ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ညီနောင်မဟာမိတ်သုံးဖွဲ့၏ “၁၀၂၇ စစ်ဆင်ရေး” ကြောင့် တိမ်းရှောင်လာကြမည့် စစ်ဘေးရှောင်များကို ကူညီနိုင်ရေး အတွက် ‘ဝ’ ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSP) ၏ နမ့်တစ်ဒေသ မြို့နယ်အုပ်ချုပ်ရေး အဖွဲ့က အောက်တိုဘာ ၂၇ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ကိုးကန့်ဒေသအတွင်းတွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် လာရောက်ခိုလှုံကြမည့် စစ်ရှောင်များအပေါ် စျေးတင်ရောင်းချခြင်းများ မပြုလုပ်ရန် UWSP နမ့်တစ်အထူး မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားခြင်းဖြစ်သည်။
UWSP ထိန်းချုပ်နယ်မြေအတွင်းရှိ နမ့်တစ်ခရိုင်သည် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တိုက်ခိုက် ထိန်းချုပ်ထားသည့် ချင်းရွှေဟော်နှင့်ကပ်လျှက်ရှိတည်ရှိပြီး တိုက်ပွဲများကြောင့် နမ့်တစ်ဒေသအတွင်းသို့ တိမ်းရှောင်လာသည့် ဒုက္ခသည် များရှိနေသည်။
လတ်တလောတွင် ကိုးကန့်ထိုးစစ်ကြောင့် UWSP ထိန်းချုပ်နယ်မြေအတွင်းသို့ စစ်ဘေးရှောင်ဦးရေ ၅၀၀၀ (ငါးထောင်) ခန့်ရောက်ရှိနေပြီး အတတ်နိုင်ဆုံးကူညီဆောင်ရွက်ပေးထားကြောင်း UWSP ပြင်ပဆက်ဆံရေးတာဝန်ခံ ဦးညီရန်းကပြောသည်။
ထို့ကြောင့် နမ့်တစ်ဒေသအတွင်း ဟိုတယ်၊ တည်းခိုခန်း၊ အိမ်ငှားစသည့်တို့အနေဖြင့် မိမိဆန္ဒအတိုင်းဈေးနှုန်းတိုးမြှင့်ခြင်းမပြုရန်နှင့် မူလ ဈေးနှုန်းများအား ရှင်းလင်းစွာစာရင်းပြုစုထားရန်၊ ဈေးဆိုင်၊ စားသောက်ဆိုင်၊ ဆေးဆိုင်များစသည်တို့အနေဖြင့်လည်း ဈေးနှုန်းတင် ရောင်းခြင်းများအား ခွင့်မပြုကြောင်းလည်း သတိပေးချက်တွင်ဖော်ပြထားသည်။
ထို့အပြင် မတုအပပစ္စည်းများ၊ သက်တမ်းလွန်ပစ္စည်းများ ရောင်းချခြင်းနှင့် နေ့စဉ်သုံးပစ္စည်း၊ အစားအသောက်များ အမြောက်အများ ဝယ်ယူစုဆောင်းသိမ်းဆည်းခြင်းများ မပြုလုပ်ရန် သတိပေးထားသည်။
သတိပေးချက်စည်းကမ်းများနှင့်ပတ်သက်ပြီး ဒေသတာဝန်ရှိသူများအနေဖြင့်လည်း ကြီးကြပ်စစ်ဆေးမှုများပြုလုပ်မည်ဖြစ်ပြီး သတိပေး ချက်များအား မလိုက်နာပါက အရေးယူမှုများပြုလုပ်မည်ဖြစ်ကြောင်းလည်းဖော်ပြထားသည်။
UWSA အနေဖြင့် ပြည်သူများ၏ အသက်နှင့် ပိုင်ဆိုင်မှုလုံခြုံရေးကို အာမခံမည်ဖြစ်ပြီး ပြည်သူများ အထိတ်တလန့်ဖြစ်စေမည့် သတင်း များ၊ ကောလဟလဖန်တီးဖြန့်ဝေခြင်းများ မပြုလုပ်ကြရန်လည်း မေတ္တာရပ်ခံထားသည်။
မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ ရက္ခိုင့်တပ်တော်(AA)နှင့် တအာင်း (ပလောင်) အမျိုးသားလွတ် မြောက်ရေးတပ်မတော် (TNLA) တို့သည် စစ်ကောင်စီအားအမြစ်ဖြုတ်တိုက်ဖျက်ရန်နှင့် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတိုက်ဖျက်ရန် “Operation 1027” အမည်ရ စစ်ဆင်ရေးကြေညာကာ ယမန်နေ့မနက်ပိုင်းကစပြီး တပြိုင်နက်စတင်တိုက်ခိုက်လျှက်ရှိသည်။
ထိုတိုက်ခိုက်မှုတွင် MNDAA က ချင်းရွှေဟော်မြို့အား ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ချင်းရွှေဟော်ရှိ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်ခေါင်းဆောင်ဟောင်း ပယ်ဆောက်ချိန်မိသားစုပိုင်ဆိုင်သည့် ဟိုတယ်တခုအား ဝင်ရောက်ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးရမိသူများအား UWSP ထိန်းချုပ်နယ်မြေ နမ့်တစ်ဘက်သို့ ခေါ်ဆောင်သွားခဲ့ကြောင်း စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောထားသည်။
ထိုဖြစ်စဉ်နှင့်ပတ်သက်ပြီး ဖမ်းဆီးခေါ်ဆောင်သွားခံရသူများ ပြန်လည်လွတ်မြောက်ရေးအတွင် UWSA နှင့်ညှိနှိုင်းဆောင်ရွက်လျှက် ရှိကြောင်းလည်း ၎င်းကပြောသည်။ ထိုကိစ္စနှင့်ပတ်သက်ပြီး UWSP ဘက်ကမူ တစုံတရာ ထုတ်ဖော်ပြောဆိုခြင်းမရှိသေးပေ။
လတ်တလောတိုက်ပွဲပြင်းထန်ရာ ချင်းရွှေဟော်ဒေသသည် UWSP ထိန်းချုပ်နယ်မြေနှင့် နယ်မြေထိစပ်နေပြီး UWSP နှင့် ထိုးစစ်ကြေညာ ထားသော ညီနောက်မဟာမိတ်သုံးဖွဲ့သည်လည်း ရှမ်ပြည်မြောက်ပိုင်းအခြေစိုက်၊ ပြည်ထောင်စုနိုင်ငံ ရေးဆွေးနွေးရေးကော်မတီ (FPNCC) အဖွဲ့ဝင်များဖြစ်ကြသည်။
MNDAA ထိပ်ပိုင်းခေါင်းဆောင်များပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် ပြီးခဲ့သည့် စက်တင်ဘာ ၂၆ ရက်နေ့ကလည်း UWSP ဌာနချုပ်သို့ ချစ်ကြည်ရေးခရီးသွားရောက်ခဲ့ပြီး နှစ်ဖက်ထိပ်ပိုင်းခေါင်းဆောင်များတွေ့ဆုံဆွေးနွေးမှုရှိခဲ့သည်။













