နိုင်ငံတကာတရားရုံးတွင် စွဲချက်တင်ခံထားရသည်ကို ကြည့်ခြင်းဖြင့် ကမ္ဘာ့အဆင့် ရာဇဝတ်ကောင် အကြမ်းဖက်သမားက မည်သူမည်ဝါ မည်သည့်အဖွဲ့အစည်းဆိုသည်ကို သိနိုင်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU)က စစ်ကော်မရှင်၏ မတရားအသင်းနှင့် အကြမ်းဖက်အုပ်စုအဖြစ်သတ်မှတ်ခြင်း အပေါ် တုံပြန်လိုက်သည်။
စစ်ကော်မရှင်၏ ပြည်ထဲရေးဝန်ကြီးဌာနနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟို အဖွဲ့တို့က ကရင်အမျိုးသားအစည်းအရုံး (KNU)ကို မတရားအသင်းနှင့် အကြမ်းဖက်အုပ်စုအဖြစ် ဩဂုတ် ၂၈ ရက် ညပိုင်းတွင် ထုတ်ပြန်ကြေညာသည်။
အဆိုပါကြေညာချက်အပေါ် KNU ပြောခွင့်ရ ပဒိုစောတောနီးက “မိုးလုံးပြည့်မုသာဝါဒ စကားလုံးတွေနဲ့ ရုန့်ရင်းကြမ်း တမ်း လှပြီး သူခိုးကနေလူကိုပြန်ဟစ်တတ်တဲ့ “စကမ”အဆင့်ထက်မပိုလို့ ကျနော်တို့အနေနဲ့ ဘာမှဂရုစိုက်စရာ မလိုပါဘူး။ အကြမ်းဖက်သမား အမှန်အကန်နဲ့ နိုင်ငံတကာအဆင့်၊ ကမာ္ဘ့အဆင့် ရာဇဝတ်ကောင်တွေဟာ ဘယ်သူတွေလဲ၊ မတရား အသင်းဆိုတဲ့ဟာတွေက ဘယ်သူတွေလဲဆိုတာ ICJ၊ ICC နဲ့ အာဂျင်တီးနား စတဲ့ နိုင်ငံတကာခုံရုံးတွေကနေ စွဲချက် တင်ထားတာကြည့်ရင် ထူးထူးထွေထွေ သက်သေပြနေစရာတောင် မလိုတော့ပါဘူး” ဟု တုံ့ပြန်ပြောဆိုသည်။
စစ်ကော်မရှင်၏ ထုတ်ပြန်ချက်တွင် KNU နှင့် အဖွဲ့ဝင်များ၊ ယင်းအဖွဲ့က ဖွဲ့စည်းထားသော အဖွဲ့အစည်းများ၊ အဖွဲ့အစည်း များနှင့် ဆက်နွယ်သည့် ပုဂ္ဂိုလ်များ၏ ရည်ရွယ်ချက်နှင့် လုပ်ရပ်များမှာ တရားဥပဒေစိုးမိုးရေး၊ နိုင်ငံတော်တည်ငြိမ်အေးချမ်း ရေး၊ အများပြည်သူ အေးချမ်းသာယာ ရေးတို့ကို အနှောင့်အယှက် အန္တရာယ်ဖြစ်စေသည်ဟုဆိုကာ မတရားအသင်းအဖြစ် ကြေညာကြောင်း ဖော်ပြထားသည်။
ထို့ပြင် အများပြည်သူ အသုံးပြုလျက်ရှိသည့် လမ်း၊ တံတားများကို မိုင်းခွဲဖျက်ဆီးခြင်း၊ မြို့ရွာများကို လက်နက်ကြီး၊ ဒရုန်း ဗုံးများဖြင့် တိုက်ခိုက်ခြင်း၊ ပြည်သူများကို သတ်ဖြတ်ခြင်း၊ နိုင်ငံပိုင်အဆောက်အအုံ၊ ယာဉ်၊ စက်ပစ္စည်းကိရိယာနှင့် အသုံး အဆောင်ပစ္စည်းများကို ဖျက်ဆီးခြင်းတို့ ကျူးလွန်သည်ဆိုကာ အကြမ်းဖက်အုပ်စုအဖြစ် ကြေညာကြောင်း ဆိုထားသည်။

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် နှစ်ပေါင်း ၇၀ ကျော် သက် တမ်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြီးဖြစ်သော KNU ကို ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း ၄ နှစ်ခွဲကြာ၌ စစ်တပ် ဘက်မှ ယခုလို ထုတ်ပြန်ကြေညာလာခြင်း ဖြစ်သည်။
နိုင်ငံရေး၊ စီးပွားရေး အဘက်ဘက်မှ ချွတ်ခြုံကျနေသည့် စစ်ရာဇဝတ်မှုများ ကျူးလွန်နေသော စစ်တပ်က ရွေးကောက်ပွဲ ဖြင့် ထွက်ပေါက်ရှာရန် ကြိုးပမ်းနေချိန် KNU မှ လာမည့် ဒီဇင်ဘာ ၂၈ ရက်တွင် စတင်ကျင်းပမည့် ရွေးကောက်ပွဲအား ဆန့် ကျင်ကြောင်း ပြတ်ပြတ်သားသား ထုတ်ဖော်ပြောဆိုလာပြီးနောက် ယခုလို ကြေညာခြင်းဖြစ်သည်ဟူသော သုံးသပ်ချက် များလည်း ရှိသည်။
KNU အမြဲတမ်းဗဟိုကော်မတီဝင် ပဒိုစောသမိန်ထွန်းက “သူတို့ဥပဒေနဲ့ပြောရင် တရားမဝင်တာကြီးကို လက်နက်အားကိုး နဲ့ အတင်းလုပ်နေတာ။ အဲဒါကြီးကို မဲမထည့်နဲ့၊ ကန့်ကွက်ကြပြောတာ မမှားဘူးလို့ ထင်ပါတယ်။ အဲဒါကို မကျေနပ်လို့ ပြန်ပြီး တုံ့ပြန်တာပဲ။ သူတို့ဘာသူတို့ အကြမ်းဖက်ပဲပြောပြော အရင်ကလည်း တိုက်နေတာပါပဲ။ အကြမ်းဖက်ပြောလိုက်၊ သူတို့နဲ့ အဆင်ပြေတုန်းက အကြမ်းမဖက်ဘူးပြောလိုက်၊ NCA လက်မှတ်ထိုးတုန်းကတမျိုး၊ အခုကျတမျိုး။ လိုတမျိုး မလိုတမျိုး လျှောက်လုပ်နေတာပါပဲ” ဟု ဆိုသည်။
ထိုသို့ ကြေညာလိုက်ခြင်းသည် KUN အဖွဲ့အစည်းအတွင်း မပြတ်မသားရှိနေသည့် လူကြီးတချို့ ဆုံးဖြတ်ချက် ပြတ်ပြတ် သားသား ရှိလာနိုင်သလို ကရင်တော်လှန်ရေးလက်နက်ကိုင် အဖွဲ့အစည်းအချင်းချင်းကြား စည်းလုံးမှု ပိုဖြစ်သွားနိုင်စေ ကြောင်း ကရင်စစ်ရေး၊ နိုင်ငံရေးအခြေအနေကို လေ့လာစောင့်ကြည့်နေသူ မြဝတီမြို့ခံတဦးက ပြောသည်။
ဆက်လက်၍ ၎င်းက “စစ်ရေးက သူတို့ဘာမှ မကြေညာခင်ထဲက အာရှလမ်းပိုင်းမှာ အပြင်းအထန်ကို လုပ်တာပဲ။ ပြီးခဲ့တဲ့ ရက်ပိုင်းကတည်း ကားအစီး ၅၀ လောက်နဲ့ မစ်ဇိုင်းတွေရော ကော့ကရိတ်ကို ထပ်ဖြည့်ပြီးတိုးနေတာ။ စစ်ရေးကတော့ ဒီထက်မပိုနိုင်တော့ပါဘူး” ဟု မှတ်ချက်ပြုသည်။
KNU တပ်မဟာ ၇ ခုအနက် တပ်မဟာ ၆ ထိန်းချုပ်နယ်မြေအတွင်းရှိ ကော့ကရိတ်-မြဝတီ နယ်စပ်ကုန်သွယ်ရေး အာရှ လမ်းပိုင်း ပြန်လည်စိုးမိုးနိုင်ရေးအတွက် စစ်တပ်သည် ဩဂုတ်လအစပိုင်းကတည်းက မြေပြင်အင်အားထောင်ချီအပြင် လေယာဉ်၊ ဒရုန်း၊ လက်နက်ကြီး စသည်တို့ဖြင့် အပြင်းအထန် ထိုးစစ်ဆင်နေပြီး ယမန်နေ့ညပိုင်းကလည်း မစ်ဇိုင်းများ အပါအဝင် လက်နက်ကြီးများ တောက်လျောက်ပစ်၍ ထိုးတက်နေသော်လည်း ပူးပေါင်းတပ်များ၏ ခံစစ်စည်းကို မကျော် နိုင်သေးကြောင်းလည်း ၎င်းက ပြောသည်။
KNU တပ်မဟာ ၁ နယ်မြေအတွင်းရှိ အမျိုးသမီး ဒေသကျန်းမာရေးမှူးကမူ “စစ်ကော်မရှင်ကြေညာချက်နဲ့အတူ အရပ်သား တွေအနေနဲ့ စိုးရိမ်မှုတွေ ပိုမိုများလာပါတယ်။ အရင်ကတည်းက တိုက်ခိုက်ခံနေရသလိုပဲ အခုလို ကြေညာချက်ကြောင့် အရပ်သားတွေကို ပိုပြီးပစ်မှတ်ထားပြီး တိုက်ခိုက်လာနိုင်တယ်ဆိုတဲ့ ဖိစီးမှုတွေ ရှိနေပါတယ်။ နေရာစွန့်ထွက်ရဖို့ အဆင် သင့်ထားရပြီး အစားအစာ၊ ဆေးဝါးလို အခြေခံလိုအပ်ချက်တွေထိ ခက်ခဲနိုင်ပါတယ်။ ဒေသခံတွေအနေနဲ့ အခုအချိန်မှာ အသက်အိုးအိမ်၊ သက်သာခွင့်တွေ ပိုပြီးဆုံးရှုံးသွားမလားဆိုတဲ့ စိုးရိမ်မှုရှိနေရပါတယ်” ဟု ပြောသည်။
စစ်တပ်သည် တပ်မဟာ ၁ နယ်မြေအတွင်းရှိ ကျေးရွာများကို လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကို မကြာခဏပြုလုပ်နေပြီး ဩဂုတ် ၂၄ ရက်ကလည်း မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ငှက်ပျောတောကျေးရွာ အုပ်စုအတွင်းရှိ ချမ်းမြေ့စုဘုန်းကြီးကျောင်းကို လေကြောင်းဗုံးကြဲခဲ့သောကြောင့် သံဃာ ၂ ပါး ပျံလွန်တော်မူပြီး သံဃာ ၅ ပါး ပြင်းထန်ဒဏ် ရာ ရရှိခဲ့သည်။
You may also like these stories:
KNU ထိန်းချုပ်ထားသော ထီးခီးနယ်စပ်ကုန်သွယ်ရေး ထိုင်းဘက်မှ ခွင့်ပြု
ကရင်ရဲ့ ရည်မှန်းချက်က “ကော်သူးလေနိုင်ငံ” လို့ KNU ဥက္ကဋ္ဌ ပြော (ရုပ်/သံ)














