ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပူးပေါင်းတပ်များက မိုးမောက်မြို့အနီးရှိ စစ်တပ်စခန်း ၂ ခုနှင့် မံစီမြို့နယ် ဟန်ထက်ကျေးရွာအနီးမှ တပ်စခန်းတို့အား ထပ်မံသိမ်းပိုက်နိုင်ခဲ့ကြောင်း KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။
မံစီမြို့အနောက်ဘက် ၅ မိုင်ခန့်အကွာ မန္တလေး-ဗန်မော်လမ်းမကြီးပေါ်တည်ရှိသည့် ဟန်ထက်စခန်းအား KIA ပူးပေါင်း တပ်များက ဧပြီ ၃ ရက်တွင် စတင်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီးနောက် ယနေ့နံနက်ပိုင်း၌ အပြီးသတ်ရှင်းလင်း သိမ်းပိုက် နိုင်ခဲ့ခြင်း ဖြစ်သည်။
ဗိုလ်မှူးကြီး နော်ဘူက “ဟန်ထက်စခန်းကို မနေ့က သိမ်းလိုက်ပြီးမှ ဒီမနက် ၈ နာရီလောက်မှာ ကျနော်တို့အဖွဲ့တွေ အကုန် လုံး နယ်မြေရှင်းလင်းရေးတွေ လုပ်ပြီးပါပြီ။ ဗန်မော်ကနေ ရွှေကူဘက်ကို ဆင်းသွားတဲ့လမ်းပေါ်မှာရှိတဲ့စခန်း ဖြစ်ပါတယ်။ ကျနော်တို့ရဲ့ သွားရေးလာရေးမှာလည်း အနှောင့်အယှက်ပေးနေတဲ့စခန်း ဖြစ်ပါတယ်။ တော်တော်များများကို ကြားက နေပြီးတော့ လုံခြုံရေးယူပေးနေတဲ့စခန်း ဖြစ်ပါတယ်။ အဓိကတော့ လမ်းပိုင်းလုံခြုံရေးယူပေးတဲ့စခန်း၊ ထောက်ပို့ပေးတဲ့ စခန်း ဖြစ်ပါတယ်” ဟု ဧရာဝတီကို ပြောသည်။
ဟန်ထက်စခန်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က Y12 လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် မံစီမြို့နယ်အခြေစိုက် ခြေမြန်တပ်ရင်း ခမရ-၁၀၆ တပ်စခန်းမှလည်း လက်နက်ကြီးများနှင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။
မန္တလေး-ဗန်မော်လမ်းမနှင့် ဗန်မော်-မံစီ-ရွှေကူလမ်းမလမ်းဆုံ တည်ရှိသည့် ဟန်ထက်တပ်စခန်းတွင် အင်အား ၈၀ ခန့် တပ်စွဲထားခြင်းဖြစ်ပြီး စစ်တပ်လှုပ်ရှားမှုများကို လုံခြုံရေးယူပေးနေသည့် အရေးပါသောစခန်းတခုလည်း ဖြစ်သည်။

ထိုစခန်းအား သိမ်းပိုက်နိုင်ပြီဖြစ်ရာ KIA ပူးပေါင်းတပ်များအနေဖြင့် မံစီမှ ရွှေကူဘက်ဆင်းသည့် လမ်းကြောင်းပေါ်ရှိ ဧရာဝတီမြစ်ကူးတံတားတည်ရှိရာ စင်းခန်းကျေးရွာပတ်ဝန်းကျင်မှ တပ်စခန်းများအား ဆက်လက်တိုက်ခိုက်မည်ဆိုပါက လမ်းကြောင်း ပိုမိုလွယ်ကူသွားပြီ ဖြစ်ကြောင်းလည်း မြေပြင်သတင်းအရင်းအမြစ်တဦးက ပြောသည်။
KIA ပူးပေါင်းတပ်များအနေဖြင့် ပြီးခဲ့သည့် ဧပြီ ၂ ရက်၊ ၃ ရက်များကလည်း မိုးမောက်မြို့အရှေ့ဘက် ၂ မိုင်ခန့်အကွာ တောင်ခြေရှိ ကျောက်စခန်းအနီးမှ Hka Wan Bang တပ်စခန်းနှင့် မိုင်ဆပ်ကောင့်တပ်စခန်းတို့ကိုလည်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
ထိုစခန်းနှစ်ခုသည် KIA က သိမ်းပိုက်ထားသော စိန်လုံကဘာဗျူဟာစခန်းကြီးမှ မိုးမောက်မြို့ဘက်အဆင်း တောင် ခြေရင်းတွင် တည်ရှိသည့်အတွက် မိုးမောက်မြို့အား KIA ပူးပေါင်းတပ်များအနေဖြင့် အနီးကပ်ပိတ်ဆို့ထားနိုင်သည့် အခြေအနေ ဖြစ်သည်။

ဗိုလ်မှူးကြီး နော်ဘူက “စုပေါင်းဂိတ်ပုံစံဖြစ်တဲ့ ကျောက်စခန်းနဲ့ မိုင်ဆပ်ကောင့် အဲဒီမှာ ကျနော်တို့ နေရာယူထားပါတယ်။ မိုးမောက်နဲ့ ၂ မိုင်လောက်ပဲ ကွာတယ်။ တောင်ခြေအထိ ကျနော်တို့ စောင့်ကြည့်ထားနိုင်တဲ့အနေအထား ဖြစ်ပါတယ်” ဟု ဆိုသည်။
မိုးမောက်နှင့် လွယ်ဂျယ်လမ်းပိုင်းရှိ စိန်လုံကဘာ၊ ယောယုံတို့ကဲ့သို့ အဓိကစစ်တပ်စခန်းကြီးများ အပါအဝင် တပ်စခန်း အားလုံးအား KIA ပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ခဲ့ပြီးနောက် မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်ရေးဂိတ်ဖြစ်သည့် လွယ်ဂျယ်မြို့တွင်းမှ စစ်သား၊ ရဲနှင့် ဌာနဆိုင်ရာဝန်ထမ်းများအားလုံး ရုံးဌာနများကို စွန့်ခွာကာ မြို့အနီးရှိတပ်စခန်းတွင် စုပေါင်းနေထိုင်လျက်ရှိကြောင်း ရှေ့တန်းသတင်းအရင်းအမြစ်များက ပြောသည်။
ထို့ကြောင့် KIA ပူးပေါင်းတပ်များက မြို့အတွင်းဝင်ကာ စစ်ကောင်စီလက်အောက်ခံ ရုံးဌာနများအား ချိပ်ပိတ်ခဲ့ပြီး မြို့တွင်း လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
ထိုအခြေအနေနှင့်ပတ်သက်ပြီး ဗိုလ်မှူးကြီး နော်ဘူက “လွယ်ဂျယ်ကရုံးတွေကို သူတို့ဘာသူတို့ ပိတ်သွားတယ်။ မူးယစ် ဆေးသမားတွေ၊ သူခိုးဓားပြတွေက ရမ်းရမ်းကားကားဖြစ်နေတာ။ ကျနော်တို့ KIA အနေနဲ့တော့ ပြည်သူလူထုရဲ့ အိုးအိမ် တွေကို စောင့်ရှောက်ပေးတဲ့သဘောမျိုးနဲ့ ထိန်းထိန်းသိမ်းသိမ်း လုပ်ပေးတဲ့ဟာမျိုးတွေတော့ ရှိပါတယ်။ ကျနော်တို့ အုပ်ချုပ်မှုယန္တရားချပြီးတော့ လည်ပတ်နေတာ မဟုတ်ပါဘူး။ အဲဒီလိုအဆင့်တော့ ကျနော်တို့မလုပ်ပါဘူး” ဟု ပြောသည်။

KIA ပူးပေါင်းတပ်များအနေဖြင့် ကချင်ပြည်နယ်အတွင်း မတ် ၇ ရက်မှစတင်ပြီး ထိုးစစ်ဆင်လျက်ရှိရာ ယနေ့အချိန်ထိ စစ်ကောင်စီ တပ်စခန်း အကြီးအသေး ၆၀ ကျော်အား တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီဖြစ်ပြီး ဗန်းမော်၊ မံစီနှင့် မိုးမောက် မြို့တို့အား ဝန်းရံပိတ်ဆို့ထားသည်။
ထို့ကြောင့် ဗန်းမော်နှင့် မံစီမြို့ခံ ပြည်သူများအနေဖြင့် မြို့အတွင်း တိုက်ပွဲများ ဖြစ်ပွားလာမည်ကို စိုးရိမ်မှုရှိနေပြီး ဗုံးခိုကျင်း ကြိုတင်တူးသူများနှင့် အခြားမြို့၊ ရွာများသို့ တိမ်းရှောင်သူများရှိနေကြောင်း သိရသည်။
KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူကလည်း တိုက်ပွဲများမှာ ကြိုတင်ခန့်မှန်းမရနိုင်သည့်အတွက် ပြည်သူများ အနေဖြင့် စစ်ရေးအခြေအနေများအား အမြဲသတိထားစောင့်ကြည့်နေရန်နှင့် တိုက်ပွဲသတင်းများကို နားစွင့်ထားကြရန် အရေးကြီးကြောင်း သတိပေးပြောဆိုသည်။
You may also like these stories:
စိန်လုံကို သိမ်းခြင်းဖြင့် ဗန်းမော်နှင့် မြို့ကြီးတချို့ KIA ခြိမ်းခြောက်လာ
စစ်ကောင်စီ တပ်ရင်းအပါအဝင် စခန်း ၅ခု KIA ထပ်မံ သိမ်းပိုက်
မိုးမောက်အရှေ့ခြမ်း စစ်တပ်စခန်းများ KIA သိမ်း
လိုင်ဇာကို ခြိမ်းခြောက်နေသည့် လက်ကျန် စစ်တပ်စခန်း KIA သိမ်း