အသံတိတ်သပိတ်၌ ဆိုင်မဖွင့်ဘဲ ပါဝင်သည်ဆိုကာ မန္တလေး မဟာအောင်မြေ ကျောက်ဝိုင်းမှ ဆိုင်ခန်း ၁၀၀ ကျော်ကို စစ်ကောင်စီက ၆လ ပိတ်လိုက်ပြီးနောက် စည်းကမ်းချက်အသစ်များ ထပ်မံထုတ်ကာ မလိုက်နာလျှင် ဆိုင်ခန်းသိမ်း မည်ဟု ခြိမ်းခြောက်ထားကြောင်း လုပ်ငန်းရှင်များ ထံမှ သိရသည်။
စည်းကမ်းချက်များမှာ ၂၃ချက်ရှိပြီး စစ်ကောင်စီကို အကြည်အညိုပျက်စေမည့် စာအုပ်စာတမ်းများ ရေးသားခြင်း၊ ဖြန့်ဝေခြင်း မပြုရန်၊ စစ်ကောင်စီ၏ လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ထိခိုက်စေသည့် လှုပ်ရှားမှုတခုခု၌ ပါ ဝင်ခြင်း သို့မဟုတ် အားပေးကူညီခြင်း မပြုရန်၊ စစ်ကောင်စီ ချမှတ်ထားသော ဥပဒေ၊ နည်းဥပဒေများကို ဖောက်ဖျက် ကျူးလွန်ပါက အရေးယူခံရ မည်ဖြစ်သလို စည်ပင်သာယာ၏ ထုတ်ပြန်ချက်များကိုလည်း လိုက်နာရမည်ဆိုသော စသည့်အချက်များ ထပ်မံဖြည့်စွက်ထားသည်။
ယင်းအချက်များထဲမှ တစုံတခုကို ဖောက်ဖျက်ကျူးလွန်ပါက ဆိုင်ခန်း ပြန်လည်သိမ်းယူခြင်းခံရမည် ဖြစ်ကြောင်း ဝန်ခံကတိရေးထိုးရန် စစ်ကောင်စီ၏ မန္တလေးမြို့ စည်ပင်သာယာရေးကော်မတီက ဖေဖော်ဝါရီ ၁၄ ရက်နေ့ ရက်စွဲဖြင့် ပေးပို့လာခြင်းဖြစ်သည်။
ကျောက်မျက်ရတနာ လုပ်ငန်းရှင်တဦးက “ပုံမှန်ဆို ကိုယ့်ဆိုင်ခန်းကိုယ် ဖွင့်ချင်တဲ့အချိန်ဖွင့် ပိတ်ချင်တဲ့ အချိန် ပိတ်ပေါ့။ အခုကျတော့ တရားဝင် ဝိုင်းပိတ်ရက်ဖြစ်တဲ့ လပြည့်နဲ့ လကွယ်ရက်မှ မဟုတ်ရင် မပိတ်ရဘူး။ ပိတ်ချင်ရင် စာတင်ရ မယ်။ ကျနော်တို့ အခု တရုတ်နှစ်သစ်ကူး ပိတ်တာတောင် ဘယ်ရက်မှာ ပိတ်ပြီး ဘယ်ရက်မှာ ဖွင့်ပါမယ်။ ဘာကြောင့် ပါ ဆိုတာ စာကပ်ရတယ်။ သူတို့ကိုလည်း ပြောရုံနဲ့ မရဘူး။ လက်မှတ်ထိုး စာပါတင်ရတာပေါ့။ မလုပ်ရင်တော့ ဆိုင်ခန်း သိမ်း အရေးယူမှာ” ဟု ဧရာဝတီသို့ ပြောသည်။
ကျောက်ဝိုင်းအတွင်းရှိ ဆိုင်ခန်းများ ပိတ်မည်ဆိုပါက စစ်ကောင်စီ၏ စည်ပင်သာယာရေးကော်မတီနှင့် အကျိုးတော် ဆောင်အဖွဲ့ထံသို့ ကြိုတင်၍ အကြောင်းပြချက်ခိုင်လုံစွာဖြင့် စာတင်၊ လက်မှတ်ထိုး၊ ဖုန်းနံပါတ်များ ပေးပြီးမှသာ ဆိုင်ခန်းများ ပိတ်ခွင့်ရှိမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။
ဆက်လက်၍ “၁ ရက်နေ့ကိစ္စ နောက်ပိုင်း လိုက်ကြပ်မတ်တာပေါ့။ အခုကတော့ သူတို့ (စကစ)နဲ့ မကင်းနိုင် အခြေ အနေဖြစ်တော့ မကြောက်လို့ မရဘူး ဖြစ်နေတာပေါ့” ဟု လက်ရှိအခြေအနေကို ရှင်းပြသည်။
မဟာအောင်မြေ ကျောက်ဝိုင်းအတွင်း ဆိုင်ခန်းပေါင်း ၁၀၀၀ ကျော်ရှိသည့်အနက် စစ်ကောင်စီတပ်၊ ရဲနှင့် စည်ပင် သာယာရေးအဖွဲ့များက ဖေဖော်ဝါရီ ၁ ရက်တွင် မဖွင့်သည့်ဆိုင်များကို စာရင်းကောက်၍ အသံတိတ်သပိတ်၌ ပါဝင် သည်ဟုဆိုကာ ၂၀၂၄ ဖေဖော်ဝါရီ ၂ ရက်မှ သြဂုတ်လ ၂ ရက်ထိ “၆ လ” ပိတ်ကြောင်း ဆိုင်ခန်းပေါင်း ၁၀၀ ကျော်ကို စာများ ကပ်သွားသည်။
ထိုပိတ်သိမ်းခံရသည့် ဆိုင်ခန်းများတွင် အသံတိတ်သပိတ်၌ပါဝင်သော ဆိုင်ခန်းများ ရှိသလို တရုတ်နှစ်ကူးနီးပြီဖြစ် သောကြောင့် အရောင်းအဝယ်ပါးသဖြင့် ပိတ်ထားသည့် ဆိုင်ခန်းများပါဝင်သဖြင့် ပြန်လည် ဖွင့်လှစ်ခွင့်ရရေး တင်ပြထားသည့် ဆိုင်ခန်းပိုင်ရှင်များလည်း ရှိကြောင်း သိရသည်။
ကျောက်ဝိုင်းအတွင်း အလုပ် လုပ်ကိုင်နေသူ တဦးက “ဆိုင်ခန်းတွေ အားလုံးကတော့ အခုထိ ဖွင့်လို့မရသေးဘူး။ ဖေဖော်ဝါရီ ၁၉ ရက်ကမှ ဒီကိစ္စတွေ အဓိက ကိုင်တွယ်တဲ့ စစ်ကောင်စီဘက်လူက လက်မှတ်ထိုးပြီး တိုင်းမှူးတွေဆီ တင်ထားတုန်းပဲ ရှိသေးတယ်။ ပြန်မပြောသေးဘူး ကြားတယ်။ ပြန်ပြောမှ ဒီခန်း ၁၀၀ ကျော်ထဲက ဘယ်အခန်း ပိတ်ရ မယ်၊ ဘယ်အခန်းပြန်ဖွင့်ရမယ် သိရမှာ။ နောက်ပြီးတော့ အခန်းပိုင်ရှင်တွေကို ခေါ်တွေ့တဲ့အခါမှာလည်း ၁ ရက်နေ့ အသံတိတ်သပိတ်မှာ ပါလားမေးတာတွေရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိတွင် ပိတ်သိမ်းခံထားရသောဆိုင်ခန်းများကို စစ်ကောင်စီ၏ တာဝန်ရှိသူများက ပြန်လည် စစ်ဆေးနေဆဲ ဖြစ်ကြောင်း ကျောက်ဝိုင်းအတွင်းမှ သိရသည်။
စစ်ကောင်စီ လော်ဘီ တယ်လီဂရမ်ချန်နယ်များကလည်း အသံတိတ်သပိတ်နေ့တွင် ကျောက်ဝိုင်း၌ ပိတ်ထားသော ဆိုင်ခန်းများအား ရုပ်သံဖိုင်နှင့် မှတ်တမ်းများယူကာ အရေးယူပေးရန် လှုံ့ဆော်ရေးသားပြီးနောက် ဆိုင်ခန်းများ ပိတ်သိမ်းခံရခြင်းဖြစ်သလို၊ ယခုတွင် စည်းကမ်းချက်များ စစ်ကောင်စီက ထပ်မံထုတ်ပြန်လာခြင်း ဖြစ်သည်။
မဟာအောင်မြေ ကျောက်မျက်ရောင်းဝယ်ရေးစခန်း (ကျောက်ဝိုင်း) သည် မဟာအောင်မြေမြို့နယ်၊ ၈၈ လမ်းနှင့် ၈၉ လမ်းကြား၊ ၃၉ လမ်းနှင့် လမ်း ၄၀ ကြားတွင်တည်ရှိပြီး ကျောက်စိမ်း၊ ကျောက်မျက် အရောင်းအဝယ်ပြုလုပ်ရာ၌ မြန်မာနိုင်ငံ၏ အကြီးဆုံး ကျောက်မျက်ဈေးတခုဖြစ်ကာ အမြဲတမ်းဆိုင်ခန်း ၁,၁၀၀ ကျော်နှင့် ပျံကျ အုတ်ခုံ ၁၇၀ ကျော် ရှိသည်။
ယခုအချိန်သည် တရုတ်နှစ်သစ်ကူး ပြီးခါစဖြစ်သောကြောင့်လည်း ကျောက်ဝိုင်းအတွင်း အရောင်းအဝယ်ပါးနေပြီး ဈေးအနိမ့်ပိုင်း ကျောက်မျက်ရတနာတချို့သာ အရောင်းအဝယ်ရှိကြောင်း ကျောက်မျက်လုပ်ငန်းရှင်များထံက သိရ သည်။
You may also like these stories:
အသံတိတ်သပိတ်ပါဝင်မှုဖြင့် မန္တလေးကျောက်ဝိုင်းမှ ဆိုင်ခန်း ၁၀၀ ကျော် ပိတ်ခံရ
မန္တလေး အသံတိတ်သပိတ်၌ ပါဝင်သူများ ဖမ်းဆီးခံရ
စစ်ကောင်စီ ဒေါ်လာရောင်းသော်လည်း ဈေးကွက်လိုအပ်ချက် မဖြည့်နိုင်