ဘရာဇီး နိုင်ငံမှာ လူကုန်ကူးမှု အပါအဝင် လုပ်ငန်းခွင် အတွင်း အလုပ်သမားတွေကို ကျွန်ပြုဖိနှိပ်မှုများ နဲ့ တရုတ် လျှပ်စစ်ကား (EV) ကုမ္ပဏီ BYD တရားစွဲ ခံထားရတယ်လို့ ဆိုပါတယ်။
BYD နဲ့ ကန်ထရိုက်တာ နှစ်ခုကို ဘရာဇီး အလုပ်သမားရေးရာ ရှေ့နေတွေက တရားစွဲဆိုခြင်း ဖြစ်ကြောင်း သိရပါတယ်။
တရားစွဲဆိုမှုမှာ BYD, China JinJiang Construction Brazil နဲ့ Tecmonta Equipamentos Inteligentes Brasil Co ကုမ္ပဏီတွေရဲ့ ဘရာဇီး နိုင်ငံ Bahia ပြည်နယ်က လုပ်ငန်းခွင်တွေမှာ ဖိနှိပ်မှု အခြေအနေတွေကို ဖော်ပြထားပါတယ်။
ဒါ့အပြင် ဘရာဇီးကို အလုပ်သမား ခေါ်ယူရာမှာ ဗီဇာ ပုံမှန်မဟုတ်မှုနဲ့ အလုပ်သမားတွေရဲ့ ပတ်စ်ပို့ သိမ်းဆည်း ထားမှုတွေလည်း စွဲချက်ထဲမှာ ပါဝင်ကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ တရုတ်လုပ် အလုပ်သမားပေါင်း ၂၂၀ ဟာ ကျွန်ပြုမှုလိုမျိုး ပြင်းထန်တဲ့ ဖိနှိပ်မှုတွေ ကြုံခဲ့ရပြီး နိုင်ငံတကာ လူကုန်ကူးမှု ရဲ့ သားကောင်တွေ အဖြစ် သတ်မှတ်ခဲ့ကြောင်း ဘရာဇီး အစိုးရ ရှေ့နေတွေက ပြောပါတယ်။
ညှိနှိုင်းမှုကို ကုမ္ပဏီတွေဘက်က လက်မှတ်ထိုးဖို့ ငြင်းဆိုခဲ့တာကြောင့် နစ်နာကြေး အမေရိကန် ဒေါ်လာ ၄၆ သန်း ရလိုတဲ့ တရားစွဲမှုကို တင်သွင်းခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။
BYD ရဲ့ ဘရာဇီး ရုံးခွဲကလည်း သူတို့ရဲ့ ဘရာဇီး နိုင်ငံ ဥပဒေနဲ့ နိုင်ငံတကာ အလုပ်သမား ကာကွယ်ရေး စံနှုန်း များကို လေးစားလိုက်နာတဲ့ လုပ်ဆောင်မှုတွေကို အခြေခံပြီး လူ့ အခွင့်အရေးနဲ့ အလုပ်သမား အခွင့်အရေး စံနှုန်းတွေဟာ လျှော့ချလို့ မရကြောင်း ထပ်လောင်း အတည်ပြုတယ် လို့ ထုတ်ပြန် ကြေညာပါတယ်။
ကုမ္ပဏီအနေနဲ့ အလုပ်သမား ရှေ့နေရုံးနဲ့ ပူးပေါင်း ဆောင်ရွက်နေပြီး တရားစွဲဆိုမှု အကြောင်း ထပ်မံ ထုတ်ပြန်သွားမယ် လို့လည်း ဆိုပါတယ်။
ဘရာဇီးမှာ ရှိတဲ့ BYD ရဲ့ EV ကား စက်ရုံဟာ အာရှတိုက် ပြင်ပမှာရှိတဲ့ ပထမဆုံးသော ကားစက်ရုံဖြစ်ပြီး နိုင်ငံတကာ ဈေးကွက်ကို ထိုးဖောက်ဖို့ BYD အတွက် အရေးကြီးတဲ့ ခြေလှမ်းအဖြစ် သတ်မှတ်ထားကြောင်း သိရပါတယ်။

အမေရိကန်နဲ့ ဥရောပ နိုင်ငံတွေက တရုတ် ထုတ်ယာဉ်တွေ အပေါ် အခွန်စည်းကြပ်မှု တင်းကျပ် ထားတာကြောင့် တရုတ် သမ္မတ ရှီကျင့်ဖျင်နဲ့ ဘရာဇီး သမ္မတ လူလာ ဒါဆေးလ်ဗား တို့ကြား နိုင်ငံရေး စီးပွားရေး ချဉ်းကပ် ဆောင်ရွက်မှုတွေမှာ တရုတ် ကားကုမ္ပဏီတွေ အတွက် ဘရာဇီးဟာ မဟာဗျူဟာ အရ အရေးပါတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် ၂၀၂၄ မတ်လမှာ အလုပ် စတင်ပြီးတဲ့နောက် ဧပြီလမှာ အလုပ်သမား သမဂ္ဂ Sindticc က လာရောက်စဉ် ခိုင်မာမှု မရှိတဲ့ ကော်ဖီဆိုင် ဖွဲ့စည်းပုံ အပါအဝင် လုံခြုံရေး ပြဿနာတွေကို တွေ့ရှိမှုတွေနဲ့အတူ တိုင်ကြားမှုတွေ စတင် ထွက်ပေါ် လာခဲ့ကြောင်း သိရပါတယ်။
တည်ဆောက်ရေး ကုမ္ပဏီတွေကို အရင်နှစ် ဖေဖော်ဝါရီ ကတည်းက စည်းမျဉ်းတွေနဲ့ အညီ လုပ်ဆောင်ဖို့ သတိ ပေးထားပြီး ဖြစ်တယ်လို့ အလုပ်သမား သမဂ္ဂက ပြောခဲ့တယ် လို့ ဆိုပါတယ်။
နိုဝင်ဘာ လမှာတော့ အလုပ်သမားတွေ အပေါ် ညှဉ်းပန်းနှိပ်စက်မှုတွေ ပါဝင်တဲ့ ဓာတ်ပုံ၊ ဗီဒီယိုနဲ့ အသံဖိုင် တွေကို ဘရာဇီးရဲ့ လွတ်လပ်သော သတင်းမီဒီယာ တခုဖြစ်တဲ့ Agencia Publica က ထုတ်ပြန်ခဲ့ပြီး နိုင်ငံ တကာ အလုပ်သမားနဲ့ လုံခြံရေး သဘောတူညီချက်တွေနဲ့ မကိုက်ညီမှုတွေကို မြင်သာစေခဲ့တယ် လို့လည်း ဆိုပါတယ်။
အလုပ်သမား သမဂ္ဂရဲ့ ဒီဇင်ဘာလ အစောပိုင်းက ထုတ်ပြန်ချက် တခုမှာလည်း အလုပ်သမား ၂ ဦး ပါဝင်တဲ့ မတော်တဆမှုတွေ ပါဝင်ပြီး တဦးမှာ လက်ချောင်း တချောင်း ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
ဒီဇင်ဘာလ နှောင်းပိုင်းမှာတော့ အလုပ်သမားရှေ့နေရုံးက အလုပ်သမား ၁၆၃ ဦးကို ကယ်ဆယ်ခဲ့ပြီး အလုပ် နေရာ တချို့နဲ့ နေထိုင်ရာ နေရာတွေကို ပုံမှန်ပြန်ဖြစ်သည် အထိ ပိတ်ထားခဲ့ကြောင်းလည်း သိရပါတယ်။
အဆိုပါလမှာပဲ Jinjiang ဆောက်လုပ်ရေး ကုမ္ပဏီနဲ့ ပတ်သက်မှုတွေကို ရပ်တန့်ပြီး ဖြစ်ကြောင်း BYD က ကြေညာ ခဲ့ပါတယ်။
အငြင်းပွားမှုတွေ ရှိနေပေမယ့် ၂၀၂၅ အကုန်မှာ ထုတ်လုပ်မှု စတင်နိုင်ဖို့ ရည်ရွယ်ထားဆဲ ဖြစ်ကြောင်း ဇန်နဝါရီလမှာ BYD က ပြောခဲ့တယ်လို့ ဆိုပါတယ်။
ဘရာဇီး စက်ရုံမှာ စဦးနှစ် အတွင်း တနှစ်ကို ကား အစီးရေ ၁ သိန်းခွဲ (၁၅၀၀၀၀) ထုတ်လုပ်ဖို့ လုပ်ဆောင် နေပြီးနောက် ၂ နှစ်အတွင်း ၃ သိန်း (၃၀၀၀၀၀) အထိ တိုးမြှင့် ထုတ်လုပ်ဖို့ စီစဉ်ထားကြောင်း သိရပါတယ်။
အစိုးရရှေ့နေတွေက BYD နဲ့ ကန်ထရိုက်တာ ကုမ္ပဏီ ၂ ခုကို နစ်နာကြေး ဒေါ်လာ ၄၆ သန်းအပြင် အလုပ်သမား တဦးချင်းစီ အတွက် စာချုပ်ပါ လစာရဲ့ ၂၁ ဆ ကိုပါ ပေးဆောင်ဖို့ တောင်းဆိုထားတယ်လို့ ဆိုပါတယ်။
ဖိနှိပ်မှုတွေ ခံစားခဲ့ရတဲ့ ဝန်ထမ်းတွေ အတွက် စာချုပ်ပါလစာ အပြည့်အပြင် ရပိုင်ခွင့်တွေကို အပြည့်အဝ ပေးဆောင်ဖို့ တောင်းဆိုထားတယ် လို့လည်း ဆိုပါတယ်။
တရားစွဲဆိုမှုမှာ ကုမ္ပဏီတွေ အနေနဲ့ ဘရာဇီး နိုင်ငံရဲ့ အလုပ်သမား ကာကွယ်ရေး စံနှုန်းတွေကို လိုက်နာပြီး လူကုန်ကူးမှုနဲ့ အလုပ်သမား ကျွန်ပြုဖိနှိပ်မှုတွေ မဖြစ်ပေါ်လာဖို့ လည်း ကြိုးပမ်းနေကြောင်း ရှေ့နေအဖွဲ့က ထုတ်ပြန် ကြေညာထားပါတယ်။
Ref : Bangkok Post













