ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့မှ ၁၀၂၇ စစ်ဆင်ရေးကို အောက်တိုဘာ ၂၇ ရက်တွင် စတင်ပြီး ရှမ်းမြောက်ဒေသရှိ စစ်ကောင်စီတပ်စခန်းကုန်းများနှင့် ချင်းရွှေဟော်၊ ဖောင်းဆိုင်ကဲ့သို့သော မြို့များကို ထိန်းချုပ်နိုင်ခဲ့သည်။
စစ်ဆင်ရေးငါးရက်အတွင်း စစ်ကောင်စီကို အထိနာစေပြီး ထိန်းချုပ်နယ်မြေဒေသ အများအပြား လက်လွတ်ဆုံးရှုံးရစေခဲ့သော ညီနောင်မဟာမိတ်သုံးဖွဲ့၏ စစ်ဆင်ရေးအခြေအနေနှင့် ပတ်သက်၍ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် ( MNDAA )ပြောရေးဆိုခွင့်ရှိသူ ကိုရန်ရန်ကို ဧရာဝတီသတင်းဌာနက ဆက်သွယ်မေးမြန်းခဲ့သည်။
မေး ။ ။ စစ်ဆင်ရေး ၅ ရက်မြောက်နေ့မှာ ဘယ်နေရာတွေ စစ်ရေးဖော်ဆောင်ခဲ့သလဲ။ ဒီနေ့ စခန်းသိမ်းပိုက်နိုင်တာရော ရှိပါသလား။
ဖြေ ။ ။ ဒီကနေ့ (အောက်တိုဘာ ၃၁ ရက်) တိုက်ပွဲတွေကတော့ ကိုးကန့်ခရိုင်၊ တုန်းရှန်းဒေသမှာရှိတဲ့ ဟုန်ဇူသုပ်ရွာတဝိုက်မှာရှိတဲ့ တပ်စခန်းကို တက်သိမ်းတာ ခင်ဗျ။ အဲဒီမှာ တပ်စခန်းအကြီးတခုရယ်၊ အသေးနှစ်ခုရယ် ရှိတယ်။ သုံးခုစလုံးကို ဒီနေ့ အပိုင်သိမ်း လိုက်ပါပြီဗျ။ နောက်ပြီးတော့ နေ့လယ် ၁၂ နာရီလောက်မှာ ကိုးကန့်ခရိုင်၊ ရှင်းဝမ်ဒေသ ရှင်းဖျဉ်ကိုင်းရွာရဲ့ ဘုရားကျောင်းမှာ တပ်ချထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်း ကျနော်တို့ ဒီနေ့ ရှင်းလင်းနိုင်ခဲ့တယ်ဗျ။
မေး ။ ။ စစ်ဆင်ရေးကို နယ်မြေဧရိယာ ဘယ်လောက်အထိ ကျယ်ကျယ်ပြန့်ပြန့် ဖော်ဆောင်ထားနိုင်ပြီလဲ။
ဖြေ ။ ။ ဒီနေ့အထိ စစ်ဆင်ရေးဖော်ဆောင်ခဲ့တာတွေက သိန္နီရှိမယ်၊ မုံးကိုး(ဖောင်းဆိုင်)၊ ကိုးကန့်ဒေသ၊ ကျနော်တို့ရဲ့ ညီနောင်မဟာမိတ် TNLA က ပြည်ထောင်စုလမ်းမကြီးတလျှောက်မှာရှိမယ်၊ KIA နဲ့ AA အနေနဲ့က ကချင်ပြည်နယ်မှာ ရှိမယ်၊ စစ်ကိုင်းတိုင်း ထီးချိုင့်မြို့ နယ်ဒေသတွေမှာ ရှိမယ်ခင်ဗျ။
မေး ။ ။ ဒီလိုဖော်ဆောင်တဲ့နေရာမှာ နယ်မြေထိန်းချုပ်စိုးမိုးနိုင်မှုကရော ဘယ်လိုရှိပါသလဲ။ အပြည့်အဝ ထိန်းချုပ်နိုင်ပြီလို့ ပြောလို့ရတဲ့ မြို့၊ ဒေသတွေရှိသလား။
ဖြေ ။ ။ အခုလောလောဆယ် ချင်းရွှေဟော်ကတော့ လုံးဝ ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ်ထားတယ်၊ မုံးကိုး(ဖောင်းဆိုင်ဘက်ကိုလည်း မနေ့က ညနေပိုင်းမှာ စစ်ကောင်စီတပ်အားလုံးကို တိုက်ထုတ် ရှင်းလင်းနိုင်ခဲ့တယ်။ သိန္နီမှာကတော့ စစ်ဆင်ရေး ဆက်လက်ဖော်ဆောင်နေတဲ့ အနေအထားမှာရှိတယ်ဗျ။ လုံးဝ ပိုင်ပိုင်နိုင်နိုင် ထိန်းသိမ်းထားတဲ့ အနေအထား မရှိပေမယ့်လည်း တချို့နေရာတွေကိုတော့ ထိန်းသိမ်းထားနိုင်တဲ့အနေအထားမှာ ရှိပါတယ်ဗျ။

မေး ။ ။ စစ်ဆင်ရေးအတွင်း သံချပ်ကာကားတွေလည်း သိမ်းဆည်းရမိတာရှိတယ်ဆိုတော့ လက်ရှိအချိန်ထိ ဘယ်နှစ်စီး သိမ်းဆည်းရရှိထားသလဲ။
ဖြေ ။ ။ သံချပ်ကာ ကားကတော့ ဟိုအရင်ရက်က မာကျတိပေါက်ပေါက်(ရာဘာကုန်း) စခန်းသိမ်းပွဲမှာ ၂ စီး ရရှိခဲ့တယ်။ ပြီးတော့ မုံးကိုး၊ ဖောင်းဆိုင်တိုက်ပွဲတွေမှာ လက်နက်ကြီး တပ်ဆင်ထားတဲ့ တင့်ကား ၃ စီး ရရှိခဲ့တယ်။ စုစုပေါင်း ၅ စီးရှိပြီ။ အဲဒီထဲက ၄ စီးက တော့ တိုက်ခိုက်ပျက်စီးခံရတာ နည်းနည်းကြမ်းတော့ ပျက်စီးသွားပြီ။ အဲဒီကားတွေက ဘယ်နိုင်ငံထုတ်၊ ဘယ်လိုအမျိုးအစားလဲဆိုတာ အခုလောလောဆယ် စုံစမ်းနေဆဲပဲရှိပါသေးတယ်။ ဘာလိုလဲဆိုတော့ ဒီပစ္စည်းတွေက ကျနော်တို့ကလည်း အခုမှပဲတွေ့ဖူးတာ။
မေး ။ ။ ညီနောင်မဟာမိတ်တပ်တွေအနေနဲ့ နောင်ချိုကနေ လားရှိုး-မူဆယ်အထိ ပြည်ထောင်စုလမ်းမကြီးကို ဘယ်လောက် ထိန်းချုပ်ထားနိုင်ပြီလဲ။
ဖြေ။ ။ နယ်မြေစိုးမိုးမှုကတော့ ပိုင်ပိုင်နိုင်နိုင်က ချင်းရွှေဟော် တမြို့ပဲရှိပါသေးတယ်၊ ဒေသအနေနဲ့ဆိုရင်တော့ မုံးကိုး၊ ဖောင်းဆိုင်ပေါ့၊ ကျနော်တို့ အခေါ်အဝေါ်တော့ ဖောင်းဆိုင်ရွာအုပ်စုပေါ့၊ ဒီနှစ်နေရာကို စိုးမိုးနိုင်ထားတယ်၊ ပြည်ထောင်စုလမ်းမကြီးတို့၊ တခြားနေရာတွေကတော့ စစ်ဆင်ရေးတွေ ဆက်လက်လုပ်ဆောင်နေဆဲပါပဲ၊ အဓိကကတော့ စခန်းသိမ်းထိုးစစ်ဆင်မှုတွေ လုပ်ဆောင်ပါတယ်။ ကျနော်တို့ ညီအကိုဖြစ်တဲ့ TNLA လည်း လမ်းမကြီးတလျှောက်မှာရှိတဲ့ တပ်စခန်းတွေကို ပိုင်ပိုင်နိုင်နိုင် သိမ်းဆည်းထားနိုင်တာရှိတယ်၊ သိမ်းထားတာ စုစုပေါင်းတပ်စခန်း ဆယ်ဂဏန်းလောက် ရှိနေပါပြီ။

မေး ။ ။ စစ်ဆင်ရေးအတွင်း ထိခိုက်ကျဆုံးမှုအခြေအနေနဲ့ လက်နက်ခဲယမ်းသိမ်းဆည်းရရှိမှု အခြေအနေကရော ဘယ်လိုရှိပါသလဲ။
ဖြေ ။ ။ ထိခိုက်သေဆုံးမှု အသေးစိတ် အချက်အလက်တွေတော့ မရရှိသေးပါဘူး။ ခန့်မှန်းခြေအရတော့ စစ်ကောင်စီရဲ့ ထိခိုက်ကျဆုံးမှုက ရာနဲ့ချီပြီးတော့ ရှိနေပါပြီ။ နောက်ပြီးတော့ လက်နက်ခဲယမ်းသိမ်းဆည်းရရှိမှုကိုလည်း The Kokang သတင်းစာမျက်နှာမှာ တွေ့ရှိပြီး ဖြစ်မယ်ထင်တယ်။ အသေးစိတ်အရေအတွက်ကို စာရင်းမပြုစုရသေးတဲ့အတွက် အဲဒါကို အတိအကျ မပြောနိုင်ဘူး ဖြစ်နေတယ်။
မေး ။ ။ မဟာမိတ်တွေဘက်က သုံ့ပန်းဖမ်းဆီးထားတာတွေရှိတယ် သိရပါတယ်၊ ဘယ်နှစ်ဦးရှိပါသလဲ။ နောက်ပြီး ဘက်ပြောင်း ပူးပေါင်းလာတာရော ဘယ်လောက်ရှိပြီလဲ။
ဖြေ ။ ။ စစ်သုံ့ပန်းလည်း ဆယ်နဲ့ချီ ဖမ်းမိထားတာရှိပါတယ်၊ အသေးစိတ်တော့ စာရင်းတွေ မပြုစုရသေးပါဘူး။ ကျနော်တို့ ပြန်လည် စည်းရုံးပြီး ပြန်လည်စုဖွဲ့လိုက်တဲ့ ပြည်သူ့စစ်က နန်ကျွမ်းဒေသရဲ့ ပြည်သူ့စစ်ပါ၊ နန်ကျွမ်းဒေသ ဆိုတာက သံလွင်မြစ်အနောက်ဘက်ခြမ်း၊ ကျနော်တို့အခေါ်ကတော့ မုံးကိုးခရိုင်ထဲမှာပေါ့နော်။ ပြည်သူ့စစ်အနေနဲ့ ကျနော်တို့နဲ့ ပူးပေါင်းလာတာ ဒီနန်ကျွမ်းပြည်သူ့စစ်ပဲ ရှိပါသေးတယ်။

မေး ။ ။ စစ်ဆင်ရေးငါးရက်တာအတွင်း စုစုပေါင်း စစ်စခန်းအကြီး အသေး ဘယ်လောက် သိမ်းပိုက်ရရှိပြီလဲ။ အရေးပါတဲ့ စခန်းတွေအနေနဲ့ရော ဘယ်စခန်းတွေဖြစ်မလဲ။
ဖြေ ။ ။ စစ်ဆင်ရေးကာလအတွင်းမှာ ညီနောင်မဟာမိတ်သုံးဖွဲ့အနေနဲ့ စုစုပေါင်းစစ်စခန်း ၈၀ ကျော် သိမ်းပိုက်နိုင်ခဲ့ပြီ။ အဲဒီထဲက ညီနောင်မဟာမိတ် TNLA သိမ်းတဲ့ တပ်စခန်းတွေကတော့ အရေးကြီးပါတယ်။ ပြည်ထောင်စုလမ်းမကြီး ပေါ်မှာရှိနေတဲ့ စခန်းတွေ ဆိုတော့လေ။ ပြီးတော့ ကိုးကန့်နယ်မှာဆိုရင် ချင်းရွှေဟော်မှာရှိတဲ့ မာကျတိပေါက်ပေါက် (ရာဘာကုန်း)ပေါ့နော်၊ ပြီးတော့ ရန်သက်ရှမ်း (ရန်တော်စံ)စခန်း၊ နောက်တခုက ရာခုတ်ကိုင်းတပ်စခန်း။ ဒီသုံးခုကတော့ တော်တော်ကို အရေးကြီးတယ်၊ ပြီးတော့ အရမ်းလည်းကြီးတယ်၊ ကျနော်တို့ အင်အား တော်တော်သုံးပြီး တိုက်ခိုက်ခဲ့ရတဲ့ စခန်းတွေဖြစ်တယ်။ အထူးသဖြင့် ရာခုတ်ကိုင်းတပ်စခန်းဆိုတာက နှစ် ပေါင်းလေးဆယ်လောက် တပ်တည်ထားတဲ့ စခန်းကြီးဖြစ်တယ်။ ပြီးတော့ ရာဘာကုန်းလည်း ချင်းရွှေဟော်ဒေသ အားလုံးကို ထိန်းချုပ်နိုင်တဲ့ တပ်စခန်းကြီးတခု ဖြစ်တယ်။ ဒါ့အပြင် မုံးကိုး၊ ဖောင်းဆိုင်မှာရှိတဲ့ တပ်စခန်းတွေကလည်း စစ်ရေးအရ တော်တော် အရေးကြီးတယ်၊ နောက်ပြီး ကချင်ပြည်နယ်ဘက်က မဟာမိတ် AA နဲ့ KIA ပူးပေါင်းတပ်စခန်းကလည်း စစ်ရေးအရ တော်တော် အရေးကြီးပါတယ်။
မေး ။ ။ အခု စစ်ဆင်ရေးက စစ်ကိုင်းတိုင်းအထိပါ ရောက်လာပြီဆိုတော့ ဒါနဲ့ပတ်သက်လို့ ဘာများပြောချင်လဲ။
ဖြေ ။ ။ ကျနော်တို့ ညီနောင်မဟာမိတ်ရဲ့ ထုတ်ပြန်ထားတဲ့အတိုင်းပဲ။ ပြည်သူလူထုတရပ်လုံးအနေနဲ့၊ တိုင်းရင်းသားအဖွဲ့အစည်းအသီးသီးအနေနဲ့ ကျနော်တို့အပေါ်ကို ဆက်လက်အားပေး ထောက်ခံကြပါ။ ပြီတော့ ကျနော်တို့နဲ့အတူ တသားတည်းရပ်တည်ပါ။ ကျနော်တို့ စစ်ဆင်ရေးထဲသို့ ပူးပေါင်းပါဝင်လာကြပါလို့ တိုက်တွန်းချင်ပါတယ်။

မေး ။ ။ နောက်တခုကတော့ အွန်လိုင်းငွေလိမ်လည်လုပ်ငန်းတွေကို ဖမ်းဆီးတဲ့အခြေအနေက ဘယ်လိုရှိပါသလဲ။ ဘယ်နှစ်နေရာကို ဖမ်းဆီးပြီးပြီလဲ။
ဖြေ ။ ။ အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဟာ စစ်ဆင်ရေးရဲ့ ရည်ရွယ်ချက်တခုဖြစ်တယ်၊ ဒါပေမယ့် ကျနော်တို့က ဖမ်းဆီးတယ်ဆိုတာတော့ မသုံးချင်ပါဘူး။ ကျနော်တို့ ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ်ထားတဲ့ ချင်းရွှေဟော်မှာ နဂိုက အွန်လိုင်းလိမ်လည်မှုလုပ်ဆောင်နေတဲ့သူတွေအားလုံးကို သူတို့နဲ့သက်ဆိုင်တဲ့နေရာ၊ သက်ဆိုင်တဲ့ဌာနကိုတော့ အကုန်လုံး ပြန်လွှဲလိုက်ပြီခင်ဗျ။ ဖမ်းဆီးချုပ်နှောင်ထားခြင်းဆိုတာတော့ မရှိပါဘူး။ နောက်တခုက ကျနော်တို့ ဟိုးအရင်ကတည်းက တပ်ထိုင်ထားခဲ့တဲ့ မုံးကိုး၊ဖောင်းဆိုင်ဒေသမှာတော့ အွန်လိုင်းလိမ်လည်မှုတွေ မရှိပါဘူး။
မေး ။ ။ ဖော်ထုတ်ဖယ်ရှားလိုက်တဲ့ဟာတွေကိုဘယ်သူတွေ လုပ်ကိုင်နေကြတာလဲ။
ဖြေ ။ ။ ချင်းရွှေဟော်မှာလုပ်ကိုင်နေတဲ့ အွန်လိုင်းလိမ်လည်မှု၊ အွန်လိုင်းဂိမ်းပိုင်ရှင်တွေကတော့ ကိုးကန့်၊ လောက်ကိုင်က ရုပ်သေးအဖွဲ့(စစ်ကောင်စီလက်ခံ နယ်ခြားစောင့်တပ်၊ ပြည်သူ့စစ်နှင့် စီမံအုပ်ချုပ်ရေးအစိုးရအဖွဲ့ )တွေဖြစ်တယ်။ အဲဒီရုပ်သေးအဖွဲ့တွေရဲ့ နောက်ခံ ဘယ်သူရှိသလဲဆိုတာတော့ ပြည်သူလူထုအားလုံးက သိပြီးသားပါ။
မေး ။ ။ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေက လောက်ကိုင်မှာအခြေစိုက်ထားတယ်လို့ အများက သိထားပါတယ်။ ပူးပေါင်းတပ်ဘက်ကလည်း ဒီလုပ်ငန်းတွေကိုရော နောက်ကွယ်က အကာအကွယ်ပေးနေသူတွေကိုပါ ချေမှုန်းမယ်ပြောထားတာတော့ လောက်ကိုင်ကို ထိုးဖောက်ပြီး ဒီလုပ်ငန်းတွေကို တိုက်ဖျက်နိုင်မယ်ထင်ပါသလား။
ဖြေ ။ ။ ဒါကတော့ အခြေအနေကိုပဲ စောင့်ကြည့်လိုက်ကြပါ။
You may also like these stories:
ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ
စစ်ကောင်စီကို အထိနာစေတဲ့ မဟာမိတ်သုံးဖွဲ့ရဲ့ “Operation 1027”
၁၀၂၇ စစ်ဆင်ရေး တရက်အတွင်း တပ်စခန်း ၁၀ ခုကျော်နဲ့ မြို့တမြို့သိမ်းနိုင်ခဲ့
နောင်ချိုမြို့နဲ့ ဂုတ်တွင်းတံတားကို မဟာမိတ်တပ်တွေ စီးနင်းထိန်းချုပ်
စစ်ကောင်စီ ဝန်ထမ်းများ ထွက်ပြေးကုန်ပြီး တရုတ် နယ်စပ်ကုန်သွယ်ရေး ရပ်ဆိုင်း














