အာရက္ခတပ်တော် (AA) သည် မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများကို ပြင်းထန်သော လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်သည်ဟု လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW) က စွပ်စွဲလိုက်သည်။
ရခိုင်ပြည်နယ်တွင် နယ်မြေများကို သိမ်းပိုက်ပြီးနောက် AA သည် သွားလာမှု ကန့်သတ်ချက်များ ချမှတ်ကာ သိမ်းပိုက်မှုများပြုလုပ်ပြီး အငြင်းပွားဖွယ်ရာ ဖမ်းဆီးမှုများပြုလုပ်ကြောင်း၊ အရပ်သားများကို မဖွယ်မရာဆက်ဆံပြီး ရိုဟင်ဂျာများကို အတင်းအကျပ် လုပ်အားစေခိုင်းခြင်း၊ စစ်သားစုဆောင်းခြင်းနှင့် အခြား လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်ကြောင်း ဇူလိုင်လ ၂၈ ရက်နေ့က ထုတ်ပြန်သည့် ကြေညာချက်တစောင်တွင် HRW က ဖော်ပြသည်။
AA သည် မြန်မာစစ်တပ်က ထိုပြည်နယ်တွင် ချမှတ်ထားသည်မှာ ကြာပြီဖြစ်သည့် ဖိနှိပ်မှုများနှင့် အလားတူ ရိုဟင်ဂျာများအပေါ် ဖိနှိပ်သည့်မူဝါဒများ အကောင်အထည်ဖော်သည်ဟု HRW အာရှဒေသဆိုင်ရာ ဒါရိုက်တာ မစ္စ အယ်လိန်း ပီရာဆန်က ပြောသည်။
“အာရက္ခတပ်တော်ဟာ ခွဲခြားဆက်ဆံ ချိုးဖောက်တဲ့ အလေ့အထတွေကို အဆုံးသတ်ပြီး နိုင်ငံတကာဥပဒေကို လိုက်နာသင့်တယ်” ဟု ၎င်းကပြောသည်။
ရခိုင်ပြည်နယ်၊ ဘူးသီတောင်မြို့နယ်မှ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးလာသည့် ရိုဟင်ဂျာ ၁၂ ဦးကို ကိုးကားပြီး ရိုဟင်ဂျာများသည် မြန်မာစစ်တပ်နှင့် AA အကြား စစ်ပွဲတွင် ကြားညပ်နေကာ နှစ်ဖက်လုံးက ဥပဒေမဲ့သတ်ဖြတ်ခြင်း၊ မီးရှို့ခြင်းနှင့် အတင်းအကျပ် စစ်သားစုဆောင်းခြင်း အပါအဝင် ပြင်းထန်သော အခွင့်အရေးချိုးဖောက်မှုများလုပ်သည်ဟု HRW က ပြောသည်။
ရိုဟင်ဂျာများသည် အလုပ်လုပ်ခြင်း၊ ငါးဖမ်းခြင်း၊ လယ်ယာစိုက်ပျိုးခြင်း သို့မဟုတ် ခွင့်ပြုချက်မရဘဲ ရွှေ့ပြောင်းခြင်းများကို ပိတ်ပင်ခံထားရပြီး စားနပ်ရိက္ခာ အလွန်မလုံလောက်ခြင်းကို ရင်ဆိုင်နေရကာ အများစုသည် “တဦးထံမှ တဦး တောင်းစားနေရသည်” ဟု တွေ့ဆုံမေးမြန်းခံရသူများက ပြောသည်။
AA က အသက်မွေးဝမ်းကြောင်းနှင့် စိုက်ပျိုးရေးကို ကန့်သတ်ခြင်းသည် ခြိမ်းခြောက်ငွေတောင်းခြင်း၊ ဈေးနှုန်းများ မြင့်မားခြင်းနှင့် ပေါင်းစပ်လိုက်သောအခါ စားနပ်ရိက္ခာ အကြီးအကျယ် မလုံလောက်ခြင်းနှင့် ၂၀၂၃ ခုနှစ်နှောင်းပိုင်းက ချမှတ်သည့် စစ်ကောင်စီ ပိတ်ဆို့မှုကို ပိုမိုဆိုးရွားစေသည်ဟု HRW က ပြောသည်။
AA သည် လုပ်အားခမပေးဘဲ အတင်းအကျပ် ခိုင်းစေခြင်းနှင့် ရိုဟင်ဂျာပိုင် လယ်များ၊ အိမ်များ၊ ကျွဲနွားတိရိစ္ဆာန်များ၊ ဖမ်းမိသောငါးများ၊ ထင်းများနှင့် သုသာန်များကိုပင် သိမ်းယူသည်ဟု စွပ်စွဲခံရသည်။
AA သည် ရိုဟင်ဂျာများကို အတင်းအကျပ် စစ်သားစုဆောင်းသောကြောင့် အများအပြားသည် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးရသည်ဟု ထိုအစီရင်ခံစာက ဖော်ပြသည်။

ရခိုင်ပြည်နယ်တွင် မြန်မာစစ်တပ်ကို တိုက်ခိုက်နေသည့် အာရကန် ရိုဟင်ဂျာကယ်တင်ရေးတပ် (ARSA) နှင့် ပူးပေါင်းဆောင်ရွက်သည်ဟု သံသယရှိသော မည်သည့်ရိုဟင်ဂျာမဆိုကို AA က အပြင်းအထန် နှိပ်စက်သည်ဟု HRW က ပြောသည်။
ရခိုင်ပြည်နယ်နှင့် အိမ်နီးချင်း ချင်းပြည်နယ် အစိတ်အပိုင်းများတွင် စစ်ကောင်စီဆန့်ကျင်ရေး အဓိက စစ်ဆင်ရေးတခုကို AA က စတင်လိုက်သည့် ၂၀၂၃ ခုနှစ် နှောင်းပိုင်းမှစတင်ပြီး လူ ၄ သိန်းကျော် ပြည်တွင်းနေရပ်စွန့်ခွာနေရပြီး လူ ၂ သိန်းခန့်အထိ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသည်ဟု HRW က ပြောသည်။
၂၀၂၄ ခုနှစ်၊ မေလ နောက်ပိုင်းတွင် ဘင်္ဂလားဒေ့ရှ်သည် အသစ်ရောက်လာသူ ၁၂၀,၀၀၀ ကို မှတ်ပုံတင်ထားပြီး သောင်းနှင့်ချီသောသူများကို မှတ်ပုံမတင်နိုင်သေးဘဲ မကြာသေးမီက ရောက်လာသူများကို တရားဝင် အကူအညီ သို့မဟုတ် အထောက်အပံ့ မပေးနိုင်သေးကြောင်း HRW က ဖော်ပြသည်။
တဖက်တွင်လည်း AA နှင့် ရိုဟင်ဂျာလက်နက်ကိုင်အုပ်စုများသည် လူကုန်ကူးသူများနှင့် ပူးပေါင်းပြီး ထိုသို့ အလုံးအရင်းထွက်ခွာမှုများမှ အကျိုးအမြတ်ရနေသည်ဟု ဆိုသည်။
အလှူရှင်များနှင့် သြဇာရှိသော အစိုးရများအနေဖြင့် မြန်မာတွင်ဖြစ်စေ၊ ဘင်္ဂလားဒေ့ရှ်တွင်ဖြစ်စေ မွတ်ဆလင်အများစု ရိုဟင်ဂျာပြည်သူများ၏ ဘေးကင်းလုံခြုံမှုနှင့် လွတ်လပ်မှု အခွင့်အရေးများကို ကာကွယ်ရေးအတွက် ပိုမိုလုပ်ဆောင်ရန် HRW က တိုက်တွန်းသည်။
AA ပြောခွင့်ရသူ ခိုင်သုခကို ဧရာဝတီက ဆက်သွယ်ခဲ့သော်လည်း တုံ့ပြန်မှုမရသေးပေ။
AA သည် ရခိုင်ပြည်နယ်မှ မြို့နယ် ၁၇ ခုအနက် ၁၄ ခုနှင့် ချင်းပြည်နယ်မှ ပလက်ဝမြို့နယ်ကို သိမ်းပိုက်ထားပြီး ယခုအခါ ပြည်နယ်မြို့တော် စစ်တွေနှင့် တရုတ် စီမံကိန်းကြီးများရှိရာ ကမ်းခြေမြို့နယ်၊ ကျောက်ဖြူသို့ ချဉ်းကပ်လာနေသည်။
AA သည် အနီးရှိ မကွေး၊ ပဲခူးနှင့် ဧရာဝတီတိုင်းများတွင်လည်း စစ်ဆင်ရေး တိုးချဲ့နေသည်။
AA ၏ နိုင်ငံရေးအဖွဲ့အစည်း အာရက္ခအမျိုးသားအဖွဲ့ချုပ် (ULA) သည် အမျိုးသားကာကွယ်ရေး အရေးပေါ်ဥပဒေကို မတ်လတွင် ပြဋ္ဌာန်းပြီး အသက် ၄၅ နှစ်အထိ အရွယ်ရောက်သူများကို စစ်သားစုဆောင်းရန် ခွင့်ပြုခဲ့သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Rakhine’s Arakan Army Accused of Grave Abuses Against Rohingya ကို ဘာသာပြန်သည်။)
You may also like these stories:
AA ၏ “အားလုံးအကျုံးဝင် အုပ်ချုပ်ရေး” အစီအစဉ် ရိုဟင်ဂျာများအကြား သဘောထား ကွဲလွဲနေ
ရိုဟင်ဂျာများကို ဒရုန်းဖြင့် မတိုက်ခိုက်ဟု AA ငြင်းဆို
AA ကို တိုက်ရန် ရိုဟင်ဂျာလက်နက်ကိုင်များ စစ်သားစုဆောင်း
ဘင်္ဂါလီ၊ ရိုဟင်ဂျာ အမည်နာမ ပြဿနာနှင့် AA ပြောတဲ့ရပ်တည်ချက်
ရခိုင်တွင် လွတ်လပ်သော ရိုဟင်ဂျာပြည်နယ် ဘင်္ဂလားဒေ့ရှ် အစ္စလမ်မစ်ပါတီ အဆိုပြု
ရိုဟင်ဂျာတွေကို အသုံးချပြီး စစ်ကောင်စီ နိုင်ငံရေး ကစားဖို့ပြင် (ရုပ်/သံ)
အပြစ်ကျူးလွန်တဲ့ တပ်သားတွေကို အရေးယူခဲ့တယ်လို့ AA ပြော (ရုပ်/သံ)
ရိုဟင်ဂျာ ၆ သောင်း ထပ်မံဝင်ရောက်ဟု ဘင်္ဂလားဒေ့ရှ် ဆို














