ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကိုးကန့်ဒေသ၊ လောက်ကိုင်မြို့ ရှေ့တန်း စစ်တပ်စခန်း၌ ထိန်းသိမ်းခံထားရသည့် ထိုင်းနိုင်ငံသား ၁၆၀ ကျော်အား မြို့အတွင်းရှိ စာသင်ကျောင်း၊ ဆေးရုံနှင့် အဆောက်အဦအချို့ဆီ ရွှေ့ပြောင်းလိုက် ကြောင်း ၎င်းတို့ လွတ်မြောက်ရေး ကူညီနေသူတဦးက ပြောသည်။
၎င်းက “စစ်တပ်စခန်းထဲကနေ စာသင်ကျောင်းတို့ ဆေးရုံတို့မှာ ရွှေ့ဆိုင်းထားတယ်။ စစ်မြေပြင်မှာတော့ မဟုတ်ဘဲ စာသင်ကျောင်းတို့ ဆေးရုံတို့မှာကျတော့ လုံခြုံမှုအဆင့်တခုရှိတယ်လို့တော့ ပြောလို့ရပါတယ်၊ ဒါပေမယ့် ဒီထက်ပိုပြီး လုံခြုံတဲ့နေရာကို လွှဲပြောင်းပေးဖို့ လိုပါတယ်” ဟု ပြောသည်။
ထိုင်းနိုင်ငံသား ၁၆၀ ကျော်သည် လောက်ကိုင်မြို့ရှိ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတခုတွင် လုပ်ကိုင်ခဲ့ရပြီးနောက် အောက်တိုဘာလကုန်ပိုင်းတွင် စစ်ကောင်စီက လုပ်ငန်းမှကယ်ထုတ်ခဲ့ကာ သက်ဆိုင်ရာနိုင်ငံထံ ပြန်လည်လွှဲပြောင်းခြင်း မပြုဘဲ ရှေ့တန်းစစ်စခန်းသို့ ခေါ်ယူ ထိန်းသိမ်းခဲ့ခြင်း ဖြစ်သည်။
စစ်တပ်အတွင်း ထိန်းသိမ်းခံခဲ့ရသည့် ထိုင်းနိုင်ငံသားဦးရေမှာ ၁၆၄ ဦးဖြစ်ကြောင်း ကူညီပေးနေသူများက ပြောထား သော်လည်း စစ်ကောင်စီဘက်က ၁၆၂ ဦးရှိကြောင်း တုံ့ပြန်ထားသည်။
ပြီးခဲ့သည့် ရက်ပိုင်းကလည်း လောက်ကိုင်မြို့အတွင်း သီးခြားနေရာ၌ ထိန်းသိမ်းထားသည့် ထိုင်းနိုင်ငံသား ၄၁ ဦး အား “ဝ” ပြည် သွေးစည်း ညီညွတ်ရေးတပ်မတော် (UWSA) ထိန်းချုပ်နယ်မြေဖြစ်သည့် နမ့်တစ်မြို့သို့ ရွှေ့ပြောင်းနိုင်ခဲ့ပြီး မကြာမီ ထိုင်းနိုင်ငံသို့ ပြန်လည်လွှဲပြောင်းရန် ဆောင်ရွက်လျက်ရှိကြောင်း မြေပြင်သတင်းအရင်းမြစ်များက ပြော သည်။
၎င်းက “ “ဝ” ဘက်ကို ၄၁ ယောက်ခေါ်လာတဲ့ကိစ္စက တာဝန်ရှိသူတွေ ဆက်ပြီးညှိနှိုင်းနေပါတယ်၊ သူတို့ကတော့ လုံလုံ ခြုံခြုံ ရှိပါတယ်” ဟု ပြောသည်။
ထိုင်းဝန်ကြီးချုပ် ဆက်ထာထဝီဆင် (Srettha Thavisin) က “ဝ” နယ်ထဲသို့ ရွှေ့ပြောင်းကယ်ထုတ်ထားနိုင်သည့် ထိုင်း နိုင်ငံသား ၄၁ ဦးအား ရက်အနည်းငယ်အတွင်း နေရပ်ပြန်လည်ပို့ဆောင်ပေးနိုင်တော့မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည် ဟု Thai PBS သတင်းဌာနတွင် ယနေ့ ဖော်ပြခဲ့သည်။
အဆိုပါ ၄၁ ဦးအနေဖြင့် နိုဝင်ဘာ ၁၆ ရက် (သို့မဟုတ်) ၁၇ ရက်တွင် ထိုင်းနိုင်ငံသို့ ပြန်လည်ရောက်ရှိမည်ဟု လုံခြုံရေး အေဂျင်စီများ အကြောင်းကြားထားကြောင်းလည်း ထိုင်းဝန်ကြီးချုပ်က ဆိုထားသည်။

“ဝ” ထိန်းချုပ်နယ်မြေမှ ရွှေ့ပြောင်းကယ်ထုတ်ထားနိုင်သည့် ထိုင်း ၄၁ ဦးသည် လောက်ကိုင်ရှေ့တန်း၌ လူသားဒိုင်း အဖြစ် အသုံးချခံခဲ့ရပြီး ယခုအခါ မြို့အတွင်းသို့ ရွှေ့ပြောင်းထားသည့် ထိုင်းနိုင်ငံသား ၁၆၀ ကျော်နှင့် သီးခြားစီဖြစ် သည်။
လက်ရှိ လောက်ကိုင်မြို့အတွင်းပိတ်မိနေသည်မှာ ထိုင်းနိုင်ငံသား ၁၆၀ ကျော်အပါအဝင် စုစုပေါင်း ထိုင်း ၂၀၀ ကျော် ခန့်ရှိနိုင်ပြီး မြို့အတွင်းပိတ်မိနေကြောင်း ဆက်သွယ်အကြောင်းကြားလာသူများ တိုးလာနေကြောင်းနှင့် အခြားသော ဗီယက်နမ်၊ ဖိလစ်ပိုင် စသည့် နိုင်ငံခြားသားများလည်း ပိတ်မိနေကြကြောင်း အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတွင် လူ ကုန်ကူးခံထားရသူများ လွတ်မြောက်ရေး ကူညီဆောင်ရွက်နေသူတဦးက ပြောသည်။
၎င်းက “လောက်ကိုင်မှာ အွန်လိုင်းလိမ်လည်တဲ့ လုပ်ငန်းတော်တော်များများတော့ ပိတ်ကုန်ပြီ။ ဒါပေမယ့် တချို့ တရုတ် တွေက ထွက်ပြေးသွားပြီးတော့ ခြံဝင်းတွေ၊ အဆောက်အဦတွေကို သော့ပိတ်သွားခဲ့တယ်။ တိုက်တွေထဲက ထွက်မရဘဲ ပိတ်မိသူတွေရှိတယ်လို့ သတင်းပေးပို့ချက်တွေ ရထားပါတယ်” ဟု ပြောသည်။

စစ်ကောင်စီ လက်အောက်ခံ ကိုးကန့်ပြည်သူ့စစ်များ ထိန်းချုပ်ထားသည့် အွန်လိုင်းလောင်းကစားလုပ်ငန်းများ အခြေ စိုက်ရာ လောက်ကိုင်မြို့အား ဝင်ရောက်တိုက်ခိုက်တော့မည်ဖြစ်ကြောင်း ညီနောင်မဟာမိတ်အဖွဲ့ဝင် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က ယမန်နေ့ညနေပိုင်းတွင် သတိပေးထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။
ထို့ကြောင့် လောက်ကိုင်မြို့အတွင်း၌ အချိန်မရွေး တိုက်ပွဲများ ပြင်းထန်လာနိုင်သည့်အတွက် မြို့အတွင်းပိတ်မိနေသည့် ထိုင်းနိုင်ငံသားများအပါအဝင် အရပ်သားပြည်သူများ၏ အသက်အန္တရာယ်များ စိုးရိမ်ရကြောင်းလည်း ဒေသတွင်း သတင်း အရင်းအမြစ်များက ပြောသည်။
ထိုင်းနိုင်ငံသားများ လွတ်မြောက်ရေး ကူညီပေးနေသူက “ဘယ်လောက်ပဲ လုံခြုံပါတယ်ပြောပြီး တိုက်ခန်းတွေထဲ ထားလည်း ဘယ်လိုမှ မနေချင်ကြတော့ဘူး။ လက်နက်ကြီးသံတွေတဒိန်းဒိန်းနဲ့ ထိုင်းတွေကတော့ တော်တော်လေး စိတ်ပိုင်းဆိုင်ရာ ထိခိုက်နေကြတယ်၊ လောက်ကိုင်မြို့အထွက်မှာ လက်နက်ကိုင်တွေနဲ့ပိတ်ထားတော့ ထွက်မရဘူး ဖြစ် နေတယ်၊ ချင်းရွှေဟော်ဘက်ရောက်ရင်တော့ အဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ထားတာရှိတယ်၊ ဒါပေမယ့် အဲဒီဂိတ်ကို ကျော်လို့ မရဘူး ဖြစ်နေတာပေါ့”ဟု ပြောသည်။
ယခုကဲ့သို့ ထိုင်းနိုင်ငံသားများနှင့် အခြားသူများ လောက်ကိုင်မြို့မှ ထွက်ခွာခွင့်မရဘဲ ပိတ်မိနေကြသော်လည်း စစ် ကောင်စီနှင့် ပြည်သူ့စစ်များသည် လောက်ကိုင်မြို့မှ ဖမ်းမိသည့် တရုတ်နိုင်ငံသားများအား ချက်ချင်းဆိုသလို တရုတ် နိုင်ငံသို့ ပြန်လည် လွှဲပြောင်းပေးနေသည်။
ပိတ်မိနေသည့် နိုင်ငံသားများအရေးနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံ ဒုရဲချုပ်ကိုယ်တိုင် ယခုလပထမပတ်အတွင်းက မြန်မာနိုင်ငံလာရောက်ကာ တရုတ်နိုင်ငံမှတဆင့် လွှဲပြောင်းပေးရန် သဘောတူညီမှုရရှိခဲ့သော်လည်း ယနေ့အထိ ပြန်လည် လွှဲပြောင်းပေးခြင်း မရှိသေးကြောင်းလည်း မြေပြင်သတင်းအရင်းမြစ်များက ပြောသည်။
You may also like these stories:
တရုတ်နယ်စပ်ကို စစ်ကောင်စီ လက်လွှတ်ဆုံးရှုံးလိုက်ရပြီ
အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဟာ စစ်ဆင်ရေးရဲ့ ရည်ရွယ်ချက်တခုဖြစ်တယ်
လောက်ကိုင်မှ ထိုင်း ၁၆၂ ဦးကို ပြန်ခေါ်ရန် ထိုင်းဒုရဲမှူးချုပ် မြန်မာသို့ သွားမည်













