မန္တလေးနှင့် စစ်ကိုင်းမြို့ပေါ်တွင် ရောက်ရှိနေသည့် စစ်ရှောင်များအား စစ်ကော်မရှင်၏ အုပ်ချုပ်ရေးများအဖွဲ့က ထောက်ပံ့ ကူညီမှုများလုပ်ကာ ရွေးကောက်ပွဲ၌ မဖြစ်မနေ ဆန္ဒမဲပေးကြရန် စည်းရုံးလှုံ့ဆော်နေကြောင်း သိရသည်။
စစ်ကိုင်းမြို့ခံတဦးက “စစ်ကိုင်းမြို့ပေါ်ကို ရောက်နေတဲ့ စစ်ရှောင်တွေထဲကနေ အသက် ၁၈ နှစ်ပြည့်ပြီးတဲ့သူတွေကို စစ်ရှောင်ထောက်ပံ့ကူညီငွေဆိုပြီး ပေးနေတာမျိုး။ အဲဒီငွေပေးဖို့အတွက် စုရပ်တွေလုပ်ပြီး လာမယ့်ရွေးကောက်ပွဲမှာ မဖြစ်မနေ ဆန္ဒမဲပေးကြဖို့ စည်းရုံးတာမျိုးတွေလည်း လုပ်နေကြတယ်။ ပြီးတော့ ငွေထုတ်တဲ့အခါ လက်မှတ်ထိုးပြီးမှ ထုတ်ကြရတာ” ဟု ဧရာဝတီကို ပြောသည်။
စစ်ကိုင်းမြို့ရောက် စစ်ဘေးရှောင်များအနက် အသက် ၁၈ နှစ်ပြည့်ပြီးသူများအား တဦးလျှင် တလ ကျပ် နှစ်သောင်းနှုန်းဖြင့် သုံးလစာ ကျပ်ခြောက်သောင်းကို စက်တင်ဘာလ နောက်ဆုံးပတ်တွင် ပေးခဲ့ကြောင်း မြို့ခံများက ဆိုသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၂၇ ရက်က စစ်ကိုင်းမြို့ ဆင်များရှင်ဘုရားနှင့် ပါရမီရပ်ကွက်ရှိ စည်းခုံကြီးဘုရားဝင်းများအတွင်း စစ်ဘေးရှောင်ကူညီထောက်ပံ့ခြင်းများ ပြုလုပ်ခဲ့ရာ အမျိုးသမီးအများစု တက်ရောက်ခဲ့ကြရပြီး ရွေးကောက်ပွဲ၌ မဖြစ်မနေ မဲလာပေးရမည်ဟုဆိုကာ လက်မှတ်ထိုးခိုင်းပြီး ငွေကြေးထောက်ပံ့ပေးကြောင်း သိရသည်။
“ကျမတို့ကို စစ်ဘေးရှောင်တွေမို့ ကူညီပေးတာပေါ့။ နေရေးစားရေး အဆင်ပြေကြလားမေးတယ်။ မကြာခင် ကိုယ့်အိမ် ကိုယ့်ရာမှာပဲ ပြန်နေလို့ရအောင် သူတို့ စီစဉ်ပေးနေတယ်လို့ ပြောတယ်။ ရွေးကောက်ပွဲမှာလည်း မဖြစ်မနေ မဲပေးကြဖို့လို တယ်လို့ပြောတယ်။ ထောက်ပံ့ကူညီပေးတာက တလ နှစ်သောင်းနှုန်းနဲ့ သုံးလစာ ခြောက်သောင်းရတယ်။ စာရင်းစာရွက် ပေါ်မှာ လက်မှတ်ထိုးပေးခဲ့ရတယ်။ ကျမတို့က ရွာပြန်လို့ရရင်တောင် အိမ်တွေမီးလောင်သွားလို့ နေစရာမရှိတော့ပါဘူး။ ပြန်လို့ရမယ်ဆိုရင်တော့ ပြန်ချင်တာပေါ့” ဟု မင်းကွန်းဒေသမှ စစ်ရှောင်တဦးက ပြောသည်။
ထိုသို့ ပြုလုပ်ရာတွင် စစ်တပ်က လက်သပ်မွေးထားသော ပြည်သူ့စစ်အမည်ခံ ပျူစောထီးများက လုံခြုံရေးအဖြစ် ဆောင် ရွက်ပေးသလို စစ်ရှောင်များကိုလည်း မဖြစ်မနေလာရောက်ကြရန် ခြိမ်းခြောက်ခေါ်ယူမှုများရှိကြောင်း မြို့ခံများက ဆိုသည်။
အသက် ၁၈ နှစ်ပြည့်ပြီး မဲစာရင်းပါသည့် သက်ဆိုင်ရာမြို့နယ်ပြင်ပ ရောက်နေသူများ အမြဲတမ်းနေရပ်ပြန်၍ မဲပေးလိုခြင်း မရှိပါက ရောက်နေသောမြို့နယ် မဲဆန္ဒနယ်၏ ကိုယ်စားလှယ်လောင်းများအား မဲပေးခွင့်ရရှိရေးအတွက် မဲစာရင်းထည့်သွင်း ပေးရန် တောင်းဆိုလွှာ ပုံစံ(၃-က)ဖြင့် ရွေးကောက်ပွဲကျင်းပမည့်နေ့မတိုင်မီ ရက်ပေါင်း ၆၀ ထက် နောက်မကျစေဘဲ သက်ဆိုင်ရာ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲမှတဆင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲသို့ တင်ပြလျှောက်ထားရန် စစ်ကော်မရှင်၏ ရွေးကောက်ပွဲကော်မရှင် (UEC)က ထုတ်ပြန်ထားသည်။
စစ်ကိုင်းမြို့ရောက် ဝက်လက်မြို့နယ်အရှေ့ခြမ်းမှ စစ်ရှောင်တဦးက “စစ်ကိုင်းမြို့နယ်က မဟုတ်ရင်လည်း သတ်မှတ်ပုံစံ ဖောင်တွေဖြည့်ပြီး မဲပေးဖို့တောင်းရမယ်တဲ့။ ပြီးရင် စစ်ကိုင်းမှာပဲ မဲပေးရမယ်၊ မဲလာမပေးလို့ ဖြစ်လာမယ့် နောက်ဆက်တွဲ တွေ ကိုယ်ဖြစ်ကိုယ်ခံရမယ်ဆိုတာမျိုးတွေပါ ပြောတယ်။ ကျနော်တို့ကတော့ သူများရပ်ရွာမှာမို့ နေ့စဉ်ဝင်ငွေရအောင် မနည်းကြိုးစားနေရတာဆိုတော့ မဲပေးဖို့ အလုပ်ပိုတွေ မလုပ်ချင်ဘူး” ဟု ပြောသည်။
စစ်ကော်မရှင်အနေဖြင့် ရွေးကောက်ပွဲကို အပိုင်းလိုက်ခွဲကျင်းပမည်ဖြစ်ပြီး မဲဆန္ဒရှင်အမည်စာရင်းများကို ပထမအကြိမ် စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၁၃ ရက်ထိ သက်ဆိုင်ရာ ရပ်/ကျေးရုံးများ၌ ကပ်ထားကြေညာပေးမည် ဖြစ်ရာ အိမ်ထောင်စုတစုလျှင် အနည်းဆုံးတဦး မပျက်မကွက် မဲစာရင်းများ လာရောက်ကြည့်ရှုကြရန် ထုတ်ပြန်ထားသည်။
စစ်ကိုင်းမြို့ပေါ်ရှိ ရပ်ကွက်များနှင့် စစ်ကိုင်းတောင်ရိုးမှ ဘုန်းကြီးကျောင်းများ သီလရှင်ကျောင်းများ၌ မြို့နယ်တွင်းမှ ရွာ ၅၀ ထက်မနည်း စစ်ရှောင်နေရသလို အနီးအနားရှိ ဝက်လက်မြို့နယ်၊ ဧရာဝတီမြစ်အရှေ့ ဘက်ရှိ မတ္တရာအနောက်ခြမ်း ကျွန်း ရွာများမှလည်း လာရောက်ခိုလှုံနေရသည်။

စစ်ကော်မရှင်၏ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ၂၀၂၃ မတ်လ ၃၁ ရက်တွင် ထုတ်ပြန်ခဲ့သော သန်းခေါင် စာရင်းအရ စစ်ကိုင်းမြို့နယ်၌ စစ်ကိုင်း၊ ဆားတောင် မြို့နှစ်မြို့၊ ရပ်ကွက် ၃၄ ခု၊ ကျေးရွာအုပ်စု ၇၆ အုပ်စု၊ ကျေးရွာပေါင်း ၁၇၇ ရွာရှိပြီး မြို့နယ်တခုလုံး လူဦးရေ ၂၉၅,၁၉၅ ဦး ရှိသည့်အနက် မဲပေးနိုင်မည့် အသက် ၁၈ နှစ်အထက် ၂၀၄,၈၉၁ ဦး ရှိကြောင်း၊ အရှေ့ဘက်တွင် ဧရာဝတီမြစ်နှင့် မန္တလေးတိုင်း မတ္တရာ၊ ပုသိမ်ကြီး၊ အမရပူရမြို့နယ်၊ တောင်ဘက်တွင် ဧရာဝတီမြစ်နှင့် မန္တလေးတိုင်း တံတားဦး၊ ငါန်းဇွန်မြို့နယ်၊ အနောက်ဘက်တွင် မူးမြစ်နှင့် မြင်းမူမြို့နယ်၊ မြောက်ဘက်တွင် ဝက်လက်မြို့နယ်များနှင့် နယ်နိမိတ်ထိစပ်နေသည်။
ဒီဇင်ဘာ ၂၈ ရက်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲ အပိုင်း ၁ ကို နိုင်ငံတဝန်းရှိ မြို့နယ် ၃၃၀ အနက် ၁၀၂ မြို့နယ်၌ ကျင်းပ သွားမည်ဖြစ်ကြောင်း စစ်ကော်မရှင်လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်(UEC)က ထုတ်ပြန်ထားရာ စစ်ကိုင်းမြို့ နယ်နှင့်အတူ မန္တလေးမြို့ဧရိယာမှ အောင်မြေသာစံ၊ ချမ်းအေးသာစံမြို့နယ်များ ပါဝင်နေသည်။
မန္တလေးမြို့ပေါ်ရှိ ရပ်ကွက်များတွင်လည်း ရွေးကောက်ပွဲ အတွက် သင်တန်းများပေးခြင်း၊ အီလက်ထရောနစ်မဲပေးစက် (MEVN)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲ ပေးခြင်းများ ပြုလုပ်နေသလို စစ်ရှောင်များအား ထောက်ပံ့ ကူညီမှုပြုလုပ်ကာ မဖြစ်မနေ ဆန္ဒမဲပေးကြရန် စည်းရုံးလှုံ့ဆော် လျက်ရှိကြောင်း သိရသည်။
“မန္တလေးမြို့က သူတို့ စိုးမိုးနယ်မြေဆိုတော့ ရွေးကောက်ပွဲအတွက် လွတ်လွတ်လပ်လပ် လုပ်လို့ရတယ်။ စစ်ခေါင်းဆောင် က သူ့အာဏာ လက်မလွှတ်ရဖို့အရေး လုပ်နေတယ်ဆိုတာ အားလုံးအသိပဲ။ ရွေးကောက်ပွဲအမည်ခံပြီး စစ်တပ်က နေပဲ အုပ်ချုပ်လို့ရအောင် ကျောထောက်နောက်ခံပေးထားတဲ့ ကြံ့ဖွံ့ပါတီမှာ ဘောင်းဘီချွတ်ခိုင်းပြီး စစ်သားတွေပို့နေတာက သက်သေတွေပဲလေ။ အဲဒီတော့ ရွေးကောက်ပွဲလုပ်လို့ရတဲ့ နေရာမှန်သမျှ မှာ မဖြစ်မနေ မဲပေးရမယ်ဆိုတာမျိုး ဖိအား ပေးလာတာဟာ မဆန်းပါဘူး” ဟု မန္တလေးမြို့ခံ နိုင်ငံရေးအကျဉ်းသားဟောင်း တဦးက ပြောသည်။
မန္တလေးမြို့တွင် စစ်ရှောင် သုံးသိန်းခန့်ရှိနိုင်ပြီး ၂၀၂၂ နှစ်ကုန်ပိုင်းမှ စ၍ ရှမ်းမြောက် လားရှိုး၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မိုးမိတ်၊ မဘိမ်းနှင့် စစ်ကိုင်းတိုင်း ဆားလင်းကြီး၊ ဘုတလင်၊ ထီးချိုင့်၊ ကောလင်း၊ အင်းတော်၊ မော်လူး၊ မြင်းမူ၊ အရာတော်၊ ဝက်လက်၊ ရေဦး၊ တန့်ဆည်၊ ခင်ဦး၊ ကန့်ဘလူ၊ ကျွန်းလှ၊ မန္တလေးတိုင်းမှ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း၊ မိုးကုတ်၊ မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာ၊ ငါန်းဇွန်၊ ကချင်ပြည်နယ်မှ ဗန်းမော်၊ မံစီ၊ ရွှေကူ၊ ဝိုင်းမော်၊ ဖားကန့် စသည့် ဒေသများမှ စစ်ရှောင်များရောက်ရှိနေခြင်းဟု စစ်ရှောင်အရေးကူညီသူများထံက သိရသည်။
မန္တလေးရောက်စစ်ရှောင်များမှာ ဆွေမျိုးအသိမိတ်ဆွေ နေအိမ်များ၊ ဘုန်းကြီးကျောင်းများတွင် ခိုလှုံနေသူများရှိသလို မန္တလေးမြို့ပေါ် ရပ်ကွက်များ၌ အိမ်ငှားရမ်းနေထိုင်ကြပြီး အချို့မှာ ပုသိမ်ကြီး၊ ချမ်းမြသာစည်၊ ပြည်ကြီးတံခွန်မြို့ နယ်များရှိ တန်ဖိုးနည်းအကွက်ရိုက်မြေကွက်များ ဝယ်ယူနေထိုင်လျက်ရှိကြောင်း သိရသည်။
မန္တလေးရောက် စစ်ရှောင်များ၏ စားဝတ်နေရေးအတွက် မြို့ခံအများစုက ကူညီစောင့်ရှောက်ပေးနေကြသော်လည်း အုပ်ချုပ်ရေးအသိုင်းဝိုင်းများက ဖိနှိပ်မှုမျိုးစုံလုပ်နေပြီး ရွေးကောက်ပွဲ နီးကပ်လာချိန်မှ ထောက်ပံ့မှုအကြောင်းပြ၍ ရွေးကောက်ပွဲ မဲပေးရန် စည်းရုံနေခြင်းမျိုးဖြစ်ကြောင်း မန္တလေးမြို့ခံများက ဆိုသည်။
ထိုအတူ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်ကိုယ်တိုင် မန္တလေးမြို့သို့ လာရောက်၍ ဗန်းမော်ခရိုင်ရှိ မြို့နယ်များမှ နေရပ်စွန့်ခွာတိမ်းရှောင်လာကြရသည့် စစ်ရှောင်များနှင့် Non CDM ဝန်ထမ်း များအား ထောက်ပံ့ငွေပေးအပ်ပွဲကို စက်တင်ဘာ ၂၄ ရက်၌ ပြုလုပ်ခဲ့သေးကြောင်း သိရသည်။
အဆိုပါအခမ်းအနားကို ချမ်းအေးသာစံမြို့နယ် ဆူးဖြူကျောင်းတိုက် ဉာဏဝေပုလ္လဓမ္မဗိမာန်တော်၌ ကျင်းပပြုလုပ်ခဲ့ပြီး ကချင်ပြည်နယ်အစိုးရဖွဲ့က ကျပ် သိန်း ၅၀၀၊ Seven Force ကုမ္ပဏီမှ ဦးကျော်စွာမိုးက ထောက်ပံ့ငွေ ကျပ်သိန်း ၁၀၀ ပေးအပ်ခဲ့သလို တက်ရောက်လာသည့် စစ်ရှောင်များအား ခေါက်ဆွဲခြောက်ထုပ်များ ဝေငှပေးခဲ့ကြောင်း စစ်ကော်မရှင်က သတင်းထုတ်ပြန်ထားသည်။
You may also like these stories:
ငလျင်ဒဏ်ခံ မန္တလေးသည် စစ်အုပ်စု ရွေးကောက်ပွဲထိုးစစ် ဗဟိုချက်ဖြစ်နေ
စစ်အုပ်စု ရွေးကောက်ပွဲ ကစားကွက်နှင့် အတိုက်အခံများအတွက် ထောင်ချောက်
စစ်တပ်ရွေးကောက်ပွဲက ကရင်ပြည်နယ်တွင်း အခြေအနေပိုရှုတ်ထွေးစေနိုင်














