မန္တလေးတိုင်း မိုးကုတ်မြို့ဝန်းကျင်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်အတွင်း ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ပူးပေါင်းတပ်များက စစ်ကောင်စီစခန်းများကို တိုက်ခိုက်နေရာ တိုက်ပွဲများ ပြင်းထန်နေသည်။
တိုက်ပွဲကြောင့် မိုးကုတ်မြို့ခံများ အိမ်အပြင်မထွက်ရဲကြသလို မြို့တွင်း၌ သွားလာသူနည်းပါးကာ လမ်းများ ရှင်းလင်းခြောက် ကပ်နေကြောင်း၊ တိုက်ပွဲ ဖြစ်ရာနေရာအနီးမှ ဒေသခံများ မိုးကုတ်မြို့ အပါအဝင် ဘေးလွတ်မည့်နေရာများသို့ ထွက်ပြေး တိမ်းရှောင်နေကြကြောင်းသိရသည်။
မိုးကုတ်မြို့ခံတဦးက “ဒီဘက်မှာ တိုက်ပွဲတွေဖြစ်နေတာ တလကျော်လောက်ရှိနေပြီ။ မြို့ပေါ်မှာမဖြစ်တာပဲ ရှိတယ်။ မြို့ပတ် ချာလည်မှာ နေ့တိုင်းလိုလိုဖြစ်နေတာ။ အောက်တိုဘာ ၂၆ ရက်ကတော့ တော်တော်ပြင်းတယ်။ လက်နက်ကြီးသံတွေ တော်တော်ကျယ်တယ်။ မြို့ထဲကနေအထိ ကြားနေရတာ။ အောက်တိုဘာ ၂၇ ရက် နေ့လယ်ပိုင်းလောက်မှာ ထပ်ကြား ရတာ ပစ်သံတွေက ဆူညံနေတာပဲ” ဟု ပြောသည်။
ပြီးခဲ့သည့် သြဂုတ်လလယ်၌ မိုးကုတ်မြို့တောင်ပိုင်းရှိ ကုန်းစံရွာမှ စစ်ကောင်စီတပ်စခန်းကို TNLA နှင့် PDF ပူးပေါင်းတပ်ဖွဲ့ များက သိမ်းပိုက်ပြီး စခန်းပြန်ရရန် စစ်တပ်က ကြိုးစားရာ တိုက်ပွဲများ ပြင်းထန်လာခြင်းဖြစ်ကြောင်း၊ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ အရာရှိများ အပါအဝင် ထိခိုက်သေဆုံးမှုများပြီး လက်နက်ခဲယမ်းအချို့လည်း သိမ်း ဆည်းရရှိကြောင်း၊ စစ်ကောင်စီဘက်မှ လက်နက်ကြီးနှင့် လေကြောင်းပစ်ကူ အများအပြား အသုံးပြုတိုက်ခိုက်နေကြောင်း TNLA က ထုတ်ပြန်ထားသည်။
အောက်တိုဘာ ၂၆ ရက်၊ နံနက် ၅ နာရီခန့်မှ စ၍ မိုးကုတ်မြို့ရှိ ရွှေမြင်ဝင်းဘုန်းကြီးကျောင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဂွေးပင်တပ်စခန်း၊ ကျပ်ပြင်ရဲစခန်းများကို TNLA ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ရာ စစ်ကောင် စီက လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ပြီး ရဟတ်ယာဉ်ဖြင့်ပါ ၃ ကြိမ် လာရောက်ပစ်ခတ်ခဲ့ကြောင်း၊ ယမန်နေ့ကလည်း မိုးကုတ်မြို့တောင်ပိုင်းရှိ ကုန်းစံရွာ၊ ဂွေးပင်ရွာတို့တွင် တိုက်ပွဲ ဆက်လက်ပြင်း ထန်နေသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကလည်း စစ်တပ်ဘက်မှ ၁၂၀ မမ၊ ၁၅၅ မမ၊ ဟောင်ဝစ်ဇာများဖြင့် ပစ်ခတ်ခဲ့သည့် အပြင် ရော့ကတ်ဒုံးများပါ သုံးလာသည်ကို သတိထားမိကြောင်း၊ လက်နက်ကြီးသံကြောင့် ကလေး၊ လူကြီး အားလုံး ကြောက်လန့်နေရကြောင်း ပြောဆိုသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၂၀၊ ၂၁ ရက်များကလည်း မိုးကုတ်မြို့နယ် အထက်ညောင်ကုန်း၊ အောက်ညောင်ကုန်း၊ ကုန်းစံ စသည့် ကျေးရွာများအနီး TNLA ပူးပေါင်းတပ်များနှင့် တပ်မ ၄၄ လက်အောက်ခံ မုတ္တမအခြေစိုက် ခမရ-၁၀၂၊ မော်လမြိုင် အခြေစိုက် ခမရ-၁၀၄၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ မင်းဘူးအခြေစိုက် ခလရ-၈၈ တို့ပူးပေါင်းထားသော စစ်ကောင်စီတပ်များနှင့် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီက လက်နက်ကြီး အလုံးရေ ၁၀၀ ကျော်၊ တိုက်ခိုက်ရေးရဟတ်ယာဉ်များဖြင့် ဗုံး ၈ လုံးအထိ ကြဲချခဲ့ခြင်းကြောင့် အထက်ညောင်ကုန်း ကျေးရွာမှ နေအိမ် ၁၀ လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့ရသလို အရပ်သားပြည်သူ ၃ ဦး သေဆုံးခဲ့ရကြောင်း TNLA က ထုတ်ပြန်ထားသည်။
မိုးကုတ်မြို့သည် အရှေ့ဘက်နှင့် မြောက်ဘက်တွင် မိုးမိတ်မြို့နယ်၊ တောင်ဘက်တွင် ကျောက်မဲမြို့နယ်၊ အနောက်ဘက်တွင် သပိတ်ကျင်းမြို့နယ်တို့နှင့် ထိစပ်နေသလို မြို့ပေါ်ရပ်ကွက်အုပ်စု ၅ အုပ်စု၊ ကျေးရွာအုပ်စု ၃၀ အုပ်စု၊ ကျေးရွာပေါင်း ၁၃၂ ရွာရှိပြီး ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၇ သောင်းကျော် ထိုင်ကြောင်း သိရသည်။
ထို့ပြင် အောက်တိုဘာ ၂၆ ရက်၌ နယ်မြေအနေအထားဆက်စပ်နေသည့် နောင်ချိုမြို့နယ်၊ သံဘိုကျေးရွာ နတ်စင်ကုန်းရှိ စစ်ကောင်စီတပ်စခန်းတခုကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး ၁၀၂၇ စစ်ဆင်ရေးအဖြစ် ယနေ့တွင်လည်း သံဘိုကျေးရွာရှိ စစ်ကောင်စီတပ်စခန်းအား TNLA နှင့် မန္တလေး PDF ပူးပေါင်းတပ်ဖွဲ့တို့ ယနေ့ နံနက် ၆ နာရီမှ နေ့လယ် ၂ နာရီအချိန်ထိ တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားခဲ့ကြောင်း TNLA က သတင်းထုတ်ပြန်သည်။
အဆိုပါ တိုက်ပွဲများနှင့်ပတ်သက်၍ TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး တားအိုက်ကျော်က “အောက်တိုဘာ ၂၆ ရက်က စဖြစ်တယ်။ မိုးကုတ်မြို့နယ်ထဲက ဂွေးပင်ဘက်မှာ ဖြစ်တယ်။ နောင်ချိုမြို့နယ်ထဲက သံဘိုရွာမှာရှိတဲ့ စကစ စခန်း ကို သိမ်းပိုက်ရတာရှိတယ်။ ဒီနေ့ မနက်မှာလည်း နမ့်ခမ်းမြို့နယ်ဘက်မှာရှိတဲ့ ၁၃ မိုင်တာဝါတိုင်စခန်းက်ို သိမ်းနိုင်ခဲ့တာရှိ တယ်။ လာရှိုး မြို့နယ်ထဲမှာလည်း တိုက်ပွဲဖြစ်တာရှိတယ်။ အသေးစိတ်တော့ မရသေးဘူး” ဟု ဧရာဝတီကို ပြောသည်။
ထိုသို့ တိုက်ပွဲများဖြစ်ပွားနေခြင်းကြောင့် မန္တလေး-လားရှိုး အဝေးပြေးလမ်းမကြီးပေါ်ရှိ အုမ္မသီး၊ အုမ္မခါးကျေးရွာအနီးတွင် မော်တော်ယာဉ်များ ပိတ်မိခဲ့သလို အုမ္မခါး၊ အုမ္မသီး၊ ပန်မလွတ်၊ မန်ဂေါင်း၊ ခဲလုံ၊ နောင်ပစ် စသည့် ကျေးရွာများမှ ဒေသခံ များ ဘေးလွတ်ရာတိမ်းရှောင်နေရကြောင်း သိရသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံနှင့် နမ့်ဆန်မြို့နယ်အတွင်း အခြေစိုက်သည့် TNLA သည် ကျောက်မဲ၊ သီပေါ၊ လားရှိုး၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မူဆယ်၊ နမ့်ဆန်၊ နမ္မတူ၊ မန်တုံ၊ နှင့် မိုးကုတ် စသည့် ဒေသများတွင် စစ်ရေးလှုပ်ရှားကြောင်း၊ မိုးကုတ် မြို့နယ်တွင် TNLA နှင့် PDF များ ပူးပေါင်းကာ “မိုးလုံးမှိုင်းစစ်ဆင်ရေး” ကို ဖော်ဆောင်လျက်ရှိသလို နောင်ချိုမြို့နယ်၌ လည်း TNLA နှင့် မန္တလေး PDF တို့၏ “ကနောင်” ဟု အမည်ပေးထားသည့် စစ်ဆင်ရေးလည်း ရှိသည်။
ထို့ပြင် အောက်တိုဘာ ၂၇ ရက်တွင် မြောက်ပိုင်းမဟာမိတ်ညီနောင်များဖြစ်သည့် မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ရက္ခိုင့် တပ်တော် (AA) တို့က စစ်ဆင်ရေးအမှတ် (၁၀၂၇) စတင်ကြောင်း ကြေညာကာ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ကောင်စီ တပ်စခန်းများအား နံနက် ၄ နာရီမှစတင်ပြီး တပြိုင်နက် စီးနင်းတိုက်ခိုက်ခဲ့ရာ ယနေ့အချိန်ထိ ချင်းရွှေဟော်မြို့ အပါအဝင် စစ်ကောင်စီ၏ တပ်စခန်း ၃၀ ကျော်နှင့် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းနိုင်ခဲ့ကြောင်း စစ်ဆင်ရေးကို ဦးဆောင် နေသည့်အဖွဲ့များက ထုတ်ပြန်ထားသည်။
You may also like these stories:
စစ်ကောင်စီကို အထိနာစေတဲ့ မဟာမိတ်သုံးဖွဲ့ရဲ့ “Operation 1027”
၁၀၂၇ စစ်ဆင်ရေး တရက်အတွင်း တပ်စခန်း ၁၀ ခုကျော်နဲ့ မြို့တမြို့သိမ်းနိုင်ခဲ့
မိုးကုတ်တွင် စစ်တပ်နှင့် TNLA တိုက်ပွဲ အရှိန်ပိုမြင့်လာ
TNLA ကို စစ်ကောင်စီက လေကြောင်းသုံး တိုက်ခိုက်
မိုးကုတ်မှာ TNLA နဲ့ PDF ကို စစ်ကောင်စီ ထိုးစစ်ဆင်