အိန္ဒိယနိုင်ငံ၊နယူးဒေလီမြို့မှာ နိုဝင်ဘာလ ၅ ရက်နဲ့ ၆ ရက် နှစ်ရက်တာကျင်းပနေတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ဖက်ဒရယ်စနစ်ဆိုင်ရာ ဆွေးနွေးပွဲဟာ နိုင်ငံရေး စားပွဲဝိုင်းပေါ်ကနေ တွေ့ဆုံဆွေးနွေးရေးအတွက် လမ်းစရှာတဲ့ဆွေးနွေးပွဲလို့ ပွဲအခြေအနေသိရှိသူတွေက သုံးသပ်ကြပါတယ်။
အခုဆွေးနွေးပွဲကို ကမ္ဘာ့ရေးရာအိန္ဒိယကောင်စီ (ICWA) က ဦးဆောင်ကျင်းပတာဖြစ်ပြီး စစ်ကောင်စီရဲ့ အဖွဲ့တွေဖြစ်တဲ့ အမျိုးသားစည်းလုံး ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC)၊ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေး စင်တာ (CPR)၊ မှတ်ပုံတင်ထားတဲ့နိုင်ငံရေးပါတီ ၁၁ ပါတီနဲ့ အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့ကကိုယ်စားလှယ်တွေ တက်ရောက် ဆွေးနွေးနေ ကြတာပါ။
အဲဒီဆွေးနွေးပွဲခေါင်းစဉ်နဲ့ပဲ ICWA က အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၊ အာရက္ခတပ်တော် (AA)၊ ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ ကချင်လွတ်မြောက်ရေး တပ်မတော်(KIA) အဖွဲ့တွေကိုလည်း ဖိတ်ကြားထားတာ ရှိပါတယ်၊၊
လတ်တလောမှာတော့ မြန်မာအရေးနဲ့ပတ်သက်သူတွေပါဝင်တဲ့ တွေ့ဆုံဆွေးနွေးပွဲ တွေဟာ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယ၊ တရုတ်နဲ့ထိုင်း နိုင်ငံတို့မှာ ခပ်စိပ်စိပ် ဖြစ်ပေါ်နေပြီး ဒါဟာတွေ့ဆုံညှိနှိုင်းရေးလမ်းကြောင်း ပေါ်ရောက်လာဖို့ လမ်းစရှာ လုပ်ဆောင်ချက်တွေဖြစ်တယ်လို့ နိုင်ငံရေးလေ့လာ သုံးသပ်သူတွေက ပြောပါတယ်၊၊
NUG ကတော့ နိုင်ငံအတွင်း ပြည်သူတွေကို ရက်ရက်စက်စက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီနဲ့ ဒီကာလအတွင်း တွေ့ဆုံဆွေးနွေးရေးဆိုတာကို လက်ခံစရာမရှိကြောင်း ထုတ်ဖော်ပြောကြားထားသလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကလည်း နိုင်ငံရေးရည်မှန်းချက်တွေကို သဘောတူလက်ခံဖို့ လိုတယ်ဆိုတာမျိုး ပြောဆိုထားကြပါတယ်၊၊
သတင်း – မိုးသောက်
#မြန်မာ #ဧရာဝတီ #ကမ္ဘာ့ရေးရာအိန္ဒိယကောင်စီ #အိန္ဒိယနိုင်ငံ #နိုင်ငံရေးပါတီ #အပစ်ရပ်အဖွဲ့
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR