ကမ္ဘာကျော် ကျောက်စိမ်းများထွက်ရာ ဖားကန့်ဒေသရှိ စစ်တပ်စခန်းများကို ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် ပူးပေါင်းတပ်များက ထိုးစစ်ဆင်နေရာ ယနေ့နံနက်က ဖားကန့်နှင့် ကာမိုင်းကြားရှိ နန့်ယားတပ်စခန်းကို သိမ်းပိုက်လိုက် သဖြင့် ထိုဒေသကို KIA က ပိတ်ဆို့ထိန်းချုပ်ထားနိုင်ပြီဟု စစ်ရေးသတင်းရင်းမြစ်များက သုံးသပ်သည်။
KIAနှင့် ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ် (KPDF)တို့အနေဖြင့် မတ်လလယ်ကတည်းက တာမခန်၊ ကသိုဏ်းတောင် နှင့် တန်သုံးထောင်တပ်စခန်းများ သိမ်းခဲ့ပြီးဖြစ်ရာ ယနေ့နံနက်ပိုင်းက အရေးပါသော နန့်ယားတပ်စခန်းကို အပြီးသတ် သိမ်းပိုက်လိုက်ခြင်း ဖြစ်သည်။
KIA ပြောခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက “နန့်ယားကို မနက် ၇ နာရီဝန်းကျင်မှာ အပြီးသိမ်းနိုင်ပြီ။ ဖားကန့်မှာ အများအားဖြင့် အရေးကြီးတဲ့ တပ်စခန်းတွေကတော့ သိမ်းပိုက်လိုက်ပါပြီ။ ဒါပေမယ့် ကာမိုင်းဘက်နဲ့ ဖားကန့်မြို့တွင်းမှာတော့ ကျန်ပါသေးတယ်။ အားလုံးမဟုတ်ပေမယ့် အတော်များများ ထိန်းချုပ်လို့ရပါပြီ” ဟု ပြောသည်။
စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ် ပူးပေါင်းအင်အား ၁၀၀ခန့် တပ်စွဲထားသည့် နန့်ယားတပ်စခန်းအား ဧပြီ ၉ ရက်တွင် စတင်ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီး စစ်သား ၃၀ ကျော်က ယနေ့ အလံဖြူထောင်ကာ လက်နက်ချအညံ့ခံခဲ့ခြင်း ဖြစ်သည်။
KPDF ခေါင်းဆောင်တဦးဖြစ်သူ ကိုမင်းကိုက “လက်နက်ချပြီး အလင်းဝင်တာ ၃၇ ယောက် ရှိတယ်။ တချို့ကတော့ လက်နက်တွေမယူဘဲ ဒီအတိုင်းထွက်သွားတဲ့သူတွေလည်း ရှိတယ်” ဟု ပြောသည်။
ထိုစခန်းသည် ကာမိုင်း-ဖားကန့်လမ်းကြောင်းအား လုံခြုံရေးယူထားသည့် အရေးပါသောစခန်းတခုဖြစ်ပြီး ပြည်သူများ သွားလာရေးတွင်လည်း ဖမ်းဆီးစစ်ဆေးခြင်း၊ အဓမ္မငွေကြေးတောင်းခံခြင်းများပြုလုပ်ကာ အနှောင့်အယှက်ပေးနေသော စခန်းဖြစ်ကြောင်းလည်း ဗိုလ်မှူးကြီး နော်ဘူက ဆိုသည်။
ထိုတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ သေဆုံးမှုများ ရှိသကဲ့သို့ KIA ပူးပေါင်းအဖွဲ့ဘက်ကလည်း ထိခိုက်သေဆုံးမှုအချို့ ရှိခဲ့ကြောင်း၊ လက်နက်ခဲယမ်းများ KIA ပူးပေါင်းတပ်က သိမ်းဆည်းရရှိထားကြောင်း ဒေသတွင်းသတင်းများက ဖော်ပြထားသည်။
KIA ပြောခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူကမူ နန့်ယားစခန်းသိမ်းတိုက်ပွဲတွင် စစ်သုံ့ပန်းအချို့ ဖမ်းမိကြောင်းသာ အတည်ပြု ပြောဆိုပြီး အသေးစိတ်အခြေအနေအား ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။
ထို့အတူ ဖားကန့်မြို့အနောက်တောင်ဘက်ရှိ ဆယ်ဇင်ကျေးရွာအခြေစိုက် ရဲစခန်းနှင့် တပ်စခန်းကိုလည်း KIA ပူးပေါင်း တပ်များက နန့်ယားစခန်းနှင့်အတူ တပြိုင်နက်ထိုးစစ်ဆင်ခဲ့ရာ ရဲစခန်းသည် လက်နက်ချအညံ့ခံခဲ့ပြီး တပ်စခန်းမှာမူ ဆက်လက်တိုက်ခိုက်နေဆဲဖြစ်ကြောင်း သိရသည်။
ရဲအင်အား ၂၀ ကျော်ဖြင့် တပ်စွဲထားသည့် ဆယ်ဇင်းရဲစခန်းမှ စခန်းမှူး အပါအဝင် တပ်ဖွဲ့ဝင်အားလုံး ဧပြီ ၉ ရက်တွင် လက်နက်ချခဲ့သော်လည်း အင်အား ၁၀၀ ကျော်ဖြင့် တပ်စွဲထားသည့် စစ်တပ်ကုန်းမှာ ခုခံတိုက်ခိုက်လျက်ရှိသည်။
ကိုမင်းကိုက “ဆယ်ဇင်းရဲစခန်းကတော့ တချက်နှစ်ချက်ပဲ ပစ်ရသေးတယ်။ ဒီအတိုင်းပဲ သုံ့ပန်းအဖြစ် အလင်းဝင်လာတာ။ စစ်တပ်ကုန်းကတော့ အခုချိန်ထိ တိုက်ပွဲက ဆက်လက်ဖြစ်ပွားနေတုန်းပဲ” ဟု ဆိုသည်။
၂၀၂၄ နှစ်စမှ စတင်ပြီး ဖားကန့်မြို့ကို ဆက်သွယ်ထားသည့် အဓိကဝင်ပေါက်လမ်းကြောင်းများပေါ်ရှိ တပ်စခန်းများအား KIA ပူးပေါင်းတပ်များ တိုက်ခိုက်ခဲ့ရာ နန့်ယားစခန်းနှင့် တဆက်တည်းရှိနေသည့် နန့်တိန်စခန်း၊ ဟိုပင်-အင်းတော်ကြီး-ဝှေခါ-နမ့်မှော်လမ်းကြောင်းမှ ဝှေခါတပ်စခန်းတို့ကိုလည်း သိမ်းပိုက်ထားပြီ ဖြစ်သည်။
ထို့ကြောင့် ဖားကန့်သို့ အဝင်လမ်းကြောင်း သုံးခုလုံးပေါ်ရှိ တပ်စခန်းများအား KIA ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ကာ ဖြတ်တောက်ထားနိုင်သည့်အတွက် ဖားကန့်ရှိတပ်ရင်းများ ပိတ်မိနေသည့် အခြေအနေဖြစ်ကြောင်း စစ်ရေးလေ့လာသူ တဦးက ပြောသည်။
၎င်းက “နမ့်ယားကို တိုက်တာကတော့ လမ်းကြောင်းဖြတ်တောက်တာပေါ့။ စစ်တပ်ကလည်း ဝှေခါနဲ့ ဖားကန့်ကြား တောင်ကနေ ကားလမ်းပိတ်ထားတယ်ကြားတယ်။ အခုအကုန်လုံးက ဖားကန့်ကတော့ ပိတ်မိနေတာပဲ။ ဆယ်ဇင်းဘက် ထိုးတာကတော့ အဓိကက ဟုမ္မလင်းဘက်ကနေ စစ်တပ်နဲ့ ရှမ်းနီ SNA တပ် လာမှာစိုးလို့ တားတဲ့သဘောပါပဲ” ဟု သုံးသပ်သည်။
လက်ရှိတွင် KIA နှင့် KPDF များ ပိတ်ဆို့ထိန်းချုပ်ထားသည့် ဖားကန့်မြို့တွင် ကံဆီးဗျူဟာစခန်း၊ ဖားကန့်မြို့တွင်း ဗျူဟာစခန်းနှင့် ဖားကန့်ထောင် လုံခြုံရေးစခန်းလောက်သာ ကျန်ရှိပြီး ကျန်နေရာများအား ထိန်းချုပ်ထားနိုင်ပြီ ဖြစ်ကြောင်းလည်း KPDF ခေါင်းဆောင် ကိုမင်းကိုက ပြောသည်။
၎င်းက “ဖားကန့်မှာ အဓိကလမ်းကြောင်းတွေနဲ့ တပ်တခုနဲ့တခုလာနိုင်တဲ့ စစ်ကူလမ်းကြောင်းတွေကို ဖြတ်တောက်ထား နိုင်အောင် ဦးတည်ပြီး သွားနေတာပေါ့။ တော်တော်များများ ကုန်သွယ်ရေး၊ ရိက္ခာလမ်းကြောင်းတွေ အကုန်လုံးကို လက်ဦးမှုယူထားတယ်လို့ ပြောလို့ရတယ်။ ဘက်ပေါင်းစုံက ပိတ်ဆို့ထားတဲ့ အခြေအနေပေါ့။ ၂၀၂၄ နှစ်စကနေပြီး ထိုးစစ်ဆင်ဖို့ ဗျူဟာချထားပြီးတော့ ဆက်တိုက်လုပ်သွားဖို့ရှိပါတယ်” ဟု ဆိုသည်။
KIA ပူးပေါင်းတပ်များသည် ဖားကန့်ဒေသတွင် ထိုးစစ်ဆင်နေချိန် မတ် ၇ ရက်မှစတင်ပြီး KIA ဌာနချုပ်လိုင်ဇာအနီး တပ်စခန်းများ၊ ဗန်းမော်-မြစ်ကြီးနားလမ်းနှင့် ဗန်းမော်-လွယ်ဂျယ်လမ်းရှိ တပ်စခန်းများအား ထိုးစစ်ဆင်ခဲ့ရာ ယနေ့ထိ စစ်တပ်စခန်းအကြီးအသေး ၆၀ ကျော် သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်သည်။
ထို့ပြင် မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သည့် လွယ်ဂျယ်မြို့ကိုလည်း KIA က အပြီးသတ်သိမ်းပိုက်ထားပြီး ထိန်းချုပ်လည်ပတ်လျက် ရှိသည်။
KIA ၏ ထိုးစစ်အတွင်း စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၂၁) နှင့် တပ်မ ၈၈ ရှေ့တန်းဌာနချုပ်တို့ အခြေစိုက်ရာ ဗန်းမော်မြို့ကိုလည်း တစုံတရာ ဝိုင်းပတ်ပိတ်ဆို့ထားနိုင်သည့် အခြေအနေဖြစ်ကြောင်း KIA နှင့် စစ်ရေးလေ့လာသူအချို့က ပြောသည်။
စစ်ရေးလေ့လာသူတဦးက “လောလောဆယ် KIA က ဖားကန့်ဦးတည်မလား၊ ဗန်မော်ဦးတည်မလားဆိုတာ ပြောရခက် တယ်။ အရင်တခေါက်လည်း တာမခန်တိုက် ဘာတိုက်လုပ်ပြီး ဖားကန့်ဘက် ဦးတည်လာမလိုလုပ်ပြီးမှ ဗြုန်းဆို လိုင်ဇာဘက်မှာ ထိုးစစ်အကြီးအကျယ်လုပ်လိုက်တာ။ အခုလည်း ဘယ်ကိုဦးတည်မလဲ စောင့်ကြည့်ရမယ်။ ဒါပေမယ့် သူ့အနေနဲ့ ဘာတိုက်တိုက် လိုက်လို့ရတဲ့အနေအထားပဲ” ဟု ပြောသည်။
KIA ပြောခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူကလည်း ဗန်းမော်သို့ တရုတ်နယ်စပ် လွယ်ဂျယ်မှ အဝင်လမ်းကြောင်းနှင့် မြစ်ကြီးနားမှ ဆင်းလာသည့် လမ်းကြောင်းတို့တွင် KIA တပ်များ အထိုင်ချထားနိုင်ပြီဖြစ်သကဲ့သို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ရေလမ်းမှ ဝင်လာနိုင်သည့် လမ်းကြောင်းကိုလည်း ထိန်းချုပ်ထားနိုင်သော အခြေအနေရှိကြောင်း ဆိုသည်။
ကချင်ပြည်နယ်အတွင်း ထိုးစစ်အရှိန်မြှင့်နေဆဲဖြစ်သည့် KIA နှင့် KPDF ပူးပေါင်းတပ်များအနေဖြင့် ဗန်းမော်၊ မံစီ၊ မိုးမောက်၊ တနိုင်း၊ ဆွမ်ပရာဘွမ်၊ ဆင်ဘိုနှင့် ဆော့လော်မြို့နယ်တို့တွင် ဆက်လက်ထိုးစစ်ဆင်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် ဆော့လော်မြို့နယ်ရှိ ပြည်သူ့စစ်တပ်စခန်းတခုအား KIA က တိုက်ခိုက်ခဲ့သည်။
You may also like these stories:
လွယ်ဂျယ်ကို အပြီးသတ်သိမ်း၍ တရုတ်နယ်စပ် KIA ထိန်းချုပ်
မံစီ၊ မိုးမောက်မှ တပ်စခန်း ၃ ခု KIA ပူးပေါင်းတပ် ထပ်မံသိမ်းပိုက်
စိန်လုံကို သိမ်းခြင်းဖြင့် ဗန်းမော်နှင့် မြို့ကြီးတချို့ KIA ခြိမ်းခြောက်လာ