စစ်ကောင်စီကို တိုက်ရန် မွန်ပြည်သစ်ပါတီမှ အထွေထွေအတွင်းရေးမှူး နိုင်ဇေယျ၊ ဒု စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စလွန်း ထောနှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်နှင့် ပြည်တွင်းရေးရာ တာဝန်ခံ နိုင်ဗညားလယ်တို့ ပါတီမှ ယနေ့ခွဲထွက်ကြောင်း ကြေညာသည်။
စစ်ကောင်စီနှင့် အပစ်ရပ်ကာ ဆွေးနွေးမည်ဆိုသည် ပါတီမူဝါဒကို လက်မခံနိုင်၍ ခွဲထွက်ခြင်းဖြစ်ကြောင်း၊ အဖွဲ့သစ်ကို မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင် တိုက်ဖျက်ရေး – NMSP-AD) ဟု အမည်ပေးထားကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) အပါအဝင် နွေဦးတော်လှန်ရေး အင်အားစုများနှင့် ပူးပေါင်း လက်တွဲဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
၂၀၂၃ခု ဒီဇင်ဘာ ၂၅ရက်မှ စ၍ ရေးချောင်းဖျားတွင် ကျင်းပသည့် မွန်ပြည်သစ်ပါတီ ၁၁ ကြိမ်မြောက် ညီလာခံကို ၁လ နီးပါးကြာ ကျင်းပပြီးနောက်
စစ်ကောင်စီတပ်နှင့် ၂၀၁၂ ခုနှစ်တွင် ချုပ်ဆိုခဲ့သည့် ၂ ဖက် အပစ် အခတ် ရပ်စဲရေး သဘောတူစာချုပ် (Bilateral Ceasefire Agreement) အတိုင်း ရပ်တည် ဆက်ဆံသွားမည်ဟု ဆုံးဖြတ်ချက်ကျခဲ့ပြီးနောက် မွန်ပြည်သစ်ပါတီမှ အထွေထွေအတွင်းရေးမှူးနှင့် အဖွဲ့ခွဲထွက်ကြခြင်းဖြစ်သည်။
မွန်ပြည်သစ်ပါတီအဟောင်းသည် ပြည်သူလူထု စစ်ဘေးဒဏ် မခံရရေးအတွက် စစ်ကောင်စီတပ်နှင့် နိုင်ငံရေး မဆွေးနွေး သော်လည်း မိတ်မပျက်ဆက်ဆံရေး ဆက်ထားလိုသည့် သဘောထားရှိကြောင်း၊ ထိုဆုံးဖြတ်ချက်ကို လက်မခံနိုင်သဖြင့် NMSP (AD) အဖြစ် တသီးတခြား ခွဲထွက်ရပ်တည်ရခြင်းဖြစ်ကြောင်း NMSP (AD) ထံမှ သိရသည်။
NMSP (AD) ၏ ဒုအဖွဲ့ခေါင်းဆောင် (၁) ဖြစ်သူ နိုင်ဗညားလယ်က စစ်ကောင်စီတပ်နှင့် ဆက်လက်ဆွေးနွေးနေခြင်းသည် ဖက်ဒရယ် ပြည်ထောင်စုတည်ထောင်ရေး၊ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေးတို့အတွက် အလှမ်းဝေးနေဦးမည့် အခြေအနေသာရှိကြောင်း ဧရာဝတီကို ပြောသည်။
စစ်ကောင်စီတပ်နှင့် မွန်ပြည်သစ်ပါတီကြား အာဏာသိမ်းမှုဖြစ်ပြီးနောက် ၃ ကြိမ် ဆွေးနွေးခဲ့သော်လည်း ဆွေးနွေးပွဲတွင် တပ်နေရာချထားရေးနှင့်ပတ်သက်၍ ၂ ဖက်ကြား အကြီးအကျယ် သဘောထားကွဲလွဲခဲ့ကြောင်း နိုင်ဗညားလယ်က ရှင်းပြ သည်။
၎င်းက “စစ်ကောင်စီပြောတဲ့ ပေါင်းစည်းမယ်ဆိုတာက ကျနော်တို့တပ်တွေကို သူတို့တပ်ရဲ့ လက်အောက်ခံအနေနဲ့ပဲ နေလို့ ရမယ်။ ပါတီရဲ့ အသက်ကြီးပိုင်းတွေကျတော့ ပါတီထောင် စီးပွားရေးတွေ လုပ်၊ လူငယ်ပိုင်းတွေက အရည်အချင်းနဲ့ ပြည့်စုံ ရင်တော့ သူတို့တပ်ထဲမှာ ဝင်ပြီး ထမ်းဆောင်ပေါ့။ ဒါကြောင့်မို့ စစ်ကောင်စီနဲ့ တွေ့ရင်တော့ ကျနော်တို့ လိုလားတဲ့ မျှော် မှန်းချက်တွေ လုံးဝ ရရှိနိုင်လိမ့်မယ်လို့ မယုံကြည်ဘူး။ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းမှပဲ ကျနော်တို့လိုလားတဲ့ ရည်မှန်းချက် ပန်းတိုင်ကို ရရှိမယ်လို့ပဲ မြင်တယ်” ဟု ဆိုသည်။
ထို့ပြင် စစ်ကောင်စီတပ်နှင့် ဆွေးနွေးနေစဉ်မှာပင် စစ်ကောင်စီတပ်သည် မွန်ပြည်သူလူထုနေထိုင်သည့် ရွာများ အတွင်း လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်း၊ လေကြောင်းမှတဆင့် တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း နိုင်ဗညားလယ်က ပြောသည်။
ထို့ကြောင့် အပစ်အခတ်ရပ်စဲထားပြီး စစ်ကောင်စီနှင့် ဆွေးနွေးနေရုံဖြင့် မွန်လူထုအပေါ် တိုက်ခိုက်မှုများအား ကာ ကွယ်နိုင် မည် မဟုတ်ကြောင်း ၎င်းက ဆိုသည်။
ထိုသို့ တသီးတခြားရပ်တည်လိုက်သော်လည်း မွန်ပြည်သစ်ပါတီ အဖွဲ့ဟောင်းမှ ပူးပေါင်းဆောင်ရွက်လိုသူများကို ကြိုဆို သွားမည်ဖြစ်ကြောင်း NMSP (AD) ၏ ဒုအဖွဲ့ခေါင်းဆောင် ၁ ဖြစ်သူ နိုင်ဗညားလယ်က ဆိုသည်။
ထို့ပြင် မွန်ပြည်သစ်ပါတီအဖွဲ့ဟောင်းနှင့် ပဋိပက္ခမဖြစ်ရန် မွန်ပြည်သစ်ပါတီအဟောင်း လှုပ်ရှားသည့် နယ်မြေနှင့် မထပ်စေ ဘဲ စစ်ရေးလှုပ်ရှားသွားမည်ဖြစ်ကြောင်း NMSP (AD) ဘက်က ဆိုသည်။
အမေရိကန်နိုင်ငံ အင်ဒီယားနားတက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံဘာသာရပ်ဖြင့် ပါရဂူဘွဲ့ရရှိခဲ့ပြီး လက်ရှိမှာ တိုင်းရင်းသားလူမျိုး များရေးရာစင်တာ ENAC အမှုဆောင် ဒါရိုက်တာအဖြစ် တာဝန်ထမ်းဆောင်နေသူ မွန်တိုင်းရင်းသား ပညာရှင် ဒေါက်တာ ပညာမွန်က မွန်ပြည်သစ်ပါတီ ၂ ဖွဲ့ကွဲသွားခြင်းသည် ကောင်းကျိုး၊ ဆိုးကျိုး ၂ ခုလုံး ရှိနိုင်ကြောင်း သုံးသပ်သည်။
၎င်းက “၂ ဖွဲ့ရဲ့ ဆက်ဆံရေးအပေါ်မှာ ပိုပြီးမူတည်တာပေါ့။ အချင်းချင်းတိုက်ပွဲ မဖြစ်ဖို့ ၊ ထိတွေ့မှုမဖြစ်ဖို့ သူတို့အချင်းချင်း ကြား နယ်မြေလုတာ မဖြစ်ဖို့ ကိုယ့်ဘာသာ လှုပ်ရှားမယ်ဆိုရင် ပြည်သူလူထုက ၂ ဖက်လုံးကို ထောက်ခံမယ် ထင်တယ်။ ဒီ ၂ ဖွဲ့ဆက်ဆံရေး ကောင်းဖို့လိုတယ်။ မွန်ပြည်သစ်ပါတီကလည်း စစ်အာဏာရှင်စနစ်ကို လက်မခံဘူး။ ၂၀၀၈ ကို လက်မခံ ဘူး။ ဖက်ဒရယ်ဒီမိုကရေစီကိုပဲ ဦးတည်တဲ့အခါကျတော့ လမ်းကြောင်းတော့ တူတယ်။ ဒါပေမယ့် တိုက်ပြီးတော့ ဖက်ဒရယ် ယူမလား။ နိုင်ငံရေး ဆွေးနွေးပွဲနဲ့ ဖက်ဒရယ် ယူမလားဆိုတဲ့အပေါ်မှာပဲ မတူကြဘူး။ ဒါကြောင့် မွန်ပြည်သစ်ပါတီ အသစ်နဲ့ အဟောင်းက နိုင်ငံရေးလမ်းကြောင်းကတော့ တူပါတယ်။ အချင်းချင်း စစ်ဖြစ်မယ့် လမ်းပဲ ရှောင်ဖို့ လိုတာပေါ့” ဟု ဆို သည်။
မွန်ပြည်သစ်ပါတီမှ စစ်ကောင်စီတပ်ကို တိုက်ခိုက်လိုသည့်အဖွဲ့ ခွဲထွက်ပေါ်ပေါက်လာသည့်အပေါ် စစ်ကောင်စီဘက်က မည်ကဲ့သို့ တုံ့ပြန်လာမည်ဆိုသည်မှာ လတ်တလောတွင် မသိရသေးပေ။
သို့သော်လည်း စစ်ကောင်စီဘက်က စစ်ရေးအရ တုံ့ပြန်လာပါက မွန်ပြည်သူလူထု ဘေးလွတ်ရာရှောင်ရှားနိုင်ရေး ကြိုတင် ပြင်ဆင်မည့်အစီအမံများကို စဉ်းစားထားကြောင်း NMSP (AD) ထံက သိရသည်။
NMSP (AD)၏ ဒုခေါင်းဆောင် (၁) နိုင်ဗညားလယ်က “ကျနော့်အနေနဲ့ ပြောချင်တာက ဒီနေ့ဒီအချိန်ဟာ စစ်ကောင်စီကို နိုင်ငံတကာကရော ဗမာအပါအဝင် တိုင်းရင်းသားပြည်သူတရပ်လုံး ထောက်ခံမှု မရှိတော့ သလောက်တော့ ဖြစ်သွားပြီ၊ လွတ်လပ်ရေးရပြီးတဲ့ အချိန်ကတည်းက အခုအချိန်ဟာ ပြည်တွင်းပြည်ပ ပြည်သူတရပ်လုံး စတင် တော်လှန်နေတဲ့ ကာလဖြစ်တယ်။ စစ်ကောင်စီကလည်း အထွေထွေအကျပ်အတည်းနဲ့ ရင်ဆိုင်နေရတယ်။ သူတို့တပ်တွင်းမှာလည်း စိတ် ဓာတ်တွေ ကစဉ့်ကလျားဖြစ်နေတဲ့ အခြေအနေဖြစ်တယ်။ ဒါကြောင့်မို့ ဒီနေ့ ဒီအချိန်အခါဟာ စစ်အာဏာရှင်ချုပ်ငြိမ်းဖို့ အာဏာသိမ်းစစ်ကောင်စီကို ချေမှုန်းနိုင်ရေးအတွက် အကောင်းဆုံးအခြေအနေ အချိန်အခါလို့မြင်ပါတယ်” ဟုဆိုသည်။
မွန်ပြည်သစ်ပါတီဝင်နှင့် တပ်ဖွဲ့ဝင်များခွဲထွက်ကာ သီးခြားရပ်တည်လာသည့်အပေါ် သဘောထားသိနိုင်ရန် မွန်ပြည်သစ် ပါတီ ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေးထံ ဧရာဝတီက ဖုန်းဖြင့်ဆက်သွယ်သော်လည်း အဆက်အသွယ်မရပေ။
မွန်ပြည်သစ်ပါတီတပ်ဖွဲ့ဝင်များ ခွဲထွက်၍ စစ်ကောင်စီကို ပြန်တိုက်မည့်သဘောထားအပေါ် မွန်ပြည် ဖက်ဒရယ်ကောင်စီက ကြိုဆိုထောက်ခံကြောင်း ယနေ့တွင် ထုတ်ပြန်ထားသည်။
ထို့ပြင် မွန်ပြည်ဖက်ဒရယ်ကောင်စီအနေဖြင့် စစ်အာဏာရှင်အား တိုက်ဖျက်ရာတွင် စစ်ရေးအရ ပူးပေါင်းဆောင်ရွက် သွား မည် ဖြစ်ပြီး နိုင်ငံရေးအရ ညှိနှိုင်းမှုများကိုလည်း ဆက်လက် လုပ်ဆောင်သွားမည်ဟုလည်း ဆိုထားသည်။
You may also like these stories:
TNLA နဲ့ KIA တိုက်ပွဲဖြစ်မှာကို ကွတ်ခိုင်မြို့ခံတွေစိုးရိမ်နေ
ရက္ခိုင့်တပ်တော်က အနိုင်ယူလာနေတဲ့ ရခိုင်စစ်မျက်နှာ
ညီနောင် ၃ ဖွဲ့ အပစ်ရပ်သော်လည်း ရှမ်းမြောက်၌ KIA ဆက်လက်စစ်ဆင်