မလေးရှားနိုင်ငံသည် အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) ဥက္ကဋ္ဌတာဝန် မယူမီ ဝန်ကြီးချုပ် မစ္စတာ အန်နဝါ အီဗရာဟင်က မြန်မာတွင် အကြမ်းဖက်မှုရပ်ရန် ထပ်မံ တောင်းဆိုလိုက်သည်။
မလေးရှား ဝန်ကြီးချုပ်က ဘုံသဘောတူညီချက် ၅ ချက်ကို လိုက်နာရန် အရေးကြီးကြောင်း ထပ်မံ အလေးထားပြောပြီး မလေးရှားနိုင်ငံသည် သြဇာရှိသည် ဆွေးနွေးဘက်များနှင့် ငြိမ်းချမ်းရေး၊ ထိရောက်သော လူသားချင်းစာနာမှု အကူအညီပေးရေး ယန္တရားများနှင့် နောက်ဆုံးတွင် သက်ဆိုင်သူအားလုံး နိုင်ငံရေးအရ ထိတွေ့ဆက်ဆံရေးအတွက် အခြား အာဆီယံနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း ပြောသည်။
လူသေဆုံးမှု၊ နေရပ်စွန့်ခွာမှုနှင့် တိုက်ပွဲ အတိုင်းအတာအရ မိမိတို့ ရင်ဆိုင်ရမည့် ခက်ခဲသော စိန်ခေါ်မှုသည် မြန်မာမှ အကျပ်အတည်း ဖြစ်သည်ဟု ဇွန်လ ၆ ရက်နေ့တွင် ကျင်းပသည် ၃၇ ကြိမ်မြောက် အာရှ-ပစိဖိတ် စားပွဲဝိုင်းဆွေးနွေးပွဲ ဖွင့်ပွဲမိန့်ခွန်းတွင် မလေးရှား ဝန်ကြီးချုပ်က ပြောသည်။
အဖွဲ့ဝင်နိုင်ငံ တနိုင်ငံသည် အာဆီယံ ပဋိညာဉ်၏ ကျင့်ဝတ်ကို ချိုးဖောက်သောအခါ အာဆီယံက ပေးပို့သည့် သတင်းစကားသည် တညီတညွတ်တည်း ထုတ်ဖော်ပြောဆိုမှု ဖြစ်ရမည်ဖြစ်ပြီး အရေးယူ ဆောင်ရွက်ရန် ပျက်ကွက်ခြင်းသည် ကျင့်ဝတ်တာဝန် ပျက်ကွက်ခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။
အာဆီယံသည် မြန်မာသို့ အကူအညီပေးခြင်းကို နည်းလမ်းပေါင်းစုံဖြင့် ပြုလုပ်ရမည် ဖြစ်သော်လည်း နိုင်ငံတွင်းမှ အင်အားစု အမျိုးမျိုးသည် အဆင်သင့်ဖြစ်မှသာ လုပ်နိုင်မည်ဖြစ်ကြောင်း မစ္စတာ အန်နဝါက ပြောသည်။
“ဒါပေမယ့် ကျနော်တို့က ဘက်စုံ ပိုမိုဆန်းသစ်တဲ့ နည်းလမ်းတွေကို မကြိုးစားသင့်ဘူးလို့ မဆိုလိုဘူး။ လက်ရှိ အခြေအနေက မတည်ငြိမ်ဘူး။ မြန်မာက သက်ဆိုင်သူ အမျိုးမျိုးကြားမှာ သူတို့နိုင်ငံ အနာဂတ် ဘယ်လိုပုံစံ ရှိမလဲဆိုတဲ့ ရှည်ကြာခက်ခဲတဲ့ ဆွေးနွေးပွဲတွေ စတင်နေပြီ” ဟု ၎င်းက ပြောသည်။
ထိုသို့ လုပ်ဆောင်ရာတွင် ဖက်ဒရေးရှင်းနှင့် အလားတူစနစ် ပါဝင်သည်။ မြန်မာပြည်သူများအတွက် မည်သည်က အကောင်းဆုံးဖြစ်သည်ကို ဆုံးဖြတ်ရန် မိမိတို့တာဝန် မဟုတ်သော်လည်း အိမ်နီးချင်းများအနေဖြင့် မိမိတို့ မည်သည်ကို မည်သည့်နေရာမှ ကူညီရန်ဆိုသည်ကိုမူ တာဝန်ရှိသည်ဟု မစ္စတာ အန်နဝါက ပြောသည်။
မလေးရှားနိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် ဥက္ကဋ္ဌတာဝန်ယူရန် ပြင်ဆင်နေစဉ် အပြန်အလှန် ဆက်စပ်မှုကို ဂုဏ်ပြုသည့် အရပ်ဖက်နှင့် အားလုံးအကျုံးဝင်သည့်အမြင် ပါဝင်သော မလေးရှား မဒါနီမူများ (ကောင်းမွန်သော အုပ်ချုပ်မှု၊ ရေရှည်တံ့သော ဖွံ့ဖြိုးမှုနှင့် လူမျိုးရေး သဟဇာတဖြစ်မှု) ကို အလေးထားသည့် ကျင့်ဝတ်ခေါင်းဆောင်ဖြစ်ရန် ကြိုးစားမည်ဟု မစ္စတာ အန်နဝါက ပြောသည်။
မလေးရှားသည် အာဆီယံဥက္ကဋ္ဌ တာဝန်ကို ၁၉၇၇၊ ၁၉၉၇၊ ၂၀၀၅ နှင့် ၂၀၁၅ ခုနှစ်တို့တွင် ထမ်းဆောင်ခဲ့သည်။
ဘုံသဘောတူညီချက် ၅ ချက်ကို ၂၀၂၁ ခုနှစ်တွင် အာဆီယံက လက်မှတ်ရေးထိုးပြီး အကြမ်းဖက်မှု ချက်ချင်းရပ်စဲရေးနှင့် အကြမ်းဖက်မှုအစား အားလုံးအကျုံးဝင်သည့် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပရေး ပါဝင်သည်။
သူ၏မိန့်ခွန်းတွင် မစ္စတာ အန်နဝါက မလေးရှားသည် ငြိမ်းချမ်းရေးနှင့် တိုးတက်မှုအတွက် ဆက်လက် ရပ်တည်ပြီး တရုတ်၊ အမေရိကန် ပြည်ထောင်စုတို့နှင့် ခိုင်မာ အကျိုးရှိသော ဆက်ဆံရေးကို ထိန်းသိမ်းမည်ဖြစ်ကြောင်း ပြောသည်။
မလေးရှားသည် ပါလက်စတိုင်း၊ ယူကရိန်း၊ မြန်မာ ပဋိပက္ခများနှင့် ဆူဒန်၊ အာဖဂန်၊ အီသီယိုးပီးယား၊ ဟေတီ အပါအဝင် ကမ္ဘာတွင် ဖြစ်နေသည့် အကြမ်းဖက်မှုများအတွက် ကာကွယ်ရပ်တည်မည် မဟုတ်ကြောင်း ၎င်းက ပြောသည်။
“ကျနော်တို့က အရမ်းလွတ်လပ်တယ်။ ဆိုလိုတာက အင်အားကြီးနိုင်ငံတွေက ကမ္ဘာကို ဘယ်လို မြင်တယ်ဆိုတာကို ကျနော်တို့ လက်မခံဘူး။ ကျနော်တို့ ဖွင့်ဆိုတဲ့ အမျိုးသားနဲ့ သေနင်္ဂဗျူဟာ အကျိုးစီးပွားအတွက် မလေးရှားဟာ ဆက်လက်ဖော်ဆောင်မယ်” ဟု မစ္စတာ အန်နဝါက ပြောသည်။
“မလေးရှားက ငြိမ်းချမ်းရေးနဲ့ တိုးတက်မှု၊ မိတ်ဆွေစိတ်ဓာတ်အတွက် ရပ်တည်ပြီး အရေးအကြီးဆုံးက နိုင်ငံတကာဥပဒေနဲ့ ပူးပေါင်းဆောင်ရွက်ရေးကို လိုက်နာတယ်” ဟု ၎င်းက ပြောသည်။
မစ္စတာ အန်နဝါက အကြီးမားဆုံး ကုန်သွယ်ဖက်နှင့် အဓိက ရင်းနှီးမြှုပ်နှံသူ နှစ်နိုင်ငံနှင့် နိုင်ငံစုံမိတ်ဖက် တရုတ်နှင့် မလေးရှားအကြား သံတမန် ဆက်ဆံရေး နှစ် ၅၀ ပြည့်နှင့် အမေရိကန် ပြည်ထောင်စုနှင့် ကျယ်ပြန့်သော ပူးပေါင်းဆောင်ရွက်မှု ၁၀ နှစ်ပြည့်ကို မီးမောင်းထိုး ပြောကြားသည်။
“ဒါကြောင့် မလေးရှားဟာ တရုတ်နဲ့သာမက အမေရိကန် ပြည်ထောင်စုနဲ့ပါ ခိုင်မာအကျိုးရှိတဲ့ ဆက်ဆံရေး ထိန်းသိမ်းထားတယ်” ဟု ၎င်းက ပြောသည်။
“တချိန်တည်းမှာပဲ ကျနော်တို့ရဲ့ ရေရှည် သေနင်္ဂဗျူဟာကျပြီး ကျယ်ပြန့်တဲ့ သေနင်္ဂဗျူဟာ မိတ်ဖက်တွေနဲ့ဖြစ်စေ၊ ကမ္ဘာ့တောင်ပိုင်းက မိတ်ဆွေတွေနဲ့ဖြစ်စေ တခြားမိတ်ဖက်တွေနဲ့ အကျိုးရှိပြီး အဓိပ္ပာယ် ပြည့်ဝတဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထားတယ်” ဟု မစ္စတာ အန်နဝါက ပြောသည်။
ကိုးကား ။ ။ Straits Times သတင်း Malaysian PM Anwar calls for an end to violence in Myanmar
You may also like these stories:
မြန်မာကို ASEAN မှ ဖဲ့ထုတ်ပစ်ရန် မလေးရှားဝန်ကြီးချုပ် အကြံပြုချက် ခက်ခဲမည်
မြန်မာအကျပ်အတည်းတွင် ထိုင်းကြားဝင်ရန် မလေးရှား ဝန်ကြီးချုပ်တိုက်တွန်း
တရားမဝင် နေသူများ ဒဏ်ကြေးဆောင်၍ မလေးရှားမှ ပြန်ခွင့်ပြု
စစ်ကောင်စီသို့ လောင်စာတင်ပို့မှု ရပ်ရန် မလေးရှားကို CTUM တိုက်တွန်း