ရခိုင်ပြည်နယ်၊ စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်တွေက ပြည်သူတွေကို အာရက္ခတပ်တော် (AA) ရဲ့ လွတ်မြောက်နယ်မြေတွေမှာ လာရောက်နေထိုင်ကြဖို့ တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဧပြီလ ၁၀ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
စစ်ကောင်စီရဲ့ထိန်းချုပ်မှုအောက်မှာ ပိတ်မိနေတဲ့ ပြည်သူတွေကို အဆင်ပြေတဲ့နည်းလမ်းနဲ့ AA ရဲ့ လွတ်မြောက်နယ်မြေတွေကိုလာဖို့နဲ့ အဆုံးအဖြတ်တိုက်ပွဲကြီးအတွက် ပြင်ဆင်ကြဖို့ AA ၁၅ နှစ်ပြည့် သဝဏ်လွှာမှာ ပြောကြားလိုက်တာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်ရဲ့ မြို့တော်စစ်တွေနဲ့ ကျောက်ဖြူခရိုင်ဟာ လက်ရှိမှာစစ်ကောင်စီရဲ့ ထိန်းချုပ်မှုအောက်မှာပဲ ရှိနေပြီး လမ်းပန်းဆက်သွယ်ရေး အပါအဝင် ကုန်စည်စီးဆင်းမှုတွေပါ ပြတ်တောက်နေတာ ဖြစ်ပါတယ်။
စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ စစ်တွေမြို့ဟာ AA သိမ်းပိုက်ထားတဲ့ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်မြို့နယ်တွေနဲ့နယ်နိမိတ်ချင်းထိစပ်နေတာဖြစ်ပါတယ်။
ကျောက်ဖြူခရိုင်ထဲမှာတော့ ကျောက်ဖြူမြို့နယ်နဲ့ ရမ်းဗြဲမြို့နယ်တို့ပါဝင်ပြီး ရမ်းဗြဲမြို့ကို AA ကသိမ်းပိုက်ထားပြီးဖြစ်ပါတယ်။












