ရာသီဥတုဆိုင်ရာ ပါရီ သဘောတူညီချက်ကို အမေရိကန်က နုတ်ထွက်ဖို့ ရှိနေပေမယ့် ကျန်အဖွဲ့ဝင် နိုင်ငံတွေက ရာသီဥတု အစီအမံတွေကို ဆက်လက်လုပ်ဆောင်ရင်း သန့်ရှင်းတဲ့ စွမ်းအင်ဆီ ကူးပြောင်းမှုကို ဦးတည်သွားမယ်လို့ ဆိုပါတယ်။
ကုလသမဂ္ဂ ရာသီဥတု ဆိုင်ရာ အကြီးအကဲက အခုနှစ်ရဲ့ ပထမဆုံး မိန့်ခွန်းအဖြစ် ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ ပြောကြားလိုက်တာပါ။
ရာသီဥတု ပြောင်းလဲရေး ကုလသမဂ္ဂ မူဘောင် ကွန်ဗန်းရှင်းရဲ့ အမှုဆောင် အတွင်းရေးမှူး Simon Stiell က နိုဝင်ဘာ လမှာ ပြုလုပ်မယ့် နှစ်စဉ် ရာသီဥတု ဆွေးနွေးပွဲ မတိုင်ခင် ဦးစားပေးစရာတွေကို ချမှတ်ခဲ့ပြီး ဒီနှစ်အတွက် ပိုမို အားကောင်းတဲ့ နိုင်ငံအလိုက် ရာသီဥတု အစီအမံတွေ ပြင်ဆင်ထားဖို့လည်း တိုက်တွန်းခဲ့ပါသေးတယ်။
ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှု ကမ္ဘာ့ ဒုတိယ အများဆုံးဖြစ်တဲ့ အမေရိကန်က ပါရီ သဘောတူညီချက်ကနေ နုတ်ထွက်မယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်ကတော့ ပြောဆိုထားပါတယ်။
Stiell က “တနိုင်ငံကတော့ နောက်ဆုတ်သွားနိုင်ပါတယ်။ ဒါပေမယ့် အခြား နိုင်ငံတွေကတော့ အားကောင်းတဲ့ စီးပွားရေး ဖွံ့ဖြိုးမှု၊ ပိုများတဲ့ အလုပ်အကိုင်တွေ၊ ညစ်ညမ်းမှု လျော့နည်းခြင်း၊ ကျန်းမာရေး ကုန်ကျစရိတ်တွေ သက်သာလာမှု၊ ပိုမို လုံခြုံပြီး သက်သာတဲ့ စွမ်းအင် ဆိုတဲ့ ကြီးမားတဲ့ ဆုလာဘ်တွေနဲ့ အခွင့်အရေးကို အရယူဖို့ ခြေလှမ်း ပြင်နေကြပါပြီ” လို့ ပြောပါတယ်။
ကုလသမဂ္ဂ အကြိမ် ၃၀ မြောက် ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ညီလာခံ (Conference of the Parties – COP30) ရဲ့ President Ambassador ဖြစ်သူ André Corrêa do Lago နဲ့အတူ ဘရာဇီး နိုင်ငံရဲ့ မြို့တော် Brasilia မှာ ပြောတဲ့ မိန့်ခွန်းမှာ Stiell က ထည့်သွင်း ပြောကြားခဲ့တာပါ။
COP30 ညီလာခံကို လာမယ့် နိုဝင်ဘာလ ၁၀ ရက်ကနေ ၂၁ ရက်နေ့ အထိ ဘရာဇီးနိုင်ငံ Belém မြို့မှာ ကျင်းပသွားမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။
ဘယ်နိုင်ငံတွေလဲလို့ မေးတဲ့အခါမှာတော့ Stiell က နှစ်ကုန်ပိုင်း ရောက်ရင် နိုင်ငံ အလိုက် သတ်မှတ်ထားတဲ့ ပံ့ပိုးမှုများ (NDCs) အသစ် ထုတ်ပြန်ပေးမှာ ဖြစ်တာကြောင့် အဲ့ဒီ အချိန်ကျ မြင်ရပါလိမ့်မယ်လို့ ပြောပါတယ်။

“စီးပွားရေးကဏ္ဍပါ ပါဝင်နိုင်ဖို့ ဒီအစီအစဉ်တွေ အတွက် ရည်မှန်းချက် ကြီးကြီးထားဖို့ တောင်းဆိုတာပါ။ NDCs တတိယ အကြိမ်ဟာ လုပ်ခဲ့ဖူးသမျှထဲ အပြည့်စုံဆုံး ရာသီဥတု အစီအစဉ်တွေ ဖြစ်လာမှာပါ။ နှစ်ကုန်ပိုင်းမှာ အဲ့ဒါတွေကို ပေါင်းစပ်ပြီး ပိုကောင်းတဲ့ သုံးသပ်ချက်တွေ ပေးနိုင်မှာပါ”လို့လည်း Stiell က ပြောဆိုပါတယ်။
“ပြီးခဲ့တဲ့ လုပ်ဆောင်ချက်တွေအရ ဒေသအလိုက်၊ နိုင်ငံအလိုက် ဈေးကွက်တွေအတွင်း ဘာတွေဖြစ်နေသလဲ ကြည့်ပါ။ အရမ်းကိုရှင်းပါတယ်။ ကျနော် ပြောခဲ့သလိုပဲ ရှေ့ဆက်လျှောက်နေတဲ့ သူတွေကို နောက်ပြန်ဆုတ်မယ့်သူတွေ အကြောင်း ဘယ်လိုပဲ ပြောနေပါစေပေါ့”ဆိုပြီးတော့လည်း ဓာတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချဖို့ တရုတ်၊ ဘရာဇီးလ် နဲ့ အိန္ဒိယတို့ လုပ်ဆောင် နေတာတွေကို ဥပမာပေးကာ သူက ပြောပါသေးတယ်။
ပါရီ သဘောတူညီချက် စတင်ပြီး ၁၀ နှစ်အတွင်း ကမ္ဘာကြီးမှာ ကွဲပြားမှုတွေ ရှိလာပေမယ့် ရာသီဥတု ဆိုင်ရာ ညှိနှိုင်းမှု လုပ်ငန်းစဉ်ကတော့ လမ်းကြောင်း သွေဖည်မသွားဘူး လို့လည်း Stiell က ဆိုပါတယ်။
အချို့သော အစိုးရတွေဟာ ရာသီဥတု ပေါ်လစီနဲ့ ပတ်သက်လို့ နိုင်ငံရေးအရ တုံ့ပြန်မှုတွေ ရင်ဆိုင်နေရတယ် လို့လည်း သိရပါတယ်။
ဥရောပက အစိမ်းရောင်အရေး လှုပ်ရှားသူတွေဟာ ထောက်ပံ့မှုတွေ ဆုံးရှုံးနေရပြီး အမေရိကန်ကလည်း ဘိုင်ဒန် အစိုးရရဲ့ ရာသီဥတု ဗဟိုပြု အစီအစဉ်ကို ဆန့်ကျင်မဲဆွယ်ခဲ့တဲ့ ထရမ့်ကို သမ္မတအဖြစ် ရွေးချယ်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒီလို အခြေအတွေကြားထဲမှာ ပြီးခဲ့တဲ့ ဆယ်စုနှစ် အတွင်း ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချနိုင်ဖို့နဲ့ ရာသီဥတု ပြောင်းလဲမှု တွေကို ညှိယူနိုင်ရေး ဆင်းရဲတဲ့ နိုင်ငံတွေ အတွက် ထောက်ပံ့ဖို့ ဘာမှမရှိတဲ့ အနေအထားကနေ ဒေါ်လာ ၂ ထရီလီယံ ဝန်းကျင်လောက် ရာသီဥတုဆိုင်ရာ ဘဏ္ဍာရေးအဖြစ် ကမာ္ဘကြီးက စုဆောင်းနိုင်ခဲ့တယ်လို့ Stiell က ပြောဆိုပါတယ်။
ပြီးခဲ့တဲ့နှစ် ရာသီဥတုဆိုင်ရာ ညီလာခံမှာ ၂၀၃၅ မတိုင်ခင် တနှစ်ကို ဒေါ်လာ ၃၀၀ ဘီလီယံ အထိ ရောက်ရှိနိုင်ဖို့ သဘော တူညီမှုကို ပမာဏ တိုးမြှင့်သွားဖို့ သူက တောင်းဆိုခဲ့ပါသေးတယ်။
ပါရီ သဘောတူညီချက်ဟာ ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချနိုင်ဖို့ ယန္တရားတွေကို ထောက်ပံ့ ပေးနိုင်ပေမယ့် လိုက်နာမှု နည်းပါးတာကိုလည်း သိထားရမယ်လို့ Stiell က ဆိုပါတယ်။
“အဆုံးမှာတော့ နိုင်ငံအလိုက် စီမံလိုက်နာဖို့ပါပဲ။ ပြီးရင် လုပ်ဖို့ လိုအပ်တာနဲ့ လုပ်ဆောင်ပြီးတဲ့ဟာ ကြားထဲက ကွာဟချက်ကို ကြည့်ရပါမယ်”လို့လည်း သူက ပြောပါတယ်။
ပါရီ သဘောတူညီချက်အရ အခုနှစ်မှာ နိုင်ငံ အများအပြားက ရာသီဥတု ဆိုင်ရာ အစီအစဉ်အသစ်တွေကို တင်သွင်းမယ် လို့ မျှော်လင့်တယ် လို့လည်း ဆိုပါတယ်။
ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ကွန်ဗင်းရှင်း (United Nations Framework Convention on Climate Change-UNFCCC) က ဖေဖော်ဝါရီ ၁၀ ရက်နေ့ နောက်ဆုံးထားပြီး တင်သွင်းဖို့ သတ်မှတ် ထားပေမယ့်လည်း နိုင်ငံ အများစုက ဒီနှစ် နှောင်းပိုင်းမှ တင်သွင်းနိုင်မယ်လို့ ပြောဆိုကြကြောင်းလည်း သိရပါတယ်။
Ref : Reuters














