မြန်မာစစ်ကောင်စီ၏ အယောင်ဆောင် ငြိမ်းချမ်းရေး အားထုတ်မှုများကို တရားဝင်မှုပေးခြင်း ရပ်ဆိုင်းရန် ဖင်လန်နှင့် ဆွစ်ဇာလန် အစိုးရများကို လူမှုအခြေပြုအဖွဲ့အစည်း ၆၀၀ ကျော်က တောင်းဆိုလိုက်သည်။
ဖင်လန်အစိုးရသည် စစ်ကောင်စီ၏ ငြိမ်းချမ်းရေးကော်မတီဆိုသည့် အဖွဲ့ကို ဟယ်လ်စင်ကီမှ လျှို့ဝှက်အစည်းအဝေးတခုသို့ မကြာသေးမီက ဖိတ်ခေါ်ခဲ့ကြောင်း နိုဝင်ဘာလ ၁၀ ရက်နေ့က ထုတ်ပြန်သည့် အိတ်ဖွင့်ပေးစာတစောင်တွင် Progressive Voice, Justice for Myanmar နှင့် အဖွဲ့အစည်းပေါင်း ၆၅၉ ခုက ဖော်ပြသည်။
ဆွစ်ဇာလန်အစိုးရသည် အောက်တိုဘာလတွင် ပျက်ပြယ်သွားပြီဖြစ်သော တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) နှင့် ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲတခုကို စစ်ကောင်စီအရာရှိများနှင့် နေပြည်တော်တွင် အောက်တိုဘာလက ပြုလုပ်ခဲ့သည်ဟုလည်း ၎င်းတို့က ဖော်ပြသည်။
စစ်ကောင်စီ ကိုယ်စားလှယ်များကို ဟယ်လ်စင်ကီသို့ ဖိတ်ခေါ်ခြင်းဖြင့် ဖင်လန်အစိုးရသည် စစ်ကောင်စီကို အသိအမှတ်ပြု၊ လက်ခံပြီး ထောက်ခံရာရောက်ကြောင်း ဖော်ပြကာ ဒီမိုကရေစီမူများကို လုံးဝချိုးဖောက်ပြီး ပိုမိုအရေးကြီးသည့်ကိစ္စမှာ မြန်မာပြည်သူများ၏ ဆန္ဒကို ချိုးဖောက်ခြင်းဖြစ်ကြောင်း အထက်ပါ အဖွဲ့အစည်းများက ပြောသည်။
“ဖင်လန်နိုင်ငံ၏ လုပ်ရပ်များသည် စစ်ကောင်စီကို ပစ်မှတ်ထားသည့် နိုင်ငံတကာ အရေးယူပိတ်ဆို့မှုများကိုလည်း ထိခိုက်စေပြီး ပြစ်ဒဏ်ကင်းလွတ်နေကာ မြန်မာအရပ်သားအပေါ် အစုလိုက်အပြုံလိုက် ရက်စက်ကြမ်းကြုတ်မှု ဆက်လက် ကျူးလွန်စေရန် စစ်ကောင်စီကို အတင့်ရဲစေသည်” ဟုလည်း ထိုစာတွင် ဖော်ပြထားသည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းမှု နောက်ပိုင်းတွင် စစ်ကောင်စီသည် လူအနည်းဆုံး ၄,၁၈၄ ဦးကို သတ်ဖြတ်ပြီး အခြားသူ ၁ ဒသမ ၇ သန်းကိုလည်း ပြည်တွင်းနေရပ်စွန့်ခွာစေကြောင်း အထက်ပါ အဖွဲ့အစည်းများက ပြောသည်။
မကြာသေးမီ လများအတွင်း စစ်ကောင်စီသည် နိုင်ငံတဝန်းမှ အရပ်သားများကို အကြမ်းဖက်သတ်ဖြတ်ရန် လေကြောင်းတိုက်ခိုက်မှု အသုံးပြုခြင်း အရှိန်အဟုန်မြှင့်တင် လုပ်ကိုင်သည်။ မေလမှ သြဂုတ်လအတွင်းတွင်ပင် စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှု ၂၇၂ ခု ပြုလုပ်သည်။ တနေ့လျှင် နှစ်ကြိမ်နှုန်း လေကြောင်းတိုက်ခိုက်သည့် သဘောဖြစ်သည်။ အရပ်သား ၇၂ ဦးသေဆုံး၊ ၁၆၃ ဦး ဒဏ်ရာရစေပြီး စာသင်ကျောင်းများ၊ ဆေးဘက်ဆိုင်ရာ အဆောက်အအုံများ၊ ဘာသာရေး အဆောက်အအုံများကိုလည်း ပျက်စီးစေကြောင်း အထက်ပါ အဖွဲ့အစည်းများက ပြောသည်။
အယောင်ဆောင် အပစ်အခတ်ရပ်စဲရေး NCA ကို ထောက်ခံခြင်းဖြင့် စစ်ကောင်စီကို တရားဝင်မှုပေးသည့်အတွက် ဆွစ်ဇာလန်အစိုးရကို အထက်ပါ အဖွဲ့အစည်းများက ဝေဖန်သည်။
ပျက်ပြယ်သွားပြီဖြစ်သည့် NCA သည် မြန်မာ၏ ဘက်စုံအကျပ်အတည်းကို ဖြေရှင်းရာတွင် အခြေအနေနှင့် ကိုက်ညီခြင်း လုံးဝ မရှိကြောင်းလည်း အထက်ပါစာတွင် ဖော်ပြထားသည်။ စစ်တပ်သည် အကြမ်းဖက်မှု ရင်းမြစ်ဖြစ်ပြီး အကျပ်အတည်း၏ အကြောင်းရင်း ဖြစ်သောကြောင့် NCA ကို ထောက်ခံခြင်းသည် စစ်ကောင်စီကို အတင့်ရဲစေပြီး မြန်မာမှ မှန်းဆမရနိုင်သည့် ပျက်စီးမှုများကို ပိုမိုဆိုးရွားစေသည်။
ဖင်လန်နှင့် ဆွစ်ဇာလန်တို့သည် အခြားနိုင်ငံအနည်းငယ်နှင့် ပူးပေါင်းပြီး စစ်ကောင်စီထိန်းချုပ် အပစ်အခတ်ရပ်စဲရေး စောင့်ကြည့်ရေး ပူးတွဲကော်မတီ (JMC) ၏ လုပ်ငန်းအဖွဲ့တခုဖြစ်သော နည်းပညာ အထောက်အကူပြုရုံး (TSC) မှတဆင့် လူသားချင်းစာနာမှု အကူအညီ ပေးနေသည်ဟု အထက်ပါ အဖွဲ့အစည်းများက ဖော်ပြသည်။
အကူအညီများကို ပြည်သူများသို့ မပေးကြောင်း၊ စစ်ကောင်စီသည် TSC မှတဆင့် ပေးသည့် အကူအညီများကို လက်နက်သဖွယ်သုံးနေကြောင်း၊ အကူအညီပေးပို့မှုများအား ပိတ်ပင်ပြီး လူသားချင်းစာနာမှု အကူအညီပေးသည့် ဝန်ထမ်းများကို တိုက်ခိုက်ကာ အကြမ်းဖက်မှုများ ဆက်လက်ကျူးလွန်ရန် ငွေကြေးပိုမိုရအောင် လုပ်နေကြောင်းလည်း ထိုစာတွင် ဖော်ပြထားသည်။
TSC မှတဆင့် အကူအညီပေးခြင်းသည် အခြားအကူအညီပေးသည့် လမ်းကြောင်းများ၊ အထူးသဖြင့် မြန်မာတနိုင်ငံလုံးမှ ဒေသခံ ရှေ့တန်း လူသားချင်းစာနာမှု တုံ့ပြန်သူများကို အထောက်အကူပေးသည့် နယ်စပ်ဖြတ်ကျော် လမ်းကြောင်းများကို အနှောင့်အယှက် ဖြစ်စေသည်ဟုလည်း ထိုစာတွင် ဖော်ပြထားသည်။
“ခြုံ၍ဆိုရပါက ဆွစ်ဇာလန်နှင့် ဖင်လန်တို့သည် မြန်မာပြည်သူများကို အကြမ်းဖက်စစ် ဆက်လက်လုပ်ခွင့် ပြုသော အထက်ပါ ကျင့်ဝတ်နှင့်မညီသည့် အစီအစဉ်များကို အကောင်အထည် ဖော်နေကြောင်း သိရသောကြောင့် မိမိတို့ တုန်လှုပ်သည်။ အချိုးမညီသည့် ပဋိပက္ခမှ မည်သည့် တွေ့ဆုံဆွေးနွေးရေး စားပွဲဝိုင်းတွင်မဆို စစ်ကောင်စီကို တန်းတူပြီး ယုံကြည်ရသည့် ဆွေးနွေးဘက်အဖြစ် မသတ်မှတ်နိုင်ပေ” ဟု အထက်ပါ အဖွဲ့အစည်းများက ပြောသည်။
ထိုစာကို ဖင်လန် နိုင်ငံခြားရေးဝန်ကြီး မစ္စ အယ်လင်နာ ဗော့တိုနန်နှင့် ဆွစ် နိုင်ငံခြားရေးရာ ကောင်စီဝင် မစ္စတာ အစ်နာဇီယို ကက်စစ်တို့ထံ လိပ်မူထားသည်။
အထက်ပါ နှစ်နိုင်ငံအနေဖြင့် မြန်မာစစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံမှုအားလုံး၊ ထောက်ပံ့မှုအားလုံး၊ အထူးသဖြင့် အယောင်ဆောင် ငြိမ်းချမ်းရေး အားထုတ်မှုများကို ထောက်ခံမှု အဆုံးသတ်ရန် အထက်ပါ အဖွဲ့အစည်းများက တောင်းဆိုသည်။
“စစ်ကောင်စီကို တရားဝင်မှုပေးပြီး အသိအမှတ်ပြုခြင်း ရပ်ဆိုင်းရန်နှင့် ထိုသို့လုပ်မည့်အစား မြန်မာပြည်သူများကို အပြည့်အဝ ထောက်ခံရန် ဖင်လန်နှင့် ဆွစ်ဇာလန် အစိုးရများကို မိမိတို့တောင်းဆိုသည်။ ထိုသို့လုပ်ရန်အတွက် ဖင်လန်နှင့် ဆွစ်ဇာလန်သည် အထက်ပါ အစီအစဉ်များအပြင် စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံရေး အားလုံး ချက်ချင်းရပ်ရမည်ဖြစ်သည်။ ထိုအစီအစဉ်များသည် စစ်တပ်၏အကြမ်းဖက်မှုမှ ကြီးမားသော ဒုက္ခများကို ဆယ်စုနှစ်များစွာ ခံစားနေရသည့် မြန်မာပြည်သူများကို စော်ကားခြင်းဖြစ်သည်” ဟု အထက်ပါ အဖွဲ့အစည်းများ၏ စာတွင် ဖော်ပြထားသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Finland and Switzerland ‘Aiding Myanmar Junta’s Sham Peace Effort ကို ဘာသာပြန်သည်။)
You may also like these stories:
ဆွစ်ဇာလန် သံအမတ်က စစ်တပ်ရဲ့ ငြိမ်းချမ်းရေးကို ထောက်ခံနေလား
၈ နှစ်ပြည့်သော်လည်း NCA အလုပ်မဖြစ်
ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ
မြန်မာ့အနာဂတ် ငြိမ်းချမ်းရေးအတွက် သင်ခန်းစာ ၈ ခုနှင့် တဝက်