စစ်အုပ်စုကို အပေါ်ယံတရားဝင်မှုပေးဖို့ အသုံးချခံလို့ ကျယ်ကျယ်ပြန့်ပြန့် ပြောနေကြတဲ့ ရွေးကောက်ပွဲအတွက် ပြင်ဆင်မှု တစိတ်တပိုင်းအဖြစ် ဇူလိုင်လနှောင်းပိုင်းမှာ သူ့စစ်အုပ်စုကို အမည်ပြောင်းပြီးနောက်ပိုင်း တိုင်း သုံးတိုင်းက မြို့ ခုနစ်မြို့နဲ့ မြို့ကြီးတမြို့ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင် ခရီးသွားပါတယ်။
သူ့ရဲ့ခရီးစဉ်က ပဲခူးတိုင်းက ပဲခူးနဲ့တောင်ငူ၊ နောက် မြန်မာနိုင်ငံရဲ့ အကြီးဆုံးမြို့ ရန်ကုန်နဲ့ မကွေးတိုင်းကို သွားပြီး မကွေးတိုင်းမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ တိုင်းမြို့တော် မကွေး၊ သူ့ဇာတိ မင်းဘူးနဲ့ ချောက်၊ ရေနံချောင်းနဲ့ အောင်လံတို့ကို သွားတယ်။ အဲဒီမြို့ ခုနစ်မြို့နဲ့ ရန်ကုန်ဟာ ဒီဇင်ဘာလ ၂၈ ရက်နေ့ ရွေးကောက်ပွဲ ပထမဆင့်မှ ရွေးကောက်ပွဲတွေ ကျင်းပမယ့်နေရာတွေ ဖြစ်ပါတယ်။
ဖွံ့ဖြိုးတိုးတက်ရေးစကားနဲ့ စစ်တပ်ဦးဆောင်တဲ့ အုပ်ချုပ်ရေးရှုထောင့်ကို အကြီးအကျယ် အာရုံစိုက်တဲ့ သူ့ရဲ့ အရင်ခရီးတွေနဲ့မတူဘဲ မင်းအောင်လှိုင်ဟာ အခုနောက်ဆုံးခရီးစဉ်မှာ ရွေးကောက်ပွဲကို အလေးထားပြောပါတယ်။ သြဂုတ်လ ၂ ရက်နေ့က တောင်ငူမှာ နိုင်ငံတော်တိုးတက်ရေးကို အကျိုးပြုပြီး ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို ထောက်ခံဖို့ စစ်သားတွေကို ပြောပါတယ်။
သြဂုတ်လ ၁၈ ရက်နေ့က မကွေးခရီးမှာတော့ သူက စစ်သားတွေ၊ သူတို့မိသားစုတွေနဲ့ အသေးစား အလတ်စား လုပ်ငန်းရှင်တွေအပါအဝင် ဒေသခံတွေ မပျက်မကွက် မဲပေးဖို့နဲ့ အမျိုးသားအကျိုးစီးပွား ဖော်ဆောင်မယ့် အရည်အသွေးမီ ကိုယ်စားလှယ်လောင်တွေကို ရွေးချယ်ဖို့ တိုက်တွန်းတယ်။
သူ့ဇာတိ မင်းဘူးကို သွားရောက်တဲ့အခါ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က မင်းဘူးက ကိုယ်စားလှယ်လောင်းတွေဟာ ဒေသတိုးတက်ရေးမှာ ပါဝင်ပြီး လက်တွေ့ကျတဲ့ အစီအမံတွေ ကြိုတင်လုပ်ဖို့ အလေးထားပြောတယ်။
ရေနံချောင်းနဲ့ ချောက်ကို သွားတဲ့အခါ သူက ရွေးကောက်ပွဲအချိန်ဇယားကို အသေးစိတ်ပြောပါတယ်။ ရွေးကောက်ပွဲ ပထမဆင့်ကို ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စီစဉ်ထားပြီး အနိုင်ရတဲ့ပါတီကို အာဏာလွှဲပေးမယ်လို့ ကတိပြုပါတယ်။ နိုင်ငံအကျိုးကို ထမ်းဆောင်နိုင်စွမ်းရှိတဲ့ ကိုယ်စားလှယ်လောင်းတွေကို ရွေးချယ်ဖို့ ဒေသခံတွေကို ပြောပါတယ်။
ရွေးကောက်ပွဲ ဥပဒေအရ ရွေးကောက်ပွဲ ဖြစ်မြောက်ဖို့ မဲပေးရမယ့်လူ အနည်းဆုံး အရေအတွက်ကို ကန့်သတ်ထားတာ မရှိဘူးလို့ စစ်အုပ်စုရဲ့ အမည်ပြောင်းအုပ်ချုပ်ရေးအဖွဲ့ စစ်ကော်မရှင်ရဲ့ သြဂုတ်လ ၁၃ ရက်နေ့ ပထမဆုံးအစည်းအဝေးမှာ အရာရှိတွေက ပြောပါတယ်။
ဒါပေမဲ့ မဲပေးသူ ၅၀ ရာခိုင်နှုန်းရှိရင် အများစုရဲ့ဆန္ဒကို ထင်ဟပ်တယ်လို့ သူတို့က ပြောပါတယ်။ တရားဝင်မှုကို အလေးထားနေတာဟာ အဲဒီလုပ်ငန်းအပေါ် ပြည်တွင်းနဲ့ နိုင်ငံတကာထင်မြင်ချက်ကို ပုံဖော်မှု အားထုတ်ခြင်းဖြစ်ကြောင်း ပြသနေတယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ စစ်တပ်ခန့် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) လွှတ်တော်ကိုယ်စားလှယ်တွေ ထောက်ခံမှုနဲ့ လွှတ်တော်ကတဆင့် သမ္မတရာထူး ယူမယ်လို့ မျှော်လင့်ရပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ၂၅ ရာခိုင်နှုန်းကို စစ်တပ်အတွက် ပေးရတယ်။ စစ်အုပ်စု စီစဉ်တဲ့ ရွေးကောက်ပွဲအပြီးမှာ စစ်အုပ်စုရဲ့ စစ်တပ်ခန့် စစ်သားတွေနဲ့ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေ ပေါင်းလိုက်ရင် အများစုအနေအထားရမှာ သေချာသလောက်ဖြစ်ပြီး စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အာဏာချုပ်ကိုင်မှုကို တိုးချဲ့ဖို့ အာမခံသလောက်နီးပါး ဖြစ်နေပါတယ်။
ရွေးကောက်ပွဲ ပထမဆင့်မှာ ပါဝင်တဲ့နေရာတွေက ဒေသခံတွေနဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ အစည်းအဝေးတွေဟာ စစ်တပ်ရဲ့ ရွေးကောက်ခံ လက်ဝေခံ USDP ကိုယ်စား စည်းရုံးရေးဆင်းတာလို့ မြင်ကြပါတယ်။
သူဟာ သူ့စစ်အုပ်စုကို အမည်မပြောင်းခင်ကလည်း ရှမ်းပြည်မြောက်ပိုင်းနဲ့ USDP အမာခံဒေသ ရှမ်းပြည်နယ် အရှေ့ပိုင်းကိုလည်း သွားရောက်ခဲ့တယ်။ နိုင်ငံရဲ့အကျိုးစီးပွားကို အမှန်တကယ် ထမ်းဆောင်နိုင်သူတွေကို ရွေးချယ်ဖို့ ရှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမှာ စစ်သားတွေနဲ့ သူတို့မိသားစုတွေကို ပြောပါတယ်။
ရွေးကောက်ပွဲကို အားပေးဖို့ စစ်ခေါင်းဆောင်ရဲ့ အားထုတ်မှုတွေဟာ တော်လှန်ရေးအင်အားစုတွေ လှုပ်ရှားနေတဲ့ နေရာတွေအထိ မတိုးချဲ့သေးပါဘူး။
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အများအပြားနဲ့ စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တော်လှန်ရေးအင်အားစုတွေက စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို ပယ်ချပြီး သူတို့ထိန်းချုပ်ထားတဲ့ ဒေသတွေမှာ ရွေးကောက်ပွဲကို တားဆီးပိတ်ပင်မယ်လို့ ကြိမ်းဝါးနေပါတယ်။
စစ်အုပ်ချုပ်ရေးအောက်မှာ ကျင်းပတဲ့ ရွေးကောက်ပွဲတွေကို လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲတွေလို့ မသတ်မှတ်နိုင်ကြောင်း အမေရိကန် ပြည်ထောင်စု အပါအဝင် အနောက်တိုင်းအစိုးရတွေက ပြောနေတာ ကာလကြာမြင့်ပါပြီ။
အဲဒီလို စိန်ခေါ်မှုတွေရှိပေမဲ့ စစ်အုပ်စုက ရွေးကောက်ပွဲ ပထမဆင့်ကို ဒေသ ၁၄ ခုက မြို့နယ် ၁၀၂ ခုမှာ ပြုလုပ်ဖို့ ရည်ရွယ်ချက်ကို ကြေညာထားပါတယ်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ မောင်ကဝိ၏ Myanmar Junta Chief Presses Election Drive in Tour of Three Regions ကို ဘာသာပြန်သည်။)
You may also like these stories:
ကိုယ့်ဖဲကိုယ်ချိုးမယ့် စစ်တပ်ရွေးကောက်ပွဲ (ရုပ်/သံ)
စကမ ရွေးကောက်ပွဲနှင့် တရုတ်သဘောထား
စစ်တပ်ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ တော်လှန်ရေးအင်အားစုတွေပြော (ရုပ်/သံ)
စစ်တပ် ရွေးကောက်ပွဲ၏ မျက်နှာစာ သို့မဟုတ် လူသတ်ကောင်များ၊ ဆယ်လီများနှင့် အစွန်းရောက်ဝါဒီများ
ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြမလဲ
ဆယ်ပြားရွေးကောက်ပွဲနဲ့ တက်လာမယ့်ဆယ်ပြားအစိုးရ (ရုပ်/သံ)














