နှစ်ဘက် တိုက်ပွဲကြောင့် သုံးလကျော် ပိတ်ထားသည့် စစ်ကိုင်းတိုင်းရှိ ကလေး- တမူး ကားလမ်းကို စက်တင်ဘာ ၁၁ ရက် က ပြန်ဖွင့်ပေးခဲ့သော်လည်း လမ်းမကောင်း၍ ကုန်ကားများ အဝင်နည်းခြင်း၊ လုံခြုံရေးအခြေအနေနှင့် ဂိတ်များ၌ ပိုက်ဆံ ပေးရခြင်းတို့ကြောင့် တမူးနယ်တွင် ကုန်ဈေးနှုန်းများမှာ ဆက်တက်နေကြောင်း ဒေသခံများထံမှ သိရသည်။
တမူးဒေသခံတဦးက “ကုန်ဈေးနှုန်းဆိုတာက တက်ပြီးရင် ပြန်မကျဘူး ဆိုတဲ့အတိုင်း စားကုန်တွေ ဈေးပြန်မကျသေးဘူး။ ကြက်ဥဆိုလည်း ၁ လုံး ၆၀၀ ကျပ် ထက်ပြန်မကျဘူး။ ကော်ဖီ ၊ ခေါက်ဆွဲ အကုန်ဈေးတက်နေတုန်းပဲ အဓိကတော့ တမူး ကို မန္တလေးမြို့ ကနေ တက်လာတဲ့ ကုန်ကားတွေလည်း မဟာမြိုင်လမ်းမှာ ကားလမ်း ပျက်ပြီးတော့ ပိတ်မိနေတာကြောင့် လို့ပြောတယ်” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိတွင် တမူးမြို့နယ်အတွင်း ဆန် ၁အိတ်လျှင် ၁၅၀,၀၀၀ ကျပ် ၊ ဓါတ်ဆီ ၁ လီတာလျှင် ၆,၀၀၀ ကျပ် ၊ ကြက်ဥ ၁ လုံးလျှင် ၆၀၀ ကျပ် ၊ နို့ဆီ ၁ ဗူးလျှင် ၄,၀၀၀ ကျပ် ရှိသည်။
ထို့အပြင် ကလေး- တမူး ကားလမ်းတလျှောက်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များတွင် ဆက်ကြေးများ ပေးဆောင်ရ ခြင်းကလည်း သယ်ယူစရိတ် မြင့်နေရခြင်းဖြစ်ကြောင်း ကလေး-တမူး ပြေးဆွဲနေသည့် ကားပိုင်ရှင်တဦးက ပြောသည်။
၎င်းက “ကားလမ်းတလျှောက် ဂိတ်တိုင်းမှာ ကျနော်တို့ အစစ်ဆေးခံရတယ်။ အဓိက ပိုက်ဆံပေးရတာက စစ်ကောင်စီ ဂိတ်တွေမှာ ပေးရတာ။ ကား ၁ စီးကို ၃၀,၀၀၀ ကျပ်က နေ ၅၀,၀၀၀ အထိပေးရတယ်။ PDF ဂိတ်တွေမှာလည်း ပေးရတာတော့ ရှိတယ်။ ဒါပေမယ့် PDF ဂိတ်မှာတော့ လက်ဖက်ရည်ဖိုး နည်းနည်းပါးပါးပဲ ပေးရတာ။ တချို့ကားသမားတွေ ကလည်း ပိုက်ဆံမတောင်းရင်လည်း စေတနာနဲ့ ပေးတာတွေလည်းရှိတယ်။ သူတို့ကတော့ အရမ်းကြီးတောင်းတာမျိုး မရှိဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ယခုကဲ့သို့ မိုးကာလတွင် အိန္ဒိယ-မြန်မာနယ်စပ်ရှိ တမူးမြို့သို့ သွားရန်မှာ ကလေး-တမူးလမ်းကိုသာ အဓိက အသုံးပြုရပြီး အဆိုပါ ကားလမ်းတလျှောက်တွင် စစ်ကောင်စီ စစ်ဆေးဂိတ် ၄ ခု အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် များဘက်ကလည်း လုံခြုံရေး အခြေအနေပေါ် မူတည်ပြီး စစ်ဆေးဂိတ်များထားရှိသောကြောင့် ကားလမ်းမတလျှောက် စုစုပေါင်း စစ်ဆေးရေးဂိတ် ၁၀ ခု နီးပါးရှိကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကိုင်တိုင်း ၊ ရေဦးခရိုင်၊ တန့်ဆည်မြို့နယ်နှင့် ကလေးခရိုင် ၊ ကလေးဝမြို့နယ်ကို ဆက်သွယ်ထားသော မဟာမြိုင် ကားလမ်းသည် ယခုလအတွင်း ချောင်းရေကျော်ပြီး တချို့နေရာများတွင် မြေပြိုကျနေသောကြောင့် ကားသွားလာ၍ မရဘဲ ကုန်ကားများ ရာနှင့်ချီ ပိတ်မိခဲ့ကြောင်း သိရသည်။
ထို့ပြင် မဏိပူရ ပြည်နယ်၌ ဇွန်လအတွင်း ကူကီးနှင့်ကသည်းလူမျိုးတို့ကြား ပဋိပက္ခဖြစ်ပွားမှုကြောင့် တမူးမြို့နယ်၏ အဓိက ကူးသန်းရောင်းဝယ်ရေး အသက်သွေးကြောဖြစ်သည့် အိန္ဒိယနယ်စပ် တလျှောက် ဝင်ပေါက် ၊ ထွက်ပေါက်ဂိတ် များကို အိန္ဒိယအစိုးရဘက်မှ လက်ရှိအချိန်ထိပိတ်ထားကြောင်း မြို့ခံများက ပြောသည်။
တမူးမြို့ပေါ်တွင် လုံခြုံရေး ယူနေသော စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးအဖွဲ့ဝင်များက မြို့ခံ ကုန်သည်များထံမှ ဆက်ကြေးတောင်းခံမှုများရှိလာသည့်အတွက် စီးပွားရေးလုပ်ငန်းရှင်များသည် တခြားမြို့များသို့ ပြောင်းရွှေ့နေထိုင်မှုများ ဖြစ်ပေါ်နေကြောင်း တမူးမြို့ခံ တဦးက ပြောသည်။
၎င်းက “တမူးမြို့ပေါ်အခြေအနေက တရားဥပဒေစိုးမိုးရေးလည်း မရှိတဲ့အခါ ဓါးပြတိုက်တာတွေလည်း ရှိနေတယ်။ အခုမြို့ပေါ်မှာ အထူးတပ်ဖွဲ့ဆိုပြီး စစ်ကောင်စီက မြို့လုံခြုံရေး ချထားတယ် ။ ပျူစောထီးတွေက သူတို့ပေါင်းပြီးတော့ ပိုက်ဆံရှိတဲ့ အိမ်တွေကို ဆက်ကြေးလိုမျိုး တောင်းခံတာတွေရှိတယ်။ သူတို့တောင်းတာ မပေးတာတို့ ၊ ငွေတောင်းတာကို အပြင်ကိုထုတ်ပြောလို့ရှိရင် နောက်တခါလာရင် အသက်ရှင်ဖို့ အာမ မခံနိုင်ဘူး။ အဲဒီလိုမျိုး ခြိမ်းခြောက်မှုရှိတဲ့အတွက် သူဌေးတွေ မြို့ပေါ်က ပြောင်းသွားကြလို့ အခုဆိုရင် မန္တလေးမြို့မှာ တမူးရပ်ကွက်တောင်ရှိနေပြီလို့ ပြောတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ကလေးနှင့် တမူးကားလမ်းမသည် မိုင် ၈၇ ကွာဝေးကာ ပြီးခဲ့သည့် ဇွန် ၁၅ ရက်က တမူးမြို့နှင့် ၇ မိုင်ခန့်ဝေးသည့် ပန်း သာကျေးရွာအနီး၌ စစ်ကောင်စီတပ်နှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သလို၊ ဇူလိုင်၂၃ ရက် ကလည်း ကလေး- တမူးကားလမ်းပေါ်ရှိ ခမ်းပါတ်မြို့ပေါ်တွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး မြို့ပေါ်သို့ လေကြောင်းဖြင့်ပါ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့အကြား စစ်ရေးတင်းမာပြီး အပြန်အလှန် လမ်းပိတ်ဆို့ထား သည့်အတွက် တိုက်ပွဲစတင် ဖြစ်ပွားခဲ့သည့် ဇွန်လ ၁၅ ရက်နေ့ နောက်ပိုင်းကတည်းက ဒေသခံများ ကလေး- တမူး ကားလမ်ကြောင်းကို အသုံးပြုခွင့်မရဘဲ တောလမ်းများမှတဆင့် စစ်ကောင်စီ စခန်းများကို ကွေ့ပတ်ကာ ဆိုင်ကယ်များဖြင့် ခက်ခက်ခဲခဲ ရိက္ခာ ဝယ်ယူပြီး အသက်ရှင်သန်ခဲ့ရကြောင်းလည်း တမူးဒေသခံများက ဆိုသည်။
မြန်မာ- အိန္ဒိယနယ်စပ်မြို့ဖြစ်သည့် တမူးမြို့နယ်အတွင်း၌ ချင်းတိုင်းရင်းသားများအပါအဝင်၊ နာဂ၊ ဗမာ၊ ဂေါ်ရခါးလူမျိုး တို့ အများဆုံးနေထိုင်ကြပြီး စုစုပေါင်း လူဦးရေ ၁ သိန်းခွဲဝန်းကျင်ရှိကြောင်း သိရသည်။
You may also like these stories:
စားနပ်ရိက္ခာပြတ်လာသဖြင့် တမူးမြို့ကို စွန့်ခွာသူများရှိလာ
တိုက်ပွဲကြောင့် လမ်းများပိတ်သဖြင့် တမူး၌ ကုန်ဈေးနှုန်း အဆမတန်တက်
ကလေးမြို့တွင် စက်သုံးဆီနှင့် ကုန်ပစ္စည်းများ ပြတ်














