လုံလောက်သည့် အကာအကွယ်မရှိဘဲ အိန္ဒိယအစိုးရထံ ကိုယ်ရေးအချက်အလက်များပေးအပ်ခြင်းဖြင့် မြန်မာ့နိုင်ငံရေး တက်ကြွလှုပ်ရှားသူများနှင့် ဒုက္ခသည်များအပေါ် လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများဖြစ်စေခဲ့သော အိန္ဒိယအခြေစိုက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) တာဝန်ရှိသူများအား စုံစမ်းစစ်ဆေးအရေးယူပေးရန် မြန်မာ အရပ်ဘက်အဖွဲ့အစည်းများက ယနေ့ တောင်းဆိုလိုက်သည်။
ထိုအိန္ဒိယအခြေစိုက် UNHCR ၏ စစ်ဘေးရှောင်ခိုလှုံလာသူများအပေါ် တာဝန်ယူတာဝန်ခံမှုကင်းမဲ့သည့် လုပ်ရပ်များနှင့် ပတ်သက်၍ India For Myanmar၊ Blood Money Campaign နှင့် Sisters 2 Sisters အဖွဲ့တို့အပါအဝင် အဖွဲ့အစည်း ၁၄၁ ဖွဲ့က ဂျီနီဗာအခြေစိုက် UNHCR ရုံးချုပ်ထံသို့ အိတ်ဖွင့်စာ ပေးပို့ခဲခြင်းဖြစ်သည်။
Sisters 2 Sisters အဖွဲ့တာဝန်ရှိသူတဦးက “UNHCR လိုမျိုး တကမ္ဘာလုံးမှာ ခိုလှုံခွင့်တောင်းခံသူတွေ၊ ဒုက္ခသည်တွေရဲ့ ရပိုင်ခွင့်တွေကို ကာကွယ်၊ ရပ်တည်ပေးမယ်ဆိုတဲ့ အစုအဖွဲ့ရဲ့ ကျူးလွန်မှုတွေကို မြင်သာအောင်လို့ ထုတ်ဖော် ပြောဆို တာဖြစ်တယ်။ ပြည်သူတွေလည်း အတူရပ်တည်ပြီး UNHCR ကို ဖိအားပေးပြီး ကျမတို့ ပြည်သူတွေနဲ့အတူ ရပ်တည်တဲ့ အင်အားစု၊ အစုအဖွဲ့ ဖြစ်အောင် ကြိုးစားပေးပါလို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု ပြောသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် အိန္ဒိယဘက်သို့ ခိုလှုံလာသူမြန်မာတသောင်းကျော်သည် UNHCR ရုံးတွင် ဒုက္ခသည်အဖြစ် မှတ်ပုံတင်ခဲ့ကြပြီး ၎င်းတို့၏ အချက်အလက်များပေါက်ကြားမှုကြောင့် နေအိမ်အတွင်း စစ်ဆေးခံရခြင်းများရှိခဲ့သည့်အပြင် မြန်မာနိုင်ငံသား ၂၆၁ ဦး ဖမ်းဆီးခံခဲ့ရကြောင်း အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။
ဖမ်းဆီးခံရသူများထဲမှ အမျိုးသမီး ၆ ဦးသည် အကျဉ်းထောင်အတွင်း ကလေးမီးဖွားခဲ့ရပြီး အမျိုးသားနှစ်ဦးမှာ သေဆုံးခဲ့ရ ကြောင်းနှင့် အခြားသော ၁၂၅ ဦးမှာလည်း ပြစ်ဒဏ်ကျခံပြီးဖြစ်သော်လည်း ထိန်းသိမ်းရေးစခန်းတို့၌ ဆက်လက်ချုပ်နှောင် ခံနေဆဲဖြစ်ကြောင်း သိရသည်။
အိန္ဒိယအစိုးရသည် ပြစ်ဒဏ်ကျခံပြီးသူ ၁၃၀ ကျော်အား အသက်အန္တရာယ် ဒုက္ခပေးနိုင်သည့် မြန်မာစစ်ကောင်စီလက် ပြန်လည် လွှဲပြောင်းပေးခဲ့ပြီး ထိုသူများအနက် အမျိုးသမီး ၂၀ ဦးနှင့် ကလေး ၇ ဦးအပါအဝင် ၃၄ ဦးမှာ နေရပ်ပြန်ခွင့် မရသေးဘဲ တမူးမြို့တွင် စစ်ကောင်စီက ထိန်းချုပ်ထားဆဲဖြစ်ကြောင်း ၎င်းတို့က ဖော်ပြထားသည်။
ပြီးခဲ့သည့် မေလ ၆ ရက်နေ့ကလည်း ရိုဟင်ဂျာဒုက္ခသည် ၄၀ ဦးအား အာဏာပိုင်များက နေအိမ်ထဲ အတိအကျ ဝင်ရောက်ဖမ်းဆီးကာ စစ်ကောင်စီထံသို့ ပြန်လည် ပေးပို့ခဲ့ကြောင်းလည်း သိရသည်။

ထို့အပြင် UNHCR ၏ အချက်အလက်များဖြင့် မြန်မာနိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၏ နေအိမ်များသို့ အာဏာပိုင်များက အကြောင်းမဲ့ ဝင်ရောက်စစ်ဆေးခြင်း၊ နိုင်ငံခြားသားမှတ်ပုံတင်ရုံးသို့မဖြစ်မနေလာရန် ဆင့်ခေါ်ခြင်း၊ နယူးဒေလီမြို့ပြင်ပသို့ သွားလာ၊ရွှေ့ပြောင်းခြင်းများ မပြုလုပ်ရန် တားမြစ်ကန့်သတ်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း၊ ယင်းဖြစ်စဉ်မျိုးကို ၄ ဦးထက် မနည်း ကြုံခဲ့ရကြောင်း သိရသည်။
ထိုလုပ်ရပ်များကြောင့် UNHCR ၏အကာအကွယ်အား ယုံကြည်စွာတောင်းခံခဲ့ကြသော မြန်မာနိုင်ငံရေး တက်ကြွလှုပ်ရှား သူများအတွက် ပြင်းထန်သောစိတ်ပိုင်းဆိုင်ရာခြိမ်းခြောက်မှုဖြစ်စေပြီး လုံခြုံရေးစိုးရိမ်နေရကြောင်း အရပ်ဘက်အဖွဲ့များက ဆိုထားသည်။
၎င်းတို့က “ ဤလုပ်ရပ်များသည် ဒုက္ခသည်များဆိုင်ရာ ကွန်ဗင်းရှင်းများနှင့် UNHCR ၏ ကိုယ်ပိုင်ကျင့်ဝတ်၊ စည်းမျဉ်းများ ဖြစ်သော လျှို့ဝှက်မှု၊ အကာအကွယ်ပေးရန်တာဝန်နှင့် Non-refoulement တို့ကို ဆိုးဝါးစွာ ချိုးဖောက်နေခြင်းဖြစ်သည်”ဟု ဆိုထားသည်။
ထိုချိုးဖောက်မှုနှင့်ပတ်သက်ပြီး ဒုက္ခသည်များ၏ ကိုယ်ရေးအချက်အလက်များအား အကာအကွယ်မဲ့စွာ လွှဲပြောင်းပေးမှု ချက်ချင်းရပ် တန့်ရန်နှင့် အချက်အလက်လုံခြုံရေးအား အပြည့်အဝ အာမခံရန်၊ တာဝန်မဲ့သောလုပ်ရပ်များအတွက် UNHCR India မှတာဝန်ရှိသူများအား အမြန်ဆုံးစုံစမ်းစစ်ဆေးပြီး ထိရောက်စွာအရေးယူပေးရန်၊ UNHCR India ရုံးတွင် ခိုလှုံခွင့်လျှောက်ထားသည့် မြန်မာနိုင်ငံရေး တက်ကြွလှုပ်ရှားသူများနှင့်ဒုက္ခသည်များ၏ လုံခြုံရေးနှင့်စိန်ခေါ်မှုတို့ကို အမြန်ဆုံးဖြေရှင်းပေးရန် တောင်းဆိုထားသည်။
UNHCR သည် ဒုက္ခသည်များ၏ နောက်ဆုံးမျှော်လင့်ချက်နှင့် အားကိုးရာဖြစ်ပြီး ထိုမျှော်လင့်ချက်ပျက်သုဉ်းမသွားစေရန်နှင့် ဒုက္ခသည်များ၏ အသက်အန္တရာယ်ကိုကာကွယ်ရန် UNHCR မဟာမင်းကြီးအနေဖြင့် အမြန်ဆုံးတုံ့ပြန်ဆောင်ရွက်ပေး မည် ဟု မျှော်လင့်ကြောင်း အရပ်ဘက်အဖွဲ့အစည်းများက ပြောထားသည်။
အိတ်ဖွင့်ပေးစာ ပေးပို့ရာတွင် ပါဝင်သည့် India for Myanmar အဖွဲ့ထံသို့ ပိုမိုအသေးစိတ်သိရန် ဧရာဝတီက ဆက်သွယ် သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။
You may also like these stories:
တော်လှန်ရေးအင်အားစုများ အိန္ဒိယကို သတိထား
အပစ်အခတ်အပြီးရပ်၍ နိုင်ငံရေးနည်းဖြင့် ဖြေရှင်းဖို့ အိန္ဒိယဝန်ကြီးချုပ် ပြော
အိန္ဒိယနယ်စပ်မှ မြန်မာစစ်ရှောင်များ ရေကြီး၍ အရေးပေါ် အကူအညီလို














