ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် မိုင် ၆၀ ကျော်အကွာ ဝေါလေဒေသရှိ ဝေါလေဗျူဟာနှင့် ဥကရစ်ထ စခန်းတို့ကို ကရင်တော်လှန်ရေးပူးပေါင်းတပ်များက ၂ ပတ်ကြာ ပိတ်ဆို့ထားပြီးနောက် ယခုရက်ပိုင်း စတင်တိုက်ခိုက်နေပြီဟု ကရင်စစ်ရေးသတင်းအရင်းအမြစ်များက ပြောသည်။
စစ်ဆင်ရေးကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်( KNDO )နှင့် ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) ပူးပေါင်းစစ်ကြောင်းများက ဖော်ဆောင်နေခြင်းဖြစ်ပြီး၊ ဥကရစ်ထ စခန်းကုန်း ၃ ခုအနက် အပြင်စခန်းကုန်း ၂ ခု ၊ ဥကရစ်ထစခန်း အရှေ့မြောက်ဘက် ၉ မိုင်ခန့်ဝေးသည့် ဝေါလေဗျူဟာတို့ကို ပူးပေါင်း တပ်များက ဒရုန်း ၊ လက်နက်ကြီးများဖြင့် တပြိုင်နက်တိုက်ခိုက်နေပြီဖြစ်သည်။
ပူးပေါင်းစစ်ကြောင်းများနှင့်နီးစပ်သည့် ဒေသခံအမျိုးသားက “KNLA ပူးပေါင်းတပ်တွေ လုပ်ငန်းစဉ် စလိုက်ပြီ။ ဥကရစ်ထ ကုန်း နှစ်ကုန်းနဲ့ ဝေါလေကို အရင်ဆုံး ဦးစားပေးလုပ်နေတယ်။ မနေ့ကနဲ့ ဒီနေ့လက်နက်ကြီးသံတွေ ပိုကြားရတယ်”ဟု ပြောသည်။
ဝေါလေဗျူဟာ၌ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ်လက်အောက်ခံ အမှတ် ၁၃ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ-၁၃) ဗျူဟာမှူးကွပ်ကဲနေပြီး လက်နက်ကြီးပိုမိုတပ်ဆင်ထားသည့်အတွက် ပူးပေါင်းတပ်များက ထိုစခန်းကို အဓိက ထိုးစစ်ဆင်ခြင်းဖြစ်နိုင်ကြောင်း CDM ဗိုလ်မှူးစွယ်တော်က ပြောသည်။
“ဝေါလေက ဗျူဟာမှူးအဆင့်ထိုင်တဲ့ ဗျူဟာစခန်း၊ ဥကရစ်ထစခန်းက ဝေါလေရဲ့ ကွပ်ကဲမှုအောက် အဲဒီတော့ ဗျူဟာ စခန်းကို အရင်ဆုံးတွယ်လိုက်လို့ရှိရင် ဥကရစ်ထက ကွပ်ကဲမှုမရှိဘဲ ဗရမ်းဗတာ ဖြစ်သွားမှာ။ အဲဒါကြောင့်မို့ ဝေါလေကို ဦးစားပေးတိုက်နေတဲ့ သဘောရှိတယ်”ဟု ပြောသည်။

လက်ရှိထိုးစစ်ဆင်နေသည့် ကာလအတွင်း စစ်ကောင်စီ၏ ဝေါလေဗျူဟာကုန်းမှ လက်နက်ကြီးများဖြင့်တောက်လျောက် ပြန်လည်ပစ်ခတ်နေရာ ယနေ့နံနက်ပိုင်း၌ ဝေါလေဒေသခံအမျိုးသား ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု စစ်ရှောင် ကူညီပေး နေသူများထံက သိရသည်။
စစ်ရှောင်များကို ကူညီပေးနေသူ မရီရီဝင်းက “စကစ ဘက်ကပစ်တဲ့ လက်နက်ကြီး ရပ်ကွက်ထဲကျပြီး ၃ ယောက် ထိခိုက်သွားတယ်။ တယောက်က အခြေအနေမကောင်းဘူး ။ တယောက်က ခြေဖြတ်ရမယ်။ တယောက်ကတော့ နည်းနည်းပဲ ထိတယ်”ဟု ပြောသည်။
ထိုးစစ်မစမီ ပူးပေါင်းတပ်များက သတိပေးမှုကြောင့် ဒေသခံများအချို့မှာ ပြီးခဲ့သည့် ၃ ရက်ခန့် ကတည်းက ကြိုတင် ရှောင်ရှားမှုများရှိခဲ့သော်လည်း တိုက်ပွဲပိုပြင်းထန်လာသဖြင့် ကျန်နေသူများလည်း ယမန်နေ့နှင့် ယနေ့တွင် ထိုင်းဘက်သို့ ရှောင်ရှားကြကြောင်း လက်ရှိ ထိုင်းဘက်ခြမ်းတွင် စစ်ရှောင်နေသူ ၆၀၀ ကျော်ရှိနိုင်ကြောင်း စစ်ရှောင်ကူညီပေးနေသူ များက ပြောသည်။
မြဝတီတောင်ဘက် ဝေါလေဒေသရှိ ဘလယ်ဒို၊ ကနဲလေး၊ ရွှေအေးမြိုင် (ဝါးမီးထ)၊ ဘုရင့်နောင်၊ မော်ခီး၊ သေ့ဘော့ဘိုးနှင့် ထီးကပလယ်စခန်းတို့ကို ယခုနှစ် မေလနှင့်ဇွန်လတို့တွင် ပူးပေါင်းတပ်များက ဆက်တိုက်သိမ်းပိုက်ခဲ့ပြီးနောက် နောက်ဆုံး လက်ကျန် အဓိက စခန်းများဖြစ်သည့် ဝေါလေ ဗျူဟာနှင့် ဥကရစ်ထစခန်းတို့ သိမ်းပိုက်ရရှိရန် ပူးပေါင်းတပ်များက ကြိုးစားနေသည်။

ပူးပေါင်းတပ်များသည် ၂၀၂၂ ခု ဇွန်လက ဥကရစ်ထစခန်းကို တိုက်ခိုက်ခဲ့ဖူးသလို ဝေါလေဗျူဟာအား ၂၀၂၃ မေလ၌ ထိုးစစ်ဆင်ခဲ့ဖူးသော်လည်း အပြီးသတ် သိမ်းပိုက်နိုင်ခြင်းမရှိခဲ့ဘဲ စစ်ကောင်စီက မြေပြင်စစ်ကူစစ်ကြောင်းများ၊ လေကြောင်းပစ်ကူများဖြင့် စခန်းအသီးသီးကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့သည်။
လက်ရှိတွင် အဆိုပါ စခန်း ၂ခုလုံးသို့ စစ်ကောင်စီဘက်က မြေပြင်စစ်ကူပို့နိုင်ခြင်းမရှိတော့ဘဲ လေကြောင်းမှသာ အဓိက ပစ်ကူပေးနိုင်မည်ဖြစ်သလို စခန်းတခုလျှင် အင်အား ၈၀ ဝန်းကျင်ရှိနိုင်ကြောင်း CDM အရာရှိများက ခန့်မှန်းထားကြသည်။
ဆက်စပ်ဖတ်ရှုရန်
သုံးနှစ်အကြာ တကြော့ပြန်လာတဲ့ ဥကရစ်ထတိုက်ပွဲ
ရုရှား၌ စစ်ရေးပြနေချိန် ထီးခီးနယ်စပ်စခန်းကို KNLA နှင့်ပူးပေါင်းတပ် သိမ်း
စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)
စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၂)














