မန္တလေးမြို့ရှိ ရပ်ကွက်များ၌ စစ်တပ်၊ ရဲ၊ ရပ်ကွက်အုပ်ချုပ်ရေး၊ ပြည်သူ့စစ်တို့ပါသော ပူးပေါင်းအဖွဲ့များက လူဦးရေ စာရင်းကောက်ခြင်း၊ ဧည့်စာရင်း စစ်ခြင်းတို့ ပြုလုပ်၍ လူငယ်များကို ဖမ်းဆီးနေကြောင်း ဒေသခံများ ထံက သိရသည်။
ဖမ်းဆီးခံရသူများမှာ ချမ်းမြသာစည်မြို့နယ်မှ ၁၉ ဦး၊ ပြည်ကြီးတံခွန်မြို့နယ်မှ ၁၂ ဦး၊ အောင်မြေသာစံမြို့နယ်မှ ၁၃ ဦး၊ မဟာအောင်မြေမြို့ နယ်မှ ၅ ဦး၊ ချမ်းအေးသာစံမြို့နယ်မှ ၇ ဦးနှင့် ပုသိမ်ကြီးမြို့နယ်မှ ၂၈ ဦးတို့ဖြစ်ကြောင်း၊ မြေပြင်တွင် ယခုထက် ပိုများနိုင်ပြီး ဖမ်းဆီးခံရသူများထဲမှ တချို့ ပြန်လွတ်လာကြောင်း သိရသည်။
အရွယ်ရောက်ပြီးသူတိုင်း စစ်မှုထမ်းရမည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီ ၁၀ ရက်က ထုတ်ပြန်ခဲ့ပြီးနောက် ဖေဖော်ဝါရီ ၁၅ ရက်နေ့မှစ၍ ဧည့်စာရင်းအကြောင်းပြချက်ဖြင့် လူငယ်များအား ဖမ်းဆီးမှု ပြုလုပ်လာခြင်း ဖြစ်သည်။
မန္တလေးမြို့ခံ တဦးက “စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးမှ စစ်ဆေးတာတွေ ပိုလုပ်လာတာကို သတိထားမိတယ်၊ ပထမဦးဆုံး မြို့မြောက်ဘက်ခြမ်းက အောင်မြေသာစံမြို့နယ်ထဲက ရပ်ကွက်တွေနဲ့ ပုသိမ်ကြီးမြို့နယ်မြောက်ခြမ်းက ရွာတွေဘက်ကို စစ်တာ၊ ဖမ်းတာတွေ လုပ်ခဲ့ကြတာ”ဟု ပြောသည်။
ယခုအခါ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့က လူဦးရေစာရင်းနှင့် အိမ်ထောင်စုစာရင်း ကောက်ယူခြင်းကို ခပ်စိပ်စိပ် ပြုလုပ်နေပြီး မန္တလေးသို့ လာရောက် အလုပ်လုပ်နေသူများနှင့် ခေတ္တခိုလှုံနေသူများကိုလည်း ဧည့်စာရင်းအကြောင်းပြ ဖမ်းဆီးသည့် အပြင် မြို့ခံများကိုလည်း ဖမ်းဆီးမှုများရှိနေကြောင်း၊ ဖေဖော်ဝါရီ ၁၅ ရက်မှ ဖေဖော်ဝါရီ ၂၆ ရက်နေ့အထိ မန္တလေး ၆ မြို့နယ်မှ လူငယ်လူရွယ် စုစုပေါင်း ၈၀ ကျော် ဖမ်းဆီးထားကြောင်း ဧရာဝတီမှ စုံစမ်းကောက်ယူထားသော စာရင်းများအရ သိရသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေအရ နိုင်ငံသားတိုင်းစစ်မှုထမ်းရမည်ဖြစ်ကာ အမျိုးသားများ အသက် ၁၈ နှစ်မှ ၃၅ နှစ် အတွင်း၊ အမျိုးသမီးများအနေဖြင့် အသက် ၁၈ နှစ်မှ ၂၇ နှစ်အတွင်း၊ ကျွမ်းကျင်ပညာရှင်ဖြစ်ပါက အမျိုးသားဆိုလျှင် အသက် ၁၈ နှစ်မှ ၄၅ နှစ် အထိနှင့် အမျိုးသမီးဆိုလျှင် အသက် ၁၈ နှစ် မှ ၃၅ နှစ်အထိ သတ်မှတ်ထားကြောင်း၊ စစ်မှုထမ်းရန် ကာလ ကို ၂ နှစ် သတ်မှတ်ထားပြီး စက်မှုလက်မှုပညာသည်များ၊ ကျွမ်းကျင်သူများအဖြစ် ဆင့်ခေါ်ခံရသူများမှာ ၃ နှစ် အထိ စစ်မှု ထမ်းရမည်ဖြစ်ကြောင်း၊ အရေးပေါ်အခြေအနေများတွင် ၅ နှစ်အထိ တာဝန်ထမ်းဆောင်ရမည် ဖြစ်ကြောင်း ပြဋ္ဌာန်းထား သည်။
မန္တလေးမြို့ခံ နိုင်ငံရေးအကျဉ်းသားဟောင်းတဦးက “အမှန်က ဧည့်စာရင်းတို့၊ လူစာရင်းတို့ အကြောင်းပြပြီးတော့ ဖမ်းခံ ရတဲ့သူတွေဆီကနေ ငွေညစ်နေကြတာ၊ ရုံးမှာဖမ်းထားပြီး ငွေရရင် ပြန်ထုတ်ပေးနေတာပဲ ပြည်သူတွေအနေနဲ့ ငွေညှစ် မခံရစေဖို့ အချိန်မတော် အပြင်ထွက် သွားလာတာမျိုးနဲ့ နေ့ခင်းပိုင်းတွေမှာလည်း သတိလေးနဲ့ သွားလာကြဖို့ လိုပါတယ်” ဟု ပြောသည်။
ဖေဖော်ဝါရီ ၂၅ ရက်က ချမ်းမြသာစည်မြို့နယ်ရှိ အောင်ပင်လယ်ရပ်ကွက်နှင့် ဖေဖော်ဝါရီ ၂၆ ရက်တွင် အောင်မြေသာစံ မြို့နယ် နန်းရှေ့ရပ်ကွက်တို့၌ နေ့လည်ပိုင်း ဧည့်စာရင်းဝင်စစ်၍ အသက် ၁၆ နှစ်ခန့်မှ ၃၀ ကျော်အရွယ် လူငယ် ၁၅ ဦးခန့်ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။
အောင်ပင်လယ်ရပ်ကွက်နေသူတဦးက “အောင်ပင်လယ်ဘက်ကို စစ်တာမှာ အရပ်ဝတ်တွေရော၊ ယူနီဖောင်းဝတ် လက်နက်ကိုင်တွေရော အယောက် ၃၀ ကျော် လောက်ရှိမယ်၊ အုပ်ကြီးနဲ့ သူ့အဖွဲ့တွေလည်း ပါတယ်၊ တအိမ်တက် တအိမ်ဆင်း စစ်ဆေးကြတာ၊ ၅၆ လမ်းဘက်နဲ့ ရွာလယ်လမ်းတဝိုက်က အိမ်တွေကို ဝင်စစ်ချိန်မှာ အသက် ၁၆ နှစ် လောက်ကနေ အသက် ၃၀ ကျော်အရွယ်တွေထိ ၁၅ ယောက်လောက် ဖမ်းခေါ်သွားကြတာ”ဟု ပြောသည်။
အောင်ပင်လယ်ရပ်ကွက်သည် မန္တလေး-ပြင်ဦးလွင်လမ်း(မြို့ပတ်လမ်း)နှင့် ကပ်လျက် ချမ်းမြသာစည်မြို့နယ် အရှေ့ခြမ်း ရှိ ဆင်ခြေဖုံးရပ်ကွက်တခုဖြစ်ပြီး နံနက် ၉ နာရီခန့်တွင် အိမ်များ၊ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်နှင့် ကာရာအိုကေ ဆိုင်များကို ဧည့်စာရင်းဟု အကြောင်းပြ၍ ဝင်ရောက်စစ်ဆေးခဲ့ကြခြင်းဖြစ်သည်။
အောင်ပင်လယ်ရပ်ကွက်နေ အမျိုးသမီးတဦးက “အိမ်ထောင်စုဇယားမှာပါတဲ့ လူဦးရေနဲ့ တိုက်စစ်တာတွေ လုပ်တယ်၊ လာစစ်တဲ့အချိန်က ကလေးတွေ အလုပ်သွားကြချိန် ဆိုတော့ ဘာအလုပ် လုပ်တာလဲ၊ ဘယ်မှာ လုပ်တာလဲ၊ နေ့တိုင်း ပြန်လာတာလား၊ စုံနေအောင် မေးတယ်၊ ဒါတောင် ကျမတို့က အောင်ပင်လယ်အမည်ပေါက် အိမ်ထောင်စုဇယားနော်၊ ပြီးတော့ ညအိပ်ဧည့်သည်လာရင်လည်း သူတို့ရုံးကို အကြောင်းကြားဖို့ ပြောသွားသေးတယ်”ဟု ပြောသည်။
ဖမ်းသွားသူများကို အောင်ပင်လယ်ရပ်ကွက်ရုံးတွင် နေ့တဝက်ခန့် ထားရှိခဲ့ပြီးနောက် ငွေပေးညှိနှိုင်းသူတချို့ကို ပြန် လွှတ် ပေးခဲ့ပြီး ကျန်သူများကို အောင်ပင်လယ်ရဲစခန်း၌ ချုပ်နှောင်ထားကြောင်း သတင်းများထွက်ပေါ်နေ၍ ဧရာဝတီက အောင်ပင်လယ်ရဲစခန်းနှင့် ချမ်းမြသာစည်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးများသို့ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ လက်ခံဖြေကြားခြင်း မရှိပေ။
ဖေဖော်ဝါရီ ၂၂ ရက်နေ့ကလည်း ပြည်ကြီးတံခွန်မြို့နယ် စက်မှု(၂) မြို့သစ် စွယ်တော်ကားကြီးဝန်း အနီးရှိ “ရွှေစံပယ်” တည်းခိုခန်း၌ တည်းခိုနေသော လူငယ်အချို့နှင့် တည်ခိုခန်းပိုင်ရှင်ကို စစ်သားများက ရိုက်နှက်ဖမ်းဆီးသွားပြီးနောက် လူငယ်များမှာ PDF တပ်ဖွဲ့ဝင်များဖြစ်ကာ လက်နက်များနှင့်အတူ ဖမ်းမိခဲ့သည်ဟု စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ် ချန်နယ် များ၌ ရေးသားထားသည်။
ဖေဖော်ဝါရီ ၂၆ ရက် နံနက်၉ နာရီခန့်က အောင်မြေသာစံမြို့နယ် ၁၉ လမ်းနှင့် လမ်း ၂၀ ကြား ၆၃ လမ်းပေါ်ရှိ ကြာခင်းခမ်း ရှမ်းခေါက်ဆွဲဆိုင်တွင် ခေါက်ဆွဲစားနေသည့် အသက် ၂၀ ဝန်းကျင် လူငယ် ၂ ဦးကို အရပ်ဝတ်ဖြင့် လက်နက်များကိုင် ထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း မျက်မြင်တွေ့ရှိခဲ့ရ သူတဦးက ဧရာဝတီကို ပြောသည်။
၎င်းက “အိမ်စီးကားတစီး၊ မီနီအိုးဝေတစီးနဲ့ လာတဲ့ အရပ်ဝတ်လက်နက်ကိုင် ၇ယောက်လောက်က ရှမ်းဆိုင်မှာ ထိုင်စား နေတဲ့ လူငယ် ၂ ယောက်ကို ဂုတ်ကနေ ဆွဲပြီး ခေါ်သွားကြတာ၊ ဘာကြောင့်ဖမ်းတယ်ဆိုတာတော့ မသိရဘူး၊ ဖြစ်တဲ့နေရာ က နန်းရှေ့ဈေးဧရိယာထဲဆိုတော့ ဖမ်းခံရတာ ဘယ်သူတွေဆိုတာလည်း မသိရဘူး”ဟု ပြောသည်။
ဖေဖော်ဝါရီ ၂၆ ရက် ညနေ ၅ နာရီခန့်က အောင်မြေသာစံမြို့နယ် ၇ လမ်းနှင့် ၈ လမ်းကြား ၇၆ လမ်း(စည်သာ လမ်း)ပေါ် တွင် လင်မယား ၂ ဦး မောင်းနှင်လာသော အိမ်စီးကားအား စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ယာဉ် ထိန်းရဲများက တားဆီး စစ်ဆေးကာ လူနှင့် ကားအား ဖမ်းဆီးသွားကြောင်း မန္တလေး မြေပြင်ကင်းထောက် MDY-Revolution က ထုတ်ပြန်ထား သည်။
ထိုနေ့ တရက်တည်းမှာပင် ချမ်းမြသာစည်၊ မဟာအောင်မြေ၊ အောင်မြေသာစံ စသည်မြို့နယ်များတွင် ဧည်စာရင်း စစ်ခြင်း၊ လူဦးရေစာရင်းနှင့် အိမ်ထောင်စုစာရင်း ကောက်ယူခြင်းများ ပြုလုပ်သွားကြောင်း သိရသည်။
စစ်မှုထမ်း ဥပဒေထုတ်ပြန်အပြီး မန္တလေးမြို့တွင် လူငယ်များအား ဦးတည်ကာ ပေါ်တာဆွဲနေသည်ဟု သတင်းများကြောင့် မြိုခံများ စိုးရိမ်ထိတ်လန့်မှု ဖြစ်နေရာ ည ၈ နာရီနောက်ပိုင်း လမ်းများပေါ် အသွားအလာ အလွန် နည်းပါးသွားသဖြင့် ဖေဖော်ဝါရီ ၁၉ ရက်မှ စတင်ကာ စစ်ကောင်စီ၏ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပေါ်တာဆွဲသည် ဆိုသော သတင်းများမှာ မှန်ကန်မှု မရှိဘဲ ပြည်သူများအနေဖြင့် ယခင်လို စိတ်အေးချမ်းစွာဖြင့် သွားလာနိုင်သည်ဟု ရပ်ကွက်များအတွင်း လိုက်လံ ကြေညာနေသည်။
You may also like these stories:
မန္တလေးတွင် လူသေဆုံးစေသည့် အုပ်စုဖွဲ့လုယက်မှု များလာနေ
မန္တလေး ကျောက်ဝိုင်းအား စည်းကမ်းချက်သစ်များဖြင့် စစ်ကောင်စီ တင်းကျပ်
မန္တလေးပတ်စပို့ရုံးရှေ့ တိုးဝှေ့တန်းစီရာမှ အမျိုးသမီး ၂ ဦး သေဆုံး
မန္တလေး အသံတိတ်သပိတ်၌ ပါဝင်သူများ ဖမ်းဆီးခံရ