စစ်ကောင်စီရဲ့ “သက်ရှိစည်းရိုး” ဝါဒဖြန့်ရာ ထိုင်း- မြန်မာနယ်စပ်မျဉ်းအနီးက ဥကရစ်ထစခန်းကို တော်လှန်ရေးတပ်တွေက သိမ်းဖို့ကြိုးစားခဲ့တာ သုံးနှစ်ပြည့်ချိန်မှာတော့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင် အမျိုးသား ကာကွယ်ရေးအဖွဲ့ (KNDO)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်(PDF) တပ်ပေါင်းစုက ပိတ်ဆို့ထားပြီး တဖန်တိုက်ခိုက်ဖို့ လုပ်နေ ပါတယ်။
ဥကရစ်ထစခန်းဟာ မြဝတီမြို့ တောင်ဘက်၊ နှစ်နိုင်ငံနယ်စပ်ကို ဖြတ်စီးနေတဲ့ သောင်ရင်းမြစ်ဘေးမှာရှိပြီး နယ်စပ်မျဉ်းနဲ့ မီတာအနည်းငယ်သာအကွာ ရွာကို အလယ်ထားကာ စခန်းကုန်းသုံးကုန်းနဲ့ ပတ်ပတ်လည်ခြေကုပ်ယူထားတဲ့စခန်း ဖြစ်ပါတယ်။
၂၀၂၂ ခု ဇွန်လ ၂၆ ရက်က တော်လှန်ရေးတပ်တွေက တပတ်ကျော်ကြာ ပြင်းပြင်းထန်ထန် တိုက်ပေမယ့် စစ်ကောင်စီ က မြေပြင် ဝေဟင်ကနေ အပြင်းအထန်ခုခံတာကြောင့် မသိမ်းနိုင်ဘဲ၊ ယခုအခါ သောင်ရင်းမြစ်တလျှောက်က ကျန် မဆုတ် တမ်းစခန်းတွေဖြစ်တဲ့ လေးကေ့ကော်၊ သေ့သောဘိုး၊ ရွှေအေးမြိုင်၊ ကနဲလေး၊ ဝေါလေ၊ ဘုရင့်နောင်ကုန်း တို့ကို ကရင့် တော်လှန်ရေးတပ်တွေက သိမ်းပြီးတဲ့နောက် ဥကရစ်ထနှင့် ဝေါလေဗျူဟာကို ဝိုင်းရံလာတာဖြစ်ပါတယ်။
ဒေသတွင်း စစ်ရေးလေ့လာစောင့်ကြည့်သူတဦးက “လက်ရှိကတော့ ဥကရစ်ထကို စနေပါပြီ၊ စီးနင်းတိုက်ခိုက်တာမျိုးတော့ မဟုတ်သေးဘူး။ ခုလောလောဆယ် ဝေါလေနဲ့ ဥကရစ်ထ စခန်းနှစ်ခုလုံးကိုတော့ ဝိုင်းရံဖြတ်တောက်ထားတဲ့ သဘောရှိ တယ်။ စစ်တပ်ဘက်က ၁၂၀ မမနဲ့ ပစ်ခတ်သံတွေလည်း ကြားကြားနေရတယ်” လို့ ပြောပါတယ်။
ဒီတကြိမ်မှာ ခံစစ်ကိုခိုင်ခိုင်မာမာ ပြင်ဆင်ထားနိုင်တာကြောင့် တော်လှန်ရေးတပ်တွေအနေနဲ့ တော်တော်လေးကြိုးစား အားထုတ်ရဖွယ်ရှိတယ်လို့ အဆိုပါဒေသခံက ဆိုပါတယ်။
“စခန်းကုန်း သုံးကုန်း ပတ်ပတ်လည်ရှိပြီး တခုချင်းစီကိုဖြိုရမယ့်အတွက် နည်းနည်းတော့ ကျပ်မယ်၊ အရင်တခါ တုန်းက လည်း သူတို့ကိုတိုက်ထားပြီးသား၊ အနေအထားကိုသိထားပြီးသား၊ နေရာကလည်း အရမ်းခက်ခဲတော့ စခန်းရဖို့ သိပ် မလွယ်ပေမယ့် အများကြီး ကြိုးစားအားထုတ်ရမယ်” လို့ သူက သုံးသပ်ပါတယ်။
ပထမအကြိမ်တုန်းက ဘေးပတ်လည်ကာကင်းတွေကသာမက မြေပြင်စစ်ကြောင်းတွေရော လေကြောင်းကပါ အပြင်း အထန်ကူခဲ့ကြပေမယ့် ဒီနှစ်အနေအထားမှာ ဥကရစ်ထစခန်းနားမှာ ဝေါလေဗျူဟာနဲ့ ထီးသဲလယ်ကာကင်း စခန်းငယ် သာ ရှိတော့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကစပြီး ထိုင်း-မြန်မာနယ်စပ်တလျှောက် KNLA နဲ့ ပူးပေါင်းတပ်တွေရဲ့ ထိုးစစ်အောက်မှာ တပ်မဟာ- ၇ ဖားအံခရိုင်၊ တပ်မဟာ- ၅ ဖာပွန်ခရိုင်၊ တပ်မဟာ- ၄ ဘိတ်- ထားဝယ်ခရိုင်နဲ့ တပ်မဟာ- ၆ မြဝတီ-ဝေါလေဒေသတို့ မှာရှိတဲ့ နယ်စပ်စခန်းအများအပြား အသိမ်းခံထားရပါတယ်။

မြဝတီတောင်ဘက်ဖြစ်တဲ့ ဝေါလေဒေသမှာဆိုရင် ဘလယ်ဒို၊ ကနဲလေး၊ ရွှေအေးမြိုင် (ဝါးမီးထ)၊ ဘုရင့်နောင်၊ မော်ခီး၊ သေ့ဘောဘိုးနဲ့ ထီးကပလယ်စခန်းတို့ကို ဒီနှစ် မေလနဲ့ဇွန်လမှာ စစ်တပ်က ဆက်တိုက်လက်လွှတ်ခဲ့ရပြီးနောက် ဝေါလေ ဗျူဟာနဲ့ ဥကရစ်ထစခန်းတို့သာ ထီးထီးကျန်တော့တာ ဖြစ်ပါတယ်။
အနီးက ကာကင်းတွေလည်း လက်လွှတ်ထားရပြီဖြစ်သလို ပိတ်ဆို့ဖြတ်တောက်မှုလည်း ခံထားရတဲ့ ဝေါလေ ဗျူဟာနဲ့ ဥကရစ်ထစခန်းတို့ဟာ ထိုးစစ်ဆင်ခံရပါက လက်နက်ကြီးပစ်ကူနဲ့ လေကြောင်းကိုသာ အားကိုးခုခံရဖို့ရှိတယ်လို့ CDM ဗိုလ်မှူးစွယ်တော်က သုံးသပ်ပါတယ်။
“အခုက ၂၀၂၂ နဲ့ အခင်းအကျင်းမတူတော့ အပြီးသတ် သိမ်းပိုက်နိုင်မယ့် အနေအထားမျိုးရှိတယ်၊ သူတို့က မြေပြင်စစ်ကူ စစ်ကြောင်းကတော့ မထိုးနိုင်တော့ဘူး၊ မြဝတီမှာရှိတဲ့စစ်ကြောင်းကလည်း သင်္ဃန်းညီနောင်ဘက်ကို ပြန်ထိုးဖို့ လုပ်နေတာ ဆိုတော့ လက်ရှိကတော့ လေကြောင်းနဲ့ ဝေါလေဗျူဟာက လက်နက်ကြီးရယ်၊ အဲဒါနဲ့ပဲ သူတို့ခုခံမယ့် သဘောရှိတယ်” လို့ သူက ပြောပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကာကွယ်ရေးဦးစီးချုပ်က အမိန်ပေးမှ ဆုတ်ခွာခွင့်ရှိတယ်ဆိုတဲ့ မဆုတ် တမ်းစခန်း တွေကနေ ထိုင်းဘက်ခြမ်းကို မကြာခဏ ထွက်ပြေးတာကိုတွေ့ရပြီး ဝေါလေဒေသရဲ့ အမြင့်ဆုံးတောင်ထိပ်က ဘုရင့်နောင် စခန်းကုန်းဆိုရင် တိုက်ပွဲစပြီး မကြာခင်မှာပဲ စခန်းစွန့်ထွက်ပြေးကြတဲ့အထိ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပျက်ယွင်း နေတာကို တွေ့ရပါတယ်။
ထိုင်းပြန်စစ်သားတွေကို မြဝတီက ခလရ-၂၇၅ တပ်မှာ ပြန်စုဖွဲ့ထားပြီး အရင်လက်လွှတ်ခဲ့ရတဲ့ မြဝတီ- အာရှလမ်း၊ သင်္ဃန်းညီနောင်တို့ကို ပြန်ထိုးစစ်ဆင်ဖို့ရှိတာကြောင့် လက်ရှိအခြေအနေမှာ ဝေါလေဗျူဟာနဲ့ ဥကရစ်ထစခန်းကို စစ်ကူ လာဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ဒေသတွင်း သတင်းအရင်းအမြစ်တွေက ဆိုပါတယ်။
ဒါကြောင့် ဝေါလေဗျူဟာနဲ့ ဥကရစ်ထစခန်းကို တော်လှန်ရေးတပ်တွေ စစ်ဆင်လာပါက စစ်တပ်အနေနဲ့ လေကြောင်းသာ အပြင်းအထန်ခုခံမှာဖြစ်ပြီး ဒါဟာလည်း နယ်စပ်စည်းနားကပ်နေတဲ့အတွက် အကန့်အသတ်ရှိကြောင်း၊ ဘာပဲပြောပြော တော်လှန်ရေးတပ်တွေအနေနဲ့ သတိကြီးကြီးထားရမယ်လို့ ဒေသခံစစ်ရေးသုံးသပ်သူကဆိုပါတယ်။
၎င်းက “ကျနော်တို့အကြောက်ရဆုံးကတော့ လေယာဉ်ပျံပဲ၊ လေယာဉ်က မကြာခဏလာနေတော့ ပြည်သူတွေ အတွက်ရော တော်လှန်ရေးအဖွဲ့အတွက်ရော အကြောက်ရဆုံး အခက်အခဲပဲ” လို့ ပြောပါတယ်။
လက်ရှိမှာတော့ ထိုင်း-မြန်မာနယ်စပ်တလျှောက် စစ်ကောင်စီဟာ လေကြောင်းအပြင်းအထန် ဗုံးကြဲတိုက်ခိုက်နေ တဲ့ကြားကပဲ စခန်းတွေ တခုပြီးတခု လက်လွှတ်နေရတာကြောင့် ဝေါလေဗျူဟာနဲ့ ဥကရစ်ထစခန်းကျသွားမယ် ဆိုရင်တော့ ဝေါလေဒေသတခုလုံးကို KNU တပ်တွေက ထိန်းချုပ်နိုင်တော့မှာ ဖြစ်ပါတယ်။
This article is supported by the Transition Promotion Programme, the Ministry of Foreign Affairs of the Czech Republic.
You may also like these stories:
စစ်ကောင်စီထိုးစစ်ကြောင့် ကော့ကရိတ်နှင့် ဖာပွန်၌ တိုက်ပွဲပြင်းထန်
ရုရှား၌ စစ်ရေးပြနေချိန် ထီးခီးနယ်စပ်စခန်းကို KNLA နှင့်ပူးပေါင်းတပ် သိမ်း
စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၁)
စစ်ရေး ဟန်ချက်ညီလာသည့် ကရင်စစ်မျက်နှာ (၂)













