စစ်ကောင်စီထံ လားရှိုးပြန်လွှဲပေးရေး မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)အား အဓိက ဖိအားပေးခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူး ကိုယ်စားလှယ် တိန့်ရှီကျွင်းနှင့်အဖွဲ့သည် ထိုနှစ်ဖွဲ့ကြား စစ်ရေးလှုပ် ရှားမှု ထိန်းချုပ်ရန် အပစ်ရပ်စောင့်ကြည့်ရေးရုံး ဖွင့်ဖို့ စီစဉ်သော်လည်း လက်ရှိတိုင် မဖွင့်နိုင်သေးကြောင်း MNDAA နှင့် နီးစပ်သည့် စစ်ရေးသတင်း ရင်းမြစ်တဦးက ဧရာဝတီကို ပြောသည်။
၎င်းက “မြို့ပေါ်မှာ တရုတ်က ရုံးမဖွင့်လိုက်နိုင်ပေမယ့် စစ်ကောင်စီနဲ့ MNDAA နှစ်ဖက်လုံးကို အဝေးကနေ ညွှန်ကြား နေတယ်လို့ သိရတယ်။ အဓိကတော့ စစ်ရေးလှုပ်ရှားမှုတွေ မလုပ်ဖို့ ဖိအားပေး ညွှန်ကြားနေတာပါ။ တရုတ်က ရုံး မဖွင့်နိုင် သေးတာကလည်း စစ်ကောင်စီတပ်ကို မယုံကြည်သေးတော့ စောင့်ကြည့်ဦးမယ့် သဘောလို့ ထင်တယ်” ဟု ပြောသည်။
အလားတူ လားရှိုးမြို့ပေါ်တွင် MNDAA ၏ လားရှိုးစစ်ဒေသ စစ်ဦးစီးချုပ်ကိုယ်တိုင် ဆက်ဆံရေးရုံးဖွင့်လှစ် ရုံးထိုင်ရန် ပြင်ဆင်ထားသော်လည်း လက်ရှိအချိန်ထိ မြို့နှင့် ၂ မိုင်အကွာက MNDAA ထိန်းချုပ်ရာ ဟိုပိတ်ကျေးရွာတွင်သာ ယာယီ ဆက်ဆံရေးရုံး ဖွင့်လှစ်ထားနိုင်ကာ ဇွန်လအတွင်းမှသာ မြို့ပေါ် ရုံးဖွင့်ရန် ရှိနေကြောင်း အထက်ပါ စစ်ရေး သတင်းရင်း မြစ်က ဆိုသည်။
၎င်းက “ MNDAAဘက်ကတော့ ရုံးထိုင်မယ့်နေရာ ရုံးထိုင်မယ့် ရဲဘော်တွေကို သေချာပြန်စိစစ်နေတာပါ။ တချို့လည်း လားရှိုးထဲ ပြန်မဝင်ရဲတာတွေ ရှိနေတယ်။ စစ်ကောင်စီနဲ့ ပြန်ညှိနှိုင်းပြီး ဆက်ဆံရေးရုံးဖွင့်ရမယ့် အခြေနေတော့ ဖြစ်နေ တယ်” ဟု ပြောသည်။
MNDAA ဘက်မှမူ မြို့ဧရိယာ၏ သုံးပုံနှစ်ပုံခန့် ကျယ်ဝန်းသည့် ကျေးရွာအုပ်စုများအား ဟိုပိတ်ကျေးရွာတွင် ယာယီ အထိုင် ချကာ အုပ်ချုပ်ရေးလုပ်ငန်းများ ဖော်ဆောင်နေပြီး အရေးပေါ်လူနာနှင့် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်နေသည့် လူနာ များအား ၎င်းတို့ထိန်းချုပ်ရာ သိန္နီဆေးရုံသို့ သွားရောက် ကုသကြရန် ပြောဆိုထားသည်။
လားရှိုးမြို့ပေါ်သို့ ပြန်လည် ဝင်ရောက်ခွင့်ရခဲ့သည့် စစ်ကောင်စီတပ်သည် ၎င်းတို့ လက်လွှတ်ခဲ့ရသည့် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်အား ပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိသေးဘဲ လားရှိုးတက္ကသိုလ်ဝင်းအား အခြေပြု၍ တပ်ရင်းတချို့တွင် တပ်ဖြန့် လှုပ်ရှားနေကာ MNDAA ဘက်မှ မြို့ဝန်းကျင်အား ဝိုင်းပတ် ထိန်းချုပ်ထားဆဲ ဖြစ်သည်။
လားရှိုးမြို့ပေါ်မှ MNDAA တပ်တို့ အလုံးစုံထွက်ခွာခဲ့သည့် ဧပြီလ ၂၂ ရက်တွင်ပင် မစ္စတာတိန့်ရှီကျွင်းနှင့် တရုတ်ကိုယ်စား လှယ်အဖွဲ့တို့သည် MNDAA ၏ လုံခြုံရေးရယူ၍ လားရှိုး- သိန္နီ- ကွမ်းလုံ- ချင်းရွှေဟော်လမ်းကြောင်းဖြင့် တရုတ်ပြည်သို့ တရက်တည်း ပြန်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

လားရှိုးအရေးနှင့်ပတ်သက်၍ နိုင်ငံရပ်ခြား တရုတ်အစိုးရ၏ ဝင်ရောက်စွက်ဖက်နေမှုကြောင့် ပြည်တွင်း၌ တရုတ်အား ဝေဖန်မှုမြင့်တက်နေချိန် တရုတ်အစိုးရ ပြောခွင့်ရသူ မော်နင်းက ဧပြီ ၂၁ ရက်တွင် လားရှိုးသို့ ၎င်းတို့ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ထားကြောင်း ဝန်ခံခဲ့သည်။
ထို အလွှဲအပြောင်း အောင်မြင်ခဲ့ပြီးနောက်တွင် တရုတ်ဘက်မှ MNDAA ထိန်းချုပ်ရာ ကိုးကန့်ဒေသရှိ နယ်စပ်ဂိတ်များသို့ ကုန်စည်ပစ္စည်း အများအပြား တင်သွင်းခွင့်ပြုခဲ့သလို လျှပ်စစ်မီးနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်မှုများအား ဖြေ လျော့ပေးခဲ့သည်။
လက်ရှိ စစ်ကောင်စီ လက်အောက်သို့ ပြန်လည်ရောက်ရှိသွားသော လားရှိုးမြို့တွင် ဌာနဆိုင်ရာများမှ မြို့ပေါ် ပြည်သူ့ ဆေးရုံး၊ စာသင်ကျောင်းများနှင့် အုပ်ချုပ်ရေးယန္တရားများ စတင်လည်ပတ်ရန် လုံးပန်းနေကြသော်လည်း ခိုးဆိုးလုယက်မှု များအား မနှိမ်နင်းနိုင်သေးကြောင်း လားရှိုး အခြေနေကို မြို့ခံ အမျိုးသမီးတဦးက ဧရာဝတီသို့ ပြောသည်။
၎င်းက “စစ်ကောင်စီ ပြန်ဝင်လာတော့ လုံခြုံမှု မရှိတော့ဘူး။ ရဲစခန်း အနီးမှာလည်း ဓားပြတိုက်ခံရတာ ရှိတယ်။ ဆိုင်ကယ် စီးရင်းလည်း ဓားပြတိုက်ခံရတယ်။ သူတို့ (စစ်ကောင်စီ) က မီးကြိုးသူခိုးတွေလောက်ပဲ ဖမ်းမိတာ လက်နက်ကိုင်ထားတဲ့ ဓားပြတွေကိုတော့ မဖမ်းနိုင်သေးဘူး။ ညဆိုရင် သာမန်ပြည်သူတွေက အပြင်မထွက်ရဲကြတော့ဘူး။ အခွန်တွေလည်း မတရားကောက်နေတော့ ကုန်ဈေးနှုန်းတွေ တအားမြင့်လာတယ်” ဟု ပြောသည်။
MNDAA အုပ်ချုပ်စဉ် မြို့ပေါ်ရှိ ဆေးရုံ၊ စာသင်ကျောင်း၊ အုပ်ချုပ်ရေးလုပ်ငန်းများတွင် ပါဝင်ခဲ့သူများအား စစ်ကောင်စီမှ ဖမ်းဆီးမှုများ မပြုလုပ်သေးသော်လည်း လက်နက်ကိုင်တပ်ဖွဲ့များနှင့် ဆက်သွယ်သတင်းပေးပို့လျှင် ဖမ်းဆီး ထောင်ချမည် ဟု ခြိမ်းခြောက်ထားကြောင်း သိရသည်။
လားရှိုးအား စစ်ကောင်စီ ထိန်းချုပ်ခွင့်ရလိုက်သော်လည်း တရုတ်တို့လိုလားသည့် နယ်စပ်ကုန်သွယ်ရေး တိုးတက်လာမှု မရှိသေးဘဲ မြန်မာ- တရုတ် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်ရှိ နောင်ချို၊ ကျောက်မဲနှင့် သီပေါမြို့တို့ကို ထိန်းချုပ် ထားသည့် ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)အား MNDAA အလားတူ စစ်ကောင်စီနှင့် အပေးအယူ ဆွေးနွေးပွဲများပြုလုပ်စေကာ တရုတ်တို့ ဖိအားပေး အကျပ်ကိုင်နေသည်။
You may also like these stories:
တရုတ် စွက်ဖက်မှုကြားက လားရှိုးမြို့ ပြန်ပေး မပေး
မိုင်းလားအဖွဲ့နဲ့ စစ်ခေါင်းဆောင် ဘာကြောင့် တွေ့သလဲ
လားရှိုး နယ်မြေပိုင်းခြားရေး စစ်ကောင်စီနှင့် MNDAA ဆွေးနွေး














