ငန်းများ၌ အသုံးပြုရန် ရည်ရွယ်သည်ဟု တော်လှန်ရေး အင်အားစုများက သုံးသပ်ထားကြပြီး ရထား မပြေးဆွဲရေးအတွက် သံလမ်းများကို ဖြုတ်၍ လမ်းပိုင်းဖြတ်တောက်ထားခြင်းများ နှင့်အတူ မိုင်းဆွဲတိုက်ခိုက်ခြင်း၊ ဒရုန်းဖြင့် မိုင်းချတိုက်ခိုက်ခြင်းများကိုလည်း ဆက်တိုက်ပြုလုပ်လျက်ရှိကြောင်း ၎င်းက ဆိုသည်။

ဝက်လက်မြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “ရထားလမ်းကို ပြင်ရင်းနဲ့ လာတာမှာလည်း သံလမ်းဘေးဝဲယာ က ရွာလေးတွေကို ဝင်စီးပြီး မီးရှို့တာတွေ၊ ဒေသခံတွေကို ဖမ်းဆီးပြီး သတ်ဖြတ်တာတွေ၊ အလုပ်ခိုင်းတာတွေလည်း လုပ် နေကြတာရှိတယ်။ ပြီးတော့ ရွာတွေကို ဝင်စီးပြီး ရိက္ခာရှာဖွေတာမျိုးတွေလည်း ရှိတယ်။ သိရသလောက် သူတို့ ရိက္ခာ ဖြတ်တောက်နေကြတာမျိုးပဲ။ ထောက်ပို့လမ်းကြောင်းအဖြစ် အသုံးပြုနေတာမို့ ကျနော်တို့အဖွဲ့တွေက လမ်းကြောင်းဖြတ် တောက်ထားတာ ရှိတယ်။ သူတို့ကလည်း ပြင်လိုက်သွားလိုက်နဲ့ သွားနေကြတာ” ဟု ပြောသည်။
ယခုအခါ မန္တလေး- မြစ်ကြီးနား ရထားလမ်းပိုင်းပြင်ဆင်နေမှုအဖြစ် ပြင်ထိန်း ရထားတွဲဆိုင်း ၇ တွဲခန့်ဖြင့် ဝက်လက်မြို့နယ် သုံးဆင့်ကန်ဘူတာအထိ ရောက်ရှိနေပြီး မန္တလေး- မြစ်ကြီးနား ရထားလမ်းပိုင်းတော်လှန်ရေးအင်အားစုများ၏ တိုက်ခိုက် နေမှုကြောင့် ရှေ့ဆက်မရဘဲ ဖြစ်နေကြောင်း သိရသည်။
“ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ရထားလမ်းဘေးဝဲယာမှာ ခြုံတွေရှိနေတာကို ကျနော်တို့ဆီက ကလေးတွေက ခုတ်ထွင် ရှင်းလင်း တာတွေ လုပ်ကြတယ်။ အဲဒီမှာ မိုင်းကွဲပြီးတော့ ပွဲချင်းပြီး၂ ယောက်၊ ခြေထောက် ၂ ဖက်လုံး ဖြတ်ရတာက ၂ ယောက်ရှိ တယ်။ ပြောချင်တာက ကျနော်တို့ဆီက အလုပ်သမားတွေက မိုင်းပေါက်ကွဲတယ်ဆိုတာကို ရုပ်ရှင်တွေထဲမှာပဲ တွေ့ဖူးကြ တာလေ၊ အဲဒီလို ဖြစ်စဉ်တွေက ရထားလမ်းစတဲ့အချိန်က စပြီး ၃ ရက်တခါလောက် ဖြစ်နေတာ၊ လုံခြုံရေးဆိုပြီး လိုက်လာ တဲ့သူတွေက လုံခြုံတဲ့နေရာမှာ နေကြတော့ ကျနော်တို့ဆီက ထိခိုက်တာတွေ ပိုများနေတယ်” ဟု Non CDM မီးရထား ဝန်ထမ်း အရာရှိက ဆက်ပြောသည်။
ထိုသို့သော တိုက်ခိုက်ခံနေရသည့်အခြေအနေများကြောင့် စစ်ကိုင်းတိုင်း မြန်မာ့မီးရထားမှ တိုင်းအဆင့်အရာရှိများနှင့် မီးရထားအင်ဂျင်နီယာဌာနဘက်မှ လက်ရှိအခြေအနေများကြောင့် မီးရထားလမ်းပြင်ဆင်မှုကို ရပ်နားရန် တင်ပြသော်လည်း အထက်အဆင့်များ၏ ဖိအားပေးမှုများ ကြောင့် ဆက်လက် လုပ်ဆောင်နေရကြောင်း ၎င်းက ဆိုသည်။

ရထားလမ်းပြင် လုံခြုံရေးအဖြစ် လိုက်ပါလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် စစ်ကိုင်း၊ ဝက်လက်မြို့နယ်များမှ မန္တလေး- မြစ်ကြီးနား မီးရထားလမ်းဘေးကျေးရွာများဖြစ်သည့် စမွန်း၊ ကျွန်းဦးတော၊ ခက်ခ၊ ထန်းကြီး၊ ထုံးဘိုလေး၊ စခန်း သာ၊ ဆားတောင်ကြီး၊ ဖိုးဝင်းတပ်၊ မင်းတုန်းကြီး၊ ပေါက်ကံ၊ ပေါက်ကံရွာမ၊ ညောင်ပင်၊ သာဇင်၊ ထန်းတောဆိပ်ကျေးရွာ များမှ နေအိမ် ၁၅၀ ခန့်ထိ မီးရှို့ဖျက်ဆီးခဲ့သလို၊ ထန်းတောဆိပ်ကျေးရွာမှ ခေါင်းဖြတ်သတ်ခံရသူ ၅ ဦး၊ ကျွန်းဦးတောကျေး ရွာမှ မီးရှို့ခံထားရသည့် ရုပ်အလောင်း ၃ လောင်း၊ ရက်ရက်စက်စက် သတ်ဖြတ်ခံထားရသည့် ရုပ်အလောင်း ၂ လောင်း အပါအဝင် ဒေသခံပြည်သူ ၁၅ ဦးခန့်ထိ သတ်ဖြတ်ခဲ့ကြောင်း တော်လှန်ရေး အင်အားစုများက ဆိုသည်။
ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တခုမှ ဗိုလ်မြေသြဇာက “ရထားကို လုံး၀ အထိမခံဘဲ အင် အား ၁၅ ယောက်လောက်နဲ့ ရှေ့ပွိုင့်ကြိုထွက်ပြီးမှ ရထားနဲ့ နောက်က လိုက်နေကြတာ၊ သူတို့ ရထားလမ်းပြင်တဲ့လုပ်ငန်း ရှေ့မဆက်နိုင်အောင် ကျနော်တို့အဖွဲ့တွေက ရသမျှနည်းလမ်းနဲ့ တိုက်ခိုက်နေကြတာ၊ အဲဒါကြောင့်လည်း ထင်သလောက် ခရီးမပေါက်ဘဲ တရွေ့ရွေ့သွားနေကြရတာ၊ လက်ရှိမှာ သုံးဆင့်ကန်ဘူတာကို ရောက်နေပြီးတော့ မကျော်နိုင်သေးဘူး” ဟု ပြောသည်။
ထို့ပြင် မန္တလေး- မြစ်ကြီးနား မီးရထားလမ်းဘေးကျေးရွာများမှ ဒေသခံများမှာလည်း စစ်ဘေးရှောင်ခဲ့ကြရသလို ဖမ်းဆီး ခံရသူများအား ရထားလမ်းပြင်လုပ်ငန်းများတွင် ခိုင်းစေမှုများ ရှိနေသလို ဖမ်းခေါ်သွားပြီး ပြန်မလွတ်ကြသေးသူများ၊ ပျောက်ဆုံးနေသူများလည်းရှိနေကြောင်း Wetlet Informational Network က သိရသည်။
မန္တလေး- မြစ်ကြီးနား မီးရထားလမ်းပိုင်းတွင် ပါဝင်နေသည့် ကန့်ဘလူ၊ ကျွန်းလှ၊ ကောလင်း မြို့နယ်များတွင် ရထားလမ်း ပြင်ဆင်နိုင်မှု မရှိသေးဘဲ အချို့နေရာများတွင် သံလမ်းများပင် မရှိတော့ဘဲ ပျက်စီးနေကြောင်း၊ တံတားများလည်း ဖျက် ဆီးခံထားရသလို ဘူတာရုံအချို့လည်း မီးလောင်ပျက်စီးမှုများ ရှိနေကြောင်း သိရသည်။

ကန့်ဘလူမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ ဆက်သွယ်ရေး တာဝန်ခံက “ကျနော်တို့ဘက်ကိုတော့ ရထားလမ်း ပြင်ဆင် တာမျိုးတွေ မရှိသေးပါဘူး။ ရှိထားတဲ့ သံလမ်းတွေလည်း ခြုံတွေနဲ့ ပိတ်တာပိတ်၊ ပျက်တာ ပျက်နေတဲ့အပြင် ဘူတာရုံ အချို့လည်း မီးရှို့ဖျက်ဆီးခံထားရတာတွေ ရှိတယ်။ အကယ်၍ ကျနော်တို့ဘက်ထိ ရထားလမ်းပြင်ဆင်တာမျိုးတွေ ရောက် လာရင်လည်း အောက်ပိုင်းက အဖွဲ့တွေလိုပဲ တိုက်ခိုက်သွားဖို့ ပြင်ဆင်ထားကြပါတယ်။ အဓိက ရိက္ခာနဲ့ လက်နက်ခဲယမ်း တွေ ထောက်ပို့ မလုပ်နိုင်အောင်ပါပဲ” ဟု ပြောသည်။
မန္တလေး- မြစ်ကြီးနား ရထားလမ်းပိုင်းတွင် ပါဝင်နေသည့် ကချင်ပြည်နယ်မှ လမ်းပိုင်း အချို့ပြင်ဆင်မှုကို မြစ်ကြီးနာမှ မိုးကောင်းအထိ ပြေးဆွဲနိုင်ရန် ပြင်ဆင်ထားပြီး ဖြစ်ကြောင်း သိရသည်။
မန္တလေး- မြစ်ကြီးနား ရထားလမ်းပိုင်းသည် မိုင်ပေါင်း ၃၄၀ ကျော် ရှည်လျားပြီး မန္တလေးမြို့မှ ထွက်လျှင် စစ်ကိုင်းတိုင်းအ တွင်းရှိ စစ်ကိုင်း၊ ဝက်လက်၊ ရွှေဘို၊ ခင်ဦး၊ ကန့်ဘလူ၊ ကျွန်းလှ၊ ကောလင်း၊ ဝန်းသို၊ မော်လူးမြို့နယ်များနှင့် ကချင်ပြည်နယ် အတွင်းရှိ မိုးညှင်း၊ ဟိုပင်၊ မိုးကောင်း၊ မြစ်ကြီးနားမြို့နယ်များကို ဖြတ်သန်းဖောက်လုပ်ထားခြင်းဖြစ်သည်။
အဆိုပါ ရထားလမ်းပိုင်းအား မြန်မာ့မီးရထားမှ ဝန်ထမ်းအင်အား ၄ ထောင်ခန့်ဖြင့် လည်ပတ်ခဲ့ပြီး စစ်တပ်က အာဏာ သိမ်းပြီးနောက် အထက်မြန်မာပြည်ရှိ မီးရထားဝန်ထမ်းများ အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)တွင် ပါဝင်ခဲ့ ကြသဖြင့် ရထား မပြေးဆွဲနိုင်ခဲ့သည်မှာ၂ နှစ်ခွဲခန့် ရှိနေပြီဖြစ်သည်။
စစ်တပ်အာဏာသိမ်းမှုကြောင့် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် မြန်မာ့မီးရထားမှ အမှုထမ်း၊ အရာ ထမ်း ၉၀၀၀ ခန့်အထိ ပါဝင်ခဲ့ကြသော်လည်း အကြောင်းအမျိုးမျိုးဖြင့် လုပ်ငန်းခွင် ပြန်ဝင်ကြရသည့် ဝန်ထမ်းများလည်း ရှိနေကြောင်း သိရသည်။
You may also like these stories:
ကားလမ်းပြန်ဖွင့်သော်လည်း တမူး၌ ကုန်ဈေးနှုန်းများ မြင့်နေဆဲ
မိုးကုတ်တွင် စစ်တပ်နှင့် TNLA တိုက်ပွဲ အရှိန်ပိုမြင့်လာ














