စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ကုလားကြီးကျေးရွာအုပ်စု ကံဇီး ပျူစောထီးရွာကို ပြည်သူ့ကာကွယ်ရေး(PDF) ပူးပေါင်းတပ် များက စက်တင်ဘာ ၁၉ ရက် နံနက်က တိုက်ခိုက်ခဲ့ရာ ရဲနှင့်ပျူစောထီး ၁၄ ဦးသေဆုံး၍ ၃၀ ကျော်အရှင်ဖမ်းမိကာ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းနိုင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များက ဆိုသည်။
“ချောင်းဦးက တပ်ရင်းတပ်ဖွဲ့တွေရော ဒေသခံပလဖတွေရော အတူတူ တိုက်ခဲ့ကြတာပါ၊ ရွာကို တိုက်ခိုက်သိမ်း ပိုက်နိုင် ခဲ့တယ်ဆိုတာ မှန်ပါတယ်ဗျ၊ လတ်တလောမှာတော့ စစ်သုံ့ပန်း ၃၃ ယောက် ဖမ်းဆီးရမိထားတယ်၊ လက်နက်သိမ်းဆည်း နိုင်ခဲ့တာမျိုးတွေလည်း ရှိပါတယ်၊ သူတို့စခန်းကိုတော့ တခါတည်း မီးရှို့ ပြီး ရှင်းလင်းခဲ့ပါတယ်”ဟု တိုက်ပွဲတွင် ပါဝင်ခဲ့ သည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောသည်။
ကံဇီးပျူစောထီးကျေးရွာတိုက်ပွဲကို ချောင်းဦးအခြေစိုက် မုံရွာခရိုင်တပ်ရင်းများဖြစ်သည့် တပ်ရင်း ၅၊ ၆၊ ၈၊ ၉၊ ၁၀၊ ၁၂၊ ၁၅၊ ၁၇ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ တိုက်ပွဲအတွင်း၌ ရဲနှင့်ပျူစောထီးများ ဒဏ်ရာဖြင့် ထွက်ပြေးသူ အများအပြား ရှိကြောင်း၊ ဖမ်းမိသူများထဲတွင် ပျူစောထီးမိသားစုဝင်များလည်းပါဝင်ကာ ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ချောင်းဦးမြို့နယ်တွင် ကင်းမွန်တော်၊ ကံကြီးကုန်း၊ ကံဇီးရွာများသည် ပြည်သူ့စစ်အမည်ခံ ပျူစောထီးကျေးရွာများဖြစ်ကာ ကင်မွန်းတော်နှင့် ကံကြီးကုန်းသည် အင်အားအကောင်းဆုံးဖြစ်ပြီး ကံဇီးကျေးရွာသည် ကင်မွန်းတော်ကျေးရွာနှင့် ၂ မိုင်ခန့်သာ ကွာဝေးကြောင်း၊ ကံဇီးရွာတိုက်ပွဲတွင် ကာကွယ်ရေးပူးပေါင်းတပ်များဘက်မှ ၅ ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့ပြီး အသေးစိတ်အခြေအနေကို မကြာမီ သတင်းထုတ်ပြန်ပေးမည်ဟု ပြောသည်။
“သူတို့တွေက စစ်တပ်က ကောင်တွေနဲ့ ပေါင်းပြီး အနီးဝန်းကျင်ရွာတွေကို ဒုက္ခပေးခဲ့တာ တော်တော် များများရှိတယ်၊ ရွာတွေကို ဝင်စီးတယ်၊ ရွာသားတွေကို ဖမ်းတယ်၊ သတ်တယ်၊ ရွာလုံးကျွတ် မီးရှို့တာမျိုးတွေအထိ လုပ်ခဲ့ကြတာ” ဟု ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောသည်။
စစ်ကောင်စီ တယ်လီဂရမ်ချန်နယ်များတွင်လည်း ကံဇီးပြည်သူ့စစ်ကျေးရွာကို အကြမ်းဖက် PDF များက ဝင်ရောက်တိုက် ခိုက်ရာ ၁၀ ဦးထက်မနည်း သေဆုံးသည့် အပြင် ၆၀ ဦး ဝန်းကျင် ဖမ်းဆီးခံခဲ့ရကြောင်း၊ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းခံရသည့်အပြင် ရွာကိုလည်း မီးရှို့ဖျက်ဆီးသွားသည်ဟု ရေးသားဖြန့်ဝေထားသည်။
ကံဇီးရွာဖြစ်စဉ်အပေါ် မဘသဘုန်းကြီး ပေါက်ကိုယ်တော်ကလည်း “ကံဇီးကတော့ တရွာလုံးကို မီးတွေ ရှို့သွားတယ်၊ ညနေပိုင်းမှာ လူ ၆၀ လောက် ဖမ်းဆီးခံလိုက်ရတယ်၊ အဲဒီအထဲမှာ ၁၀ ဦးက ပြည်သူ့စစ်တွေ၊ အဖမ်းခံရတဲ့အထဲမှာ ရဲတွေလည်းပါတယ်၊ မနက်ဖြန် သတ်မယ်ပြောတယ်၊ ရဲတွေလည်း သေတယ်။ စစ်သားတွေလည်း သေတယ်၊ ပြည်သူ့စစ်တွေ လည်း သေတယ်၊ သေတဲ့အထဲမှာ နမခတိုင်းက အကောင်ကြီးကြီးရဲ့ မိသားစုပါရင် ဘယ်လောက်ကောင်း မလဲလို့ ကိုယ်ချင်းစာတတ်အောင်လို့၊ ခင်ဗျားတို့ဘာလုပ်မှာလဲ”ဟု စက်တင်ဘာ ၁၉ ရက် ညပိုင်းက Live လွှင့်၍ ထုတ်ဖော်ပြောဆို ထားသည်။
ထို့အတူ ချောင်းဦးမြို့နယ် ကံဇီးပျူစောထီးကျေးရွာသို့ စစ်ကူသွားရောက်သည့် စစ်ယာဉ်တန်းနှင့် မအူစစ်ဆေးရေးဂိတ်မှ ထွက်လာသည့် မိုင်းရှင်းစစ်ကြောင်းကို မုံရွာ-ချောင်းဦးလမ်းပိုင်းတွင် ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦး သေဆုံးပြီး ၃ ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း ၄ ကလည်း သတင်းထုတ်ပြန်ထားသည်။
ယခုရက်ပိုင်း စစ်ကောင်စီ၏ ပျူစောထီးရွာများ တိုက်ခိုက်ခံနေရပြီး ပြီးခဲ့သည့် စက်တင်ဘာ ၁၇ ရက်ကလည်း စစ်ကိုင်း မြို့နယ်အတွင်းမှ ကြွယ်ပုံရွာကို တော်လှန်ရေးအင်အားစုများက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများ ရှိခဲ့ကြောင်း သိရသည်။
ကြွယ်ပုံကျေးရွာသည် အုန်းတောကျေးရွာ၏ အနောက်မြောက်ဘက်တွင် တည်ရှိကာ စစ်အာဏာရှင်ဟောင်းဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက်က ကြွယ်ပုံကျေးရွာဇာတိသားတဦး ပြည်ထောင်စုအဆင့်ဝန်ကြီးဖြစ်ခဲ့သောကြောင့် စစ်တပ်ထောက်ခံမှု အားကောင်းသောကျေးရွာဖြစ်ကာ လက်ရှိ အာဏာသိမ်းမှုဖြစ်စဉ်ဖြစ်ပွားပြီးနောက် ပြည်သူ့စစ်အမည်ခံ ပျူစောထီးကျေးရွာ ဖြစ်ခဲ့သည်။
အလားတူ သြဂုတ် ၂၈ရက်က ချောင်းဦးမြို့နှင့် ၉ မိုင်အကွာ ချင်းတွင်းမြစ်ဘေးရှိ အင်အားအကြီးဆုံးဖြစ်သော ကံကြီးကုန်း ပျူစောထီး စစ်စခန်းကို စစ်ကောင်စီ၏ လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူများကြားမှ ၃ ရက်ဆက်တိုက် တိုက်ခိုက် ခဲ့ရာ ထိခိုက်မှုများပြီး စခန်းသိမ်းလုနီးအခြေအနေသို့ ရောက်ရှိခဲ့ကြောင်း၊ သို့သော် ချင်းတွင်းမြစ်ကြောင်း မှတဆင့် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ စစ်ကူများရောက်ရှိလာ၍ ပြန်လည်ဆုတ်ခွာပေးခဲ့ရကြောင်း တော်လှန်ရေးအင်အားစုများက ဆိုသည်။
ချောင်းဦးမြို့နယ်တွင် ရပ်ကွက် ၆ ခု၊ ကျေးရွာအုပ်စု ၂၆ အုပ်စု၊ ကျေးရွာပေါင်း ၉၂ ရွာ လူဦးရေ ၁၀၅၉၅၅ ရှိပြီး အရှေ့ဘက်တွင် မြင်းမူမြို့နယ်၊ တောင်ဘက်တွင် မြောင်မြို့နယ်၊ အနောက်ဘက်တွင် ဆားလင်းကြီးမြို့နယ်၊ မြောက်ဘက်တွင် မုံရွာမြို့နယ်တို့နှင့် နယ်နမိတ် ထိစပ်နေသည်။
You may also like these stories:
ချောင်းဦးဒေသခံနှင့် PDF များကို စစ်တပ်သတ်ဖြတ်
ချောင်းဦးမြို့ပေါ်ကို လက်နက်ကြီးနဲ့ ပစ်လို့ သေဆုံး၊ ဒဏ်ရာရသူများရှိ
ကန့်ဘလူ ရွာတချို့ ပျူစောထီးသင်တန်းတက်ရန် ဖိအားပေးခြိမ်းခြောက်ခံနေရ