တရုတ်သည် မြန်မာစစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်ကို မဝေးတော့သောအနာဂတ်တွင် ကြိုဆိုရန် ပြင်ဆင်နေပြီး ထိုသို့သောလုပ်ရပ်သည် စစ်ကောင်စီနှင့် ပတ်သက်သည့်တရုတ်၏ အဓိကကျသော မူဝါဒ အပြောင်းအလဲကို ပြသရုံသာမက တနိုင်ငံလုံးလက်နက်ကိုင်ပုန်ကန်မှုကြောင့် ယိမ်းယိုင်နေသည့် စစ်ကောင်စီက အလွန်လိုအပ်နေသည့် တရားဝင်မှုကိုလည်း ပေးရာလည်း ရောက်သည်။
ထိုခရီးစဉ်သည် ယခုလအတွင်းဖြစ်နိုင်ပြီး ကြိုတင်ပြင်ဆင်မှုများကို ယခု စတင်လုပ်ဆောင်နေသည်ဟု ထိုကိစ္စကိုသိသည့် သတင်းရင်းမြစ်များပြောသည်။
တရုတ်ဝန်ကြီးချုပ်လီချန်သည် မင်းအောင်လှိုင်ကို လက်ခံတွေ့ဆုံနိုင်ပြီး ၂ ဘက်တို့သည် အခြားကိစ္စများအပြင် ၂၀၂၅ ခုနှစ်တွင် စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲကိစ္စကိုဆွေးနွေးမည်ဟု ယူဆရသည်။
မင်းအောင်လှိုင်အတွက် ထိုခရီးစဉ်သည် ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီး နိုင်ငံကို လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေးအရ ဘဝပျက်စေသည့် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း တရုတ်သို့ပထမဆုံး ခရီးစဉ်ဖြစ်မည်။
ထိုစစ်အာဏာသိမ်းမှုနှင့် စစ်အာဏာသိမ်းမှု ဆန့်ကျင်သူများကို သွေးချောင်းစီးနှိမ်နင်းမှုကြောင့် စစ်ကောင်စီအား နိုင်ငံတကာက ပစ်ပယ်ထားသည်။ သို့သော် ဘေ့ဂျင်းသည် စစ်ကောင်စီကို လက်နက်အဓိကရောင်းချသည့် ရုရှားနှင့်အတူ အဓိကထောက်ခံသူများတွင် ပါဝင်သည်။
မှတ်သားစရာကောင်းသည်မှာ ထိုခရီးစဉ်သည် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ သြဂုတ်လ လယ်တွင် နေပြည်တော်သို့ သွားရောက်ပြီး မြန်မာတွင် ပြည်တွင်းစစ် လှုံ့ဆော်သည့် မည်သည့်လုပ်ရပ်ကိုမဆို ဆန့်ကျင်ကြောင်း ပြောကြားပြီးနောက် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်များ၏ ထိုးစစ်ရပ်တန့်အောင် အကူအညီတောင်းပြီး မြန်မာမှ တရုတ်စီမံကိန်းများနှင့်ဝန်ထမ်းများကို ကာကွယ်ပေးမည်ဟု ကတိပြုသည်။
အဓိကကျသည့် မူဝါဒ အပြောင်းအလဲ
စစ်ကောင်စီကို ထောက်ခံသော်လည်း ဘေ့ဂျင်းသည် မင်းအောင်လှိုင်ကို ယခင်က ဖိတ်ခေါ်ခြင်း မလုပ်ပေ။
သို့သော် ယခုတကြိမ်တွင် ကြိုဆိုခြင်းသည် အာဏာသိမ်းပြီးနောက် တရုတ်က စစ်ကောင်စီအပေါ် အဓိကကျသည့် မူဝါဒ အပြောင်းအလဲအဖြစ် မြင်နိုင်သလို စစ်ကောင်စီ အလွန်လိုအပ်နေသည့် တရားဝင်မှု ပေးခြင်းလည်းဖြစ်သည်။
စစ်ကောင်စီသည် တနိုင်ငံလုံးတွင် လက်နက်ကိုင်ပုန်ကန်မှုများဖြင့် ရုန်းကန်နေရစဉ် ထိုခရီးစဉ် ပေါ်ပေါက်လာသည်။ ရှမ်းပြည်မြောက်ပိုင်းမြို့တော် လားရှိုးနှင့် ရပ်ဝန်းနှင့် ပိုးလမ်း ရင်းနှီးမြှုပ်နှံမှုများရှိသည့် ဒေသများအပါအဝင် တရုတ်နှင့် အဓိကကျသည့် ကုန်သွယ်ရေးလမ်းကြောင်းအများစုကို တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများနှင့် ၎င်းတို့၏ မဟာမိတ် တိုင်းရင်းသားအင်အားစုများက ထိန်းချုပ်ထားသည်။
ပိုမိုအရေးပါသော ကိစ္စမှာ ထိုခရီးစဉ်သည် ဘေ့ဂျင်းက စစ်ကောင်စီအပေါ် ထောက်ခံမှု မြင်မားလာစေမည်ဖြစ်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ၎င်း၏လက်နက်ကိုင်တပ် PDF များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အပါအဝင် အတိုက်အခံအင်အားစုများသည် အနောက်နိုင်ငံများနှင့် အဆက်အသွယ်ရှိကြောင်း တရုတ်က စိုးရိမ်နေသောကြောင့် ဘေ့ဂျင်းက မြန်မာ့နိုင်ငံရေးစနစ်တွင် စစ်တပ်သည် အရေးအပါဆုံး အင်အားစုဖြစ်သည်ဟု မြင်သည်။
မြန်မာနိုင်ငံဆိုင်ရာတရုတ်အထူးသံတမန် တိန့်ရှီကျွင်းနှင့် မြန်မာမှ အင်အားအကြီးဆုံးတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည့် ဝပြည်သွေးစည်းညီညွတ်ရေးအဖွဲ့ခေါင်းဆောင်များ၏ သြဂုတ်လ နှောင်းပိုင်းအစည်းအဝေးမှတ်တမ်းပေါက်ကြားမှုအရ တရုတ်သည် မြန်မာတွင်ဆက်လက်ဖရိုဖရဲဖြစ်ပြီး ပြိုကွဲမည်ကို ခွင့်မပြုနိုင်သောကြောင့် မြန်မာစစ်တပ်ကို ယုံကြည်ထောက်ခံကြောင်း သိရသည်။
ဝမ်ယိ၏ မြန်မာနိုင်ငံခရီးစဉ်သည် မြန်မာစစ်တပ်၏ အမျိုးသား အချုပ်အခြာအာဏာအား ကာကွယ်စောင့်ရှောက်သည့် အခန်းကဏ္ဍကို တရုတ်က အသိအမှတ်ပြုပြီး အခြေအနေတည်ငြိမ်အောင် ထိန်းချုပ်ရာတွင် စစ်တပ်ကို ထောက်ခံမှုကို အပြည့်အဝ ပြသသည်ဟု ထိုအထူးသံတမန်ပြောသည်။ ကိုးကန့်မှ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က လားရှိုးကို သိမ်းပိုက်ခြင်းကို တရုတ်က လက်မခံကြောင်းလည်း ထိုအထူးသံတမန်ပြောသည်။
“မြန်မာစစ်တပ်က မြန်မာနိုင်ငံကို တည်ထောင်ပြီး မြန်မာ့နိုင်ငံရေးစနစ်မှာ အရေးအပါဆုံးအင်အားစု ဖြစ်တယ်။ NUG နဲ့ ဒေါ်အောင်ဆန်းစုကြည်က မြန်မာ့နိုင်ငံရေးနယ်ပယ်မှာ စစ်တပ်ရဲ့ နေရာကို အစားထိုးလို့မရဘူး” ဟု တိန့်ရှီကျွင်းက ၀ ခေါင်းဆောင်များကို ပြောသည်။
ကိုးကန့်က လားရှိုးကို သိမ်းပိုက်ခြင်းသည် မြန်မာမှ အခြေအနေ အရပ်ရပ်၊ တရုတ်-မြန်မာ ဆက်ဆံရေးနှင့် အထူးသဖြင့် ရပ်ဝန်းနှင့် ပိုးလမ်းအစီအစဉ်ကို အပြင်းအထန် ထိခိုက်စေပြီး အမေရိကန် ပြည်ထောင်စုနှင့် အနောက်နိုင်ငံများ ဝင်ရောက်စွက်ဖက်မှုအတွက် အခွင့်အလမ်းဖြစ်စေကာ ဖရိုဖရဲဖြစ်စေသည်ဟုလည်း သူပြောသည်။
“ကိုးကန့်ဟာ အမေရိကန်နဲ့ အနောက်အုပ်စုရဲ့ နယ်ရုပ် ပိုမိုဖြစ်လာနေပြီး မြန်မာစစ်တပ်ကို ဖြုတ်ချဖို့ တပ်ဦးဖြစ်လာနေတယ်။ ဒါဟာ မြန်မာနိုင်ငံမြောက်ပိုင်းနဲ့ တနိုင်ငံလုံးကို နှောက်ယှက်ဖျက်ဆီးမယ့် ပြဿနာဖြစ်လာနေတယ်” ဟုလည်း သူပြောသည်။
တရုတ်သည် လောင်စာနှင့် ဆေးဝါးကဲ့သို့ အဓိကပစ္စည်းများဖြတ်တောက်ပြီး MNDAA ကို အပြစ်ပေးကာ MNDAA ခေါင်းဆောင် ဖုန် မိသားစုက တာဝန်ယူရမည်ဟု ပြောသည်။ ထိုအစည်းအဝေးတွင် MNDAA ကို မထောက်ခံရန် ၀ ခေါင်းဆောင်များကိုလည်း သတိပေးသည်။
“မြန်မာနိုင်ငံမြောက်ပိုင်းက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ တရုတ်ကပေးတဲ့အကြံကို ဂရုမစိုက်ဘဲ ဆက်လက်တိုက်ခိုက်ပြီး ဖရိုဖရဲဖြစ်စေရင် တရုတ်က သေချာပေါက်အရေးယူမယ်” ဟု တိန့်က ထိုအစည်းအဝေးတွင်ပြောသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ China Reportedly Planning to Welcome Myanmar Junta Boss ကို ဘာသာပြန်သည်။)
You may also like these stories:
မြန်မာ စစ်ပွဲနှင့် တောင်တရုတ်ပင်လယ်အရေး အာဆီယံ အကျပ်ရိုက်
MNDAA ၏ ထုတ်ပြန်ချက် တရုတ်ဖိအား ပြင်းထန်မှုကိုပြ
တရုတ်က စစ်ကောင်စီကို ထောက်ခံမှုကြောင့် မုန်းတီးမှုနှင့် ဆန့်ကျင်မှုများ ဖြစ်စေ
တရုတ်ဖိအားပေးသည့် ကြားက သီပေါနယ်ကို TNLA အလုံးစုံ ထိန်းချုပ်
မရိုးသားသည့် စစ်ကောင်စီ၏ ရွေးကောက်ပွဲ လှည့်စားမှု
မြောက်ပိုင်း တိုင်းရင်းသားတပ်တွေကို တရုတ်က ကြိုးကိုင်လို့ ရသလား














