မန္တလေးမြို့ ကမ်းနားလမ်းပေါ်ရှိ ဂေါဝိန်ဆိပ်နှင့် ရတနာပုံသင်္ဘောကျင်းများမှ ထွက်ခွာလာသည့် စစ်သင်္ဘောများ အပါအဝင် ရေယာဉ် အစီး ၂၀ ကျော်သည် လေကြောင်းပစ်ကူများဖြင့် ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာရာ ယနေ့ နံနက် ၁၁ နာရီကျော်၌ စဥ့်ကူးမြို့နယ် ပေါက်ကုန်းကျေးရွာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါစစ်ရေယာဥ်အုပ်စုကြောင့် စဉ့်ကူးမြို့နယ် ထုံးကြီးကျေးရွာဘက်ခြမ်းနှင့် ဝက်လက်မြို့နယ်အရှေ့ခြမ်း ရေလည်မော် ကျေးရွာဘက်ခြမ်းတွင် ဧရာဝတီမြစ်အား ဇက်သင်္ဘောများဖြင့် ဖြတ်ကူးရန် စောင့်ဆိုင်းနေသည့် ခရီးသည်ယာဉ်လိုင်းများ၊ ကုန်တင်ကားများနှင့် ခရီးသွားများ ပိတ်မိနေသည်ဟုလည်း ဒေသခံများက ပြောသည်။
မန္တလေးကမ်းနားရပ်ကွက်တခုတွင် နေထိုင်သူတဦးက “မနေ့က ကမ်းနားလမ်းတလျှောက်မှာ လုံခြုံရေးတွေအများကြီးချပြီး စစ်ကားတွေလည်း တော်တော်များများတွေ့တယ်။ ၁၁ နာရီကျော်လောက်ကျ ရှေ့ဆုံးကနေ အမြောက်တွေပါတဲ့ စစ်သင်္ဘော တစီး ဦးဆောင်ပြီးတော့ ရေယာဉ်တန်း အထက်ကိုဆန်တက်သွားတာ တွေ့လိုက်ရတယ်။ စစ်သားအင်အားလည်း အနည်းဆုံး တထောင်လောက် ရှိမလားပဲ” ဟု ပြောသည်။
စစ်ရေယာဥ်တန်းတွင် ရေတပ်မှ တိုက်သင်္ဘော၊ စစ်သင်္ဘော၊ ကမ်းထိုးရေယာဉ် ၅ စင်း၊ လက်နက်ခဲယမ်း၊ ရိက္ခာ၊ ဆေးဝါး များ တင်ဆောင်ထားသည့် နောက်တွန်းတွဲ သင်္ဘောများအပါ အစင်းရေ ၂၅ စင်းခန့် ပါဝင်ကြောင်း၊ ဖြတ်သန်းရာတလျောက် လေကြောင်းပစ်ကူများပေးနေသလို စစ်ရေယာဉ်များမှလည်း မြစ်ကမ်းဘေးဝဲယာရှိ ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်နေကြောင်း စစ်ရေးသတင်းရင်းမြစ်များက ဆိုသည်။
ရေတပ်၏ စစ်သင်္ဘောများအပြင် အရပ်သားလုပ်ငန်းရှင်များ ပိုင်ဆိုင်သော နဒီ၊ ရွှေဝါလှိုင်၊ ဇွဲမာန်အောင်၊ အောင်ပြည့်စုံ၊ ဝင်းပြည့်၊ မြတ်တော်ဝင်၊ ဟိန်းထက်စိုး ၁ ၊ ၂ စသည့် တွန်းသင်္ဘော ၁၂ စင်းထိ ပါဝင်ကြောင်းလည်း သိရသည်။
ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) အထွေထွေအတွင်းရေးမှူး ဒေါ်နီနီကျော်က “အခု သူတို့ ဆက်တက်မယ့်နေရာ တွေက စဉ့်ကူး၊ သပိတ်ကျင်းရှိမယ်။ ဒါပေမယ့် အဲဒီဘက်မြစ်တွေကကျဉ်းတော့ လွယ်လင့်တကူ ဖြတ်လို့မရနိုင်ဘူး။ တော်လှန်ရေးတပ်ဖွဲ့တွေကလည်း အစွမ်းကုန်ကာကွယ်ဖို့ ပြင်ဆင်ထားကြတာမျိုးတွေ ရှိပါတယ်။ အဲဒီတော့ တိုက်ပွဲတွေ နည်းနည်းပြင်းထန်လာမယ့်သဘောရှိတယ်” ဟု ဆိုသည်။
ဇူလိုင် ၁၇ ရက် ညပိုင်း၌ စစ်ရေယာဉ်တန်းသည် စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အရှေ့ခြမ်း ရှိမ်းမကားကျေးရွာအနီး ကျောက်ချ၍ ညအိပ်ရပ်နားချိန် ဝက်လက်နှင့် စဉ့်ကူးမြို့နယ်အစပ်ရှိ မြစ်ကမ်းဘေးကျေးရွာများကို ညနေ ၅ နာရီကျော်တွင် Y-12 ဖြင့် ဗုံးကြဲခဲ့ရာ ငါးပတ်ချောင်းရွာ ဒေသခံ ၁၂ ဦး၊ ရှားကွဲရွာ ဒေသခံ ၈ ဦး၊ ရေလည်မော်ကျေးရွာ ဒေသခံ ၁ ဦး သေဆုံး ပြီး ထိခိုက်ဒဏ်ရာရသူများသဖြင့် သေဆုံးသူထပ်တိုးနိုင်ကြောင်း Wetlet Informational Network မှ ဗိုလ်မြေဩဇာက ပြောသည်။
ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်သင်္ဘောများ ဆန်တက်လာမှုကြောင့် မြစ်ကမ်းဘေးကျေးရွာများအနေဖြင့် စစ်ရေးသတိ ဖြင့်နေထိုင်ကြရန်၊ စစ်သင်္ဘောများ မိမိနေထိုင်ရာဝန်းကျင်သို့ မရောက်လာမီ စိတ်ချလုံခြုံသည့်နေရာများသို့ ရှောင်ရှားနေ ထိုင်ကြရန်နှင့် ဗုံးခိုကျင်းများတူးရန်၊ အရေးပေါ် တိမ်းရှောင်ရန် ပြင်ဆင်ခြင်းများ လုပ်ဆောင်ထားကြရန်လည်း တော်လှန် ရေးအင်အားစုများက သတိပေးထားသည်။
ထို့ပြင် မတ္တရာမြို့နယ်တွင်း တိုက်ပွဲများကြောင့် မန္တလေး-မိုးကုတ်ကားလမ်းပိုင်းအား ဖြတ်သန်းသွားလာခွင့် ပိတ်ထားသဖြင့် ကချင်ပြည်နယ်သို့ သွားလာနေသည့် ကုန်တင်ယာဉ်များ၊ ခရီးသွားများနှင့် မန္တလေး-မိုးကုတ် ယာဉ်လိုင်းများမှာ စစ်ကိုင်း တိုင်းအတွင်းမှပတ်၍ ဧရာဝတီမြစ်ဖြတ်ကူးပြီး သွားလာနေကြရာ ဇူလိုင် ၁၇ ရက် နေ့လယ်ပိုင်းမှစတင်ကာ ဇက်ကူးတို့ ဆိပ်များ ပိတ်လိုက်သဖြင့် သွားလာရေး ခက်ခဲနေကြောင်း ဒေသခံများက ပြောသည်။

လက်ရှိ မိုးရာသီတွင် ရေလမ်းကြောင်း ကောင်းမွန်နေသဖြင့် ကချင်ပြည်နယ်ရှိ စစ်မျက်နှာအတွက် ရိက္ခာ၊ ခဲယမ်း၊ ဆေးဝါး နှင့် လူအင်အားများ ဖြည့်တင်းနိုင်ရေး စစ်ကောင်စီမှ ဧရာဝတီမြစ်ကို အသုံးပြုလာခြင်းမျိုးဟု စစ်တပ် CDM များက ဆိုသည်။
CDM ဗိုလ်ကြီးဇင်ယော်က “ဒီစစ်ရေယာဉ်တန်းဟာ ထီးချိုင့်ကိုကျော်ပြီး ရွှေကူထိသွားဖို့ စစ်ရေးရည်မှန်းချက်ပဲ။ ရွှေကူ ကနေ ဗန်းမော်အထိတော့ မသွားရဲလောက်ဘူး။ ဗန်းမော်မြစ်ကျဉ်းက ရွှေကူနဲ့ ဗန်းမော်ကြားမှာရှိတော့ အဲဒီရောက်ရင် ဟိုဘက်ဒီဘက် ဝိုင်းပတ်ပိတ်ဆို့လိုက်ရင် ခံရမှာ။ သူတို့ဘက်မှာ လေကြောင်းတခုတော့ အရေးသာမှုရှိနေတယ်။ အဲဒါ ကြောင့် သူတို့ရဲ့ ပထမရည်မှန်းချက်က ရွှေကူပါပဲ။ ရွှေကူမှာ စုပုံပြီးကာမှ ဗန်းမော်ကို တဖြည်းဖြည်းချင်း တက်မယ့်အနေ အထားလို့ မြင်ပါတယ်” ဟု ပြောသည်။
သို့သော် ကချင်ပြည်နယ် ဗန်းမော်မြို့နယ် စင်းခန်းကျေးရွာအနီး ကသာ-ဗန်းမော်မီးရထား လမ်းပေါ်ရှိ ဧရာဝတီမြစ်ကူး တံတားဖြစ်သည့် စင်းခန်းတံတားမှာ တော်လှန်ရေးအင်အားစုများ ထိန်းချုပ်မှုအောက် ရှိနေသဖြင့် ယင်းတံတားကို ကျော် ဖြတ်နိုင်ရန် မလွယ်ကူဟု ဆိုသည်။
ရွှေကူနှင့် ဗန်းမော်မြို့သည် ရေမိုင် ၃၈ မိုင်ဝေးပြီး ကုန်းလမ်းအနေဖြင့် မိုင် ၆၀ ခန့် ကွာဝေးသည်။
ဗန်းမော်အခြေစိုက် တော်လှန်ရေးရဲဘော်တဦးက “ဗန်းမော်အထိ ရောက်တာတော့ရောက်မှာ အနည်းအများပါပဲ။ မြေပြင်က လာလို့မှမရတာ။ သူတို့အခြေစိုက်စခန်းတွေ၊ လမ်းကြောင်းတွေမှမရှိတော့တာ။ ရေလမ်းနဲ့လေကြောင်းပဲကျန်တော့တာ။ လေကြောင်းကလည်း ကုန်ကျစရိတ်အရမ်းများတယ်။ ဗန်းမော်ရောက်တော့လည်း ပစ်လို့ပိုတောင် ကောင်းသေးတယ်။ ရွှေကူမှာဆိုက်ရင် ပစ်ရခက်သေးမယ်၊ ဗန်းမော်မှာက လက်တကမ်းလေးပဲ” ဟု ပြောသည်။
ပြီးခဲ့သည့်နှစ် ဩဂုတ် ၂၈ ရက်ကလည်း ဂေါဝိန်ဆိပ်ကမ်းရှိ ရတနာပုံသင်္ဘောကျင်းမှ တိုက်သင်္ဘော ၂ စီး၊ ကမ်းထိုးရေယာဉ် ၁ စီး၊ တွဲသင်္ဘော ၄ စီးတွန်းသည့် ကုန်တွဲ ၂ စီး ပါဝင်သော စစ်သင်္ဘော ၅ စင်းကို လက်နက်ခဲယမ်း၊ ထောက်ပို့ပစ္စည်း အပြည့်အစုံတင်ဆောင်ပြီး လုံခြုံရေးအင်အား ၇၀ ကျော်ဖြင့် ထွက်ခွာခဲ့ရာ စစ်ရေယာဉ် ဖြတ်သန်းရာတလျောက် တော်လှန်ရေးအင်အားစုများ၏ တိုက်ခိုက်မှုကြောင့် သင်္ဘောများ မီးလောင်ပျက်စီးပြီး ဆုတ်ခွာခဲ့ရသည်။
လက်ရှိတွင် ချင်းတွင်းမြစ်ကြောင်းကိုလည်း အသုံးပြု၍ ရေတပ်မှ တိုက်သင်္ဘော၊ စစ်သင်္ဘော၊ ကမ်းထိုးရေယာဉ် ၄ စင်း၊ လက်နက်ခဲယမ်း၊ ရိက္ခာများ တင်ဆောင်ထားသည့် နောက်တွန်းတွဲ သင်္ဘောများအပါ ရေယာဉ် ၃၃ စင်း အုပ်စုသည် ဇူလိုင် ၄ ရက်၌ မန္တလေးမြို့ အမရပူရမြို့နယ် ရွှေကြက်ယက်ဆိပ် ကမ်းမှ ဧရာဝတီမြစ်အတိုင်း စုန်ဆင်းပြီးနောက် မြင်းခြံမြို့အနီးရှိ မြစ်ဆုံးမှနေ၍ ချင်းတွင်းမြစ်သို့ ဝင်ရောက်ကာ အထက်သို့ ဆန်တက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဧရာဝတီမြစ်မှတဆင့် ချင်းတွင်းမြစ်အတိုင်း ဆန်တက်လာခြင်းမှာ ပထမဦးဆုံးအကြိမ်ဖြစ်ပြီး အဆိုပါစစ်ရေယာဉ် အုပ်စုသည် ဇူလိုင် ၁၇ ရက်တွင် မင်းကင်းမြို့နယ် ပန်းဆက်ပျူစောထီးကျေးရွာသို့ ရောက်ရှိပြီး ရိက္ခာများ ချပေးခဲ့ကြောင်း၊ ဒေသကာကွယ်ရေးအဖွဲ့များကလည်း ချင်းတွင်းမြစ်ကမ်းပါးမှ လက်လုပ်သေနတ်၊ အဝေးပစ်လက်နက်များဖြင့် ပစ်ခတ် ဟန့်တားလျက်ရှိကြောင်း စစ်ရေးသတင်းရင်းမြစ်များက ဆိုသည်။
စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသရှိ စစ်ကောင်စီတပ်စခန်းများ၊ ပျူစောထီးကျေးရွာများအတွက် ရိက္ခာ၊ လက်နက်ခဲယမ်းများ ဖြည့်တင်းနိုင်ရေးအတွက် ချင်းတွင်းမြစ်ကြောင်းကို အသုံးပြုခြင်းဖြစ်ကြောင်း သိရသည်။
အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) တည်ရှိရာ မုံရွာမြို့ဆိပ်ကမ်း၊ အလုံဆိပ်ကမ်းများကို အသုံးပြု၍ ချင်းတွင်း မြစ်ကြောင်းအတိုင်း စုန်ဆန်ကာ မုံရွာ၊ ဆားလင်းကြီး၊ ကနီ၊ ရေစကြို၊ ဘုတလင် စသည့် ချင်းတွင်းမြစ်ဘေးကျေးရွာ များအား ကမ်းကပ်၍ စီးနင်းဝင်ရောက်ပြီး ဒေသခံများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ လက်နက်ကြီးများဖြင့် ပစ်ခြင်းတို့ကြောင့် အရပ်သား သေဆုံးထိခိုက်မှုများလည်း ရှိနေသည်။
You may also like these stories:
ရန်ကုန်-ပြည် ကားလမ်း အရှေ့ခြမ်းမှ ရွာများကို ဆက်တိုက် မီးရှို့နေ
ဝေါလေဗျူဟာနှင့် ဥကရစ်ထအား KNLA ပူးပေါင်းတပ်တို့ စတင်စစ်ဆင်
မြို့သိမ်းစစ်ဆင်ရေးများ မြန်မာစစ်တပ် ဆက်လက်တောင့်ခံနိုင်














