မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ကျောက်တံတားကျေးရွာတွင် တိုက်ပွဲများဖြစ်ပွားနေချိန် မတ္တရာမြို့နယ် တောင်ခြမ်းနှင့် ပုသိမ်ကြီးမြို့နယ်ရှိ ရွာများအားစီးနင်း၍ ဧည့်စာရင်းစစ်ခြင်း၊ ဒေသခံများအား ဖမ်းဆီးခြင်းများ ပြုလုပ်နေကြောင်း ဒေသခံများထံက သိရသည်။
မန္တလေး – မတ္တရာကားလမ်းတလျောက်ရှိ သရက်ကိုင်း၊ မြကန်သာ၊ လင်းမြွေချောင်း၊ ကြာနီကန်၊ ထီးတော်မိုး၊ ကုလားမ တောင်၊ ပဲလှော်ဖို၊ နွယ်နီ၊ နန္ဒာ(တောင်/မြောက်) ကျေးရွာများအား စစ်ကောင်စီလက်အောက်ခံ ဒေသအုပ်ချုပ်ရေးအဖွဲ့များ ပါဝင်မှုမရှိဘဲ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ပျူစောထီးများ ပူးပေါင်းပြီး ဇူလိုင် ၂၀ ရက်မှ စတင်၍ ဝင်ရောက်နေကြခြင်းဖြစ် သည်။
မတ္တရာမြို့နယ်မှ စစ်ရှောင်များအား ကူညီပေးနေသူတဦးက “မန္တလေး- မတ္တရာကားလမ်းတလျောက်မှာရှိတဲ့ မန္တလေးနဲ့ နီးတဲ့ ရွာတွေကို အခုရက်ထဲ နေ့ခင်းပိုင်းတွေမှာ ဧည့်စာရင်းစစ်တာတွေ လုပ်လာတာ။ စစ်တာမှ အိမ်ထောင်စုဇယားနဲ့ လူဦးရေ တိုက်ပြီးကို စစ်တာ။ အချို့ အိမ်ငှားနေကြသူတွေ ဧည့်စာရင်းတိုင်မထားဘူးဆိုရင် ဖမ်းခေါ်သွားပြီး ငွေညှစ်တော့ တာပဲ၊ တချို့ လူငယ်တွေဆိုရင် စစ်မှုထမ်းမလား PDF လို့ ခေါင်းစဉ်တပ်ပြီး အဖမ်းခံမလားလို့ကို မေးပြီး တခါတည်း ဖောင်ဖြည့် ခိုင်းပြီး ခေါ်တာမျိုးတွေ ရှိတယ်” ဟု ပြောသည်။
အဆိုပါကျေးရွာများတွင် ဒေသခံများအပြင် မိုးကုတ်၊ စဉ့်ကူး၊ မတ္တရာမြို့နယ်များမှ စစ်ရှောင်သူများလည်း ရောက်ရှိ ခိုလှုံ နေကြောင်း သိရသည်။
မတ္တရာမြို့နယ်မှ နွယ်နီကျေးရွာဘက် စစ်ရှောင်လာသူတဦးက “PDF တွေရောက်နေတာမို့ အခုလိုမျိုး စစ်ဆေးတာလို့ ခေါင်းစဉ်တပ်ပြီး အချို့သူတွေဆိုရင် ဖုန်းတွေကိုပါ စစ်ခံရတယ်။ ကျနော်တို့နဲ့အတူ စစ်ရှောင်လာတဲ့ လင်မယားနှစ်ယောက် ဆို ဖုန်း စစ်ရင်း PDF တွေနဲ့ အဆက်အသွယ်ရှိတယ်ဆိုပြီး ဖမ်းသွားတာ ဒီနေ့အထိ ဘယ်ရောက်နေမှန်း မသိဘူး” ဟု ပြောသည်။
ပုသိမ်ကြီးမြို့နယ်၊ အောင်သပြေကျေးရွာရှိ Alpha ဘိလပ်မြေစက်ရုံ တပ်စခန်းကို ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) MDY- PDF ဦးဆောင်သော ပူးပေါင်းအဖွဲ့များ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက် အလယ်ပိုင်းတိုင်း စစ် ဌာနချုပ်အခြေစိုက်သည့် မန္တလေးမြို့ထိ တိုက်ပွဲများ ရောက်ရှိမလာရေး ပုသိမ်ကြီးမြို့နယ်အတွင်းရှိ ရွာများအား ဧည့်စာရင်း စစ်ခြင်း၊ ဒေသခံများဖမ်းဆီးခြင်း၊ ငွေညှစ်များပြုလုပ်လာကြခြင်းဟု သိရသည်။

ဇူလိုင် ၂၀ ရက်က ပုသိမ်ကြီးမြို့နယ် ကြာနီကန်ရွာအား အဝင်အထွက်ပိတ်၍ ဧည့်စာရင်းများစစ်ဆေးရာ ဖုန်းများကိုပါ စစ် ဆေးကြောင်း၊ ထိုသို့ စစ်ဆေးရာတွင် ယခင်က တက်ကြွလှုပ်ရှားသူအဖြစ် နာမည်ထွက်ခဲ့သူများအပါအဝင် ၁၀ ဦးခန့်ထိ ဖမ်းဆီးသွားကြောင်း ဒေသခံများထံက သိရသည်။
ဇူလိုင် ၂၂ ရက်ကလည်း မတ္တရာမြို့မှစစ်ရှောင်အဖြစ် ရောက်ရှိနေသည့် အမျိုးသား ၃ ဦး၊ အမျိုးသမီး ၂ ဦးတို့ကိုလည်း ည အချိန် ဧည့်ဝင်စစ်ရာ ၎င်းတို့ဖုန်းအတွင်းမှ PDF နှင့် ပတ်သက်ဆက်နွယ်မှုများ တွေ့ရှိသည်ဟုဆိုကာ ဖမ်းဆီးသွားကြောင်း သိရသည်။
ထိုသို့ ဖမ်းဆီးခံရသူများကို ထီးတော်မိုးကျေးရွာရှိ အမှတ် ၅ လျှပ်စစ်နှင့်စက်မှုအင်ဂျင်နီယာတပ်ရင်း(လစရ ၅) နှင့် အမှတ် ၂ တပ်သားသစ် စုဆောင်းရေးတပ် (စသခ ၂) များအတွင်းသို့ ဖမ်းဆီးခေါ်ဆောင်သွားကြခြင်းဟု သိရသည်။
ပုသိမ်ကြီးမြို့နယ်ရှိ Alpha ဘိလပ်မြေစက်ရုံ တပ်စခန်းနှင့် တောင်တံငါတပ်စခန်းတို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) MDY-PDF ဦးဆောင်သော ပူးပေါင်းအဖွဲ့များ သိမ်းပိုက်ရရှိခဲ့ကြောင်း၊ ကျောက်တံတားတပ်စခန်းကိုလည်း အပြီး သတ်သိမ်းပိုက်ရရှိရန် ဆက်လက် ထိုးစစ်တိုက်ခိုက်လျက်ရှိကြောင်း၊ ယခုအခါ မတ္တရာမြို့နယ်အတွင်းမှ စစ်ကောင်စီ၏ တပ်စခန်း ၂၈ ခုထိ သိမ်းပိုက်ရရှိထားသည်ဟု ဇူလိုင် ၁၆ ရက်က သတင်းထုတ်ပြန်ထားသည်။
Alpha ဘိလပ်မြေစက်ရုံတပ်စခန်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက တပ်စခန်းမှဆုတ်ခွာ ထွက် ပြေးရာ စက်ရုံအဆောက်အဦအား မီးရှို့ဖျက်ဆီးသွားခဲ့သည်ဟုလည်း ထည့်သွင်းဖော်ပြထားသည်။
မတ္တရာမြို့တောင်ဘက်ခြမ်းရှိ ကျောက်တံတားကျေးရွာတွင် တိုက်ပွဲများ ဖြစ်ပွားနေရာ ဇူလိုင် ၁၅ ရက် တိုက်ပွဲတွင် စစ် ကောင်စီတပ်နှင့် ပျူစောထီးများအထိနာခဲ့သဖြင့် လေကြောင်းပစ်ကူးပေးခဲ့ကြောင်း၊ ယင်းတိုက်ပွဲအပြီး စစ်ကောင်စီ တပ်များ ကျောက်တံတားစိုက်ပျိုးရေးဝင်းအတွင်း နေရာယူထားကြောင်း သိရသည်။
မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “ကျောက်တံတားက မတ္တရာမြို့နဲ့ ၅ မိုင်လောက်ပဲ ဝေးတယ်၊ ပြီး တော့ အရှေ့ရွာ အနောက်ရွာဆိုပြီး ၂ ပိုင်းရှိတာ။ တိုက်ပွဲပြင်းထန်ခဲ့တဲ့ ၁၅ ရက်တုန်းကဆိုရင် လေကြောင်းကနေ ဗုံးတွေ အများကြီးချသွားတယ်။ အနောက်ဘက်ရွာက ကိုအောင်မြင့်ရဲ့ ရေသန့်စက်ရုံပေါ် ဗုံးသီးကျပြီး ကလေးတယောက် ဗိုက်ပွင့် သွားပြီး နေရာမှာပဲ ပွဲချင်းပြီးဆုံးတယ်၊ အခုအချိန်ထိလည်း ဗုံးကြဲတာမျိုးတွေလုပ်နေတုန်းပဲ၊ ပြီးတော့ မတ္တရာမြို့ ဘောလုံး ကွင်းထဲကနေ တွဲဒုံးတွေနဲ့ ပစ်နေတာကလည်း နေ့တိုင်းလိုလိုပဲ၊ အဓိကကတော့ မတ္တရာမြို့ထိ တိုက်ပွဲတွေ ရောက်လာမှာ စိုးရိမ်တာကြောင့် အတော်လေးကို ခံစစ်ယူကာကွယ်နေကြတာမျိုးပေါ့” ဟု ပြောသည်။
ထိုသို့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောက်တံတားကျေးရွာရှိ နေအိမ်များ ထိခိုက်ပျက်စီးခဲ့ရသလို ထိခိုက်သေဆုံးမှု များလည်း ရှိခဲ့ကြောင်း သိရသည်။
ယခုအခါ မတ္တရာမြို့နယ်တွင် တိုက်ပွဲများပြင်းထန်နေမှုနှင့်အတူ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများကိုပါ ပြုလုပ် နေသောကြောင့် ဒေသခံများအနေဖြင့် ဘေးကင်းလုံခြုံစွာနေထိုင်ကြရန်လိုကြောင်း တော်လှန်ရေးအင်အားစုများ သတိပေး ထားကြသလို စစ်ကောင်စီကလည်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) အခြေစိုက်သည့် မန္တလေးမြို့ထိတိုက်ပွဲများ ရောက်မလာရေးအတွက် မတ္တရာမြို့နှင့် ပုသိမ်ကြီးမြို့နယ်များဘက်မှနေ၍ အင်အားအလုံးအရင်းဖြင့် ခံစစ် ပြင်ဆင်ထား သလို မန္တလေးမြို့ဝင် စစ်ဆေးရေးဂိတ်မျာနှင့် မြို့တွင်းပိုင်း၌ လုံခြုံရေးတင်းကျပ်ထားကြောင်း တော်လှန်ရေး အင်အားစုများ က ဆိုသည်။
You may also like these stories:
မန္တလေးကို ထိုးဖောက်ဝင်ရောက်ခဲ့သူ ဒေါက်တာတေဇာစန်းနှင့် မေးမြန်းခြင်း
မန္တလေးရောက် စစ်ရှောင်တို့ နေရေးစားရေး အခက်ကြုံ














