လာမည့် ဒီဇင်ဘာတွင် လုပ်မည့် စစ်ကော်မရှင် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ကရင်လက်နက်ကိုင်အဖွဲ့အစည်းများ အကြား သဘောကွဲလွဲမှုများ ဖြစ်နေသည်ကို အဖွဲ့အသီးသီး၏ ထုတ်ပြန်ချက်များကို ကြည့်ခြင်းဖြင့် သိနိုင်သည်။
သက်တမ်းရင့် တော်လှန်ရေးအဖွဲ့ကြီးဖြစ်သည့် ကရင်အမျိုးသား အစည်းအရုံး (KNU)က စစ်အာဏာရှင်ကျင်းပမည့် ရွေးကောက်ပွဲ မဖြစ်မြောက်ဖို့ ကရင်တမျိုးသားလုံး၏ အမျိုးသားရေးတာဝန်အဖြစ် မှတ်ယူကြရန် ပြီးခဲ့သည့် ဩဂုတ် ၁၂ ရက်က ကျရောက်သည့် ၇၅ နှစ်ပြည့် ကရင့်အမျိုးသားအာဇာနည်နေ့ အထိမ်းအမှတ်မိန့်ခွန်းတွင် တိုက်တွန်းပြောဆို ထားသည်။
ဤသည်က KNU ၏ ခိုင်မာပြတ်သားသည့် နိုင်ငံရေးလမ်းစဉ်ကို ပြသလိုက်ခြင်းဖြစ်ပြီး ထို့ကြောင့်လည်း စစ်ကော်မရှင်က KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင် နှင့် ဗဟိုအလုပ်အမှုဆောင်များ အပါအဝင် ၁၃ ဦးကို ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ဆိုင်ရာလုပ်ငန်းစဉ်များ ပျက်ပြားစေရန် ဟောပြောခြင်း၊ ပြောဆိုခြင်းကြောင့်ဆိုကာ လှိုင်းဘွဲ့မြို့မရဲစခန်းက တရားစွဲ အမှုဖွင့်ထားကြောင်း သိသည်။
သို့သော် စောချစ်သူခေါင်းဆောင်သော ကရင်အမျိုးသားတပ်မတော် (KNA) အမည်ပြောင်းထားသည့် နယ်ခြားစောင့်တပ် (BGF) ကမူ ရွေးကောက်ပွဲ မကျင်းပနိုင်သရွှေ့ စစ်အာဏာရှင်ဆက်ရှိနေမှာဖြစ်ပြီး စစ်အာဏာရှင်ကို အလိုမရှိပါက ရွေးကောက်ပွဲ မဖြစ်မနေကျင်းပသွားရမည်ဟု ပြီးခဲ့သည့်ရက်ပိုင်း ကရင်ပြည်နယ်လှိုင်းဘွဲ့မြို့နယ်၌ ပြုလုပ်ခဲ့သော ငြိမ်းချမ်းရေးဆုတောင်းပွဲတွင် ပြောဆိုခဲ့သည်။
အလားတူ ကရင်လက်နက်ကိုင် အဖွဲ့ခွဲတခုဖြစ်သည့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) ကလည်း လက်ရှိ နိုင်ငံတွင်း ဖြစ်ပွားနေသော ပဋိပက္ခများကို စစ်ရေးနည်းလမ်းဖြင့် အဖြေရှာခြင်းထက် တွေ့ဆုံညှိနှိုင်းရေးကသာအဖြေ မှန်ကိုရှာတွေ့နိုင်မည်ဟု ယုံကြည်သဖြင့် ရွေးကောက်ပွဲကို အတတ်နိုင်ဆုံး ဝန်းရံကူညီပံ့ပိုးပေးသွားမည်ဟု စက်တင်ဘာ ၁၁ ရက်တွင် တရားဝင်ထုတ်ပြန် အသိပေးထားသည်။
ထိုအဖွဲ့အပြင် ဘားအံမြို့နယ် ကြာအင်းပေါ်တော်မူ အခြေစိုက် ဗိုလ်ဘိ ဦးဆောင်သည့် စစ်တပ်နှင့် ပူးပေါင်းထားသည့် မူလ လက်ဟောင်း DKBA ဟုခံယူထားသော တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မတော်ကလည်း ရွေးကောက်ပွဲ အောင်မြင်ရေး စစ်တပ်နှင့် လက်တွဲပူးပေါင်းမည်ဟု စက်တင်ဘာ ၁၇ ရက်၌ ထုတ်ပြန်လာပြန်သည်။
ထိုအဖွဲ့သည် မူလ DKBA အဖွဲ့သည် လက်ရှိ ကရင်ပြည်နယ်စစ်ဆင်ရေးအတွင်း စစ်တပ်အထောက်အပံ့များယူကာ တော်လှန်ရေးအင်အားစုများကို တိုက်ခိုက်နေသော အဖွဲ့ဖြစ်သည်။

ကွဲပြားနေဆဲ ကရင်အဖွဲ့များ
လွတ်လပ်ရေးရပြီး နောက်တနှစ် ၁၉၄၉ ခု အင်းစိန်တိုက်ပွဲမှစခဲ့သည့် ကရင့်တော်လှန်ရေးကို ပြန်ကြည့်ပါက စောဘဦးကြီး ကျဆုံးပြီးနောက်ပိုင်း အရှေ့တိုင်းဟု ခေါ်ကြသည့် ကရင်ပြည်နယ်ကို အခြေပြုသည့် မုဆိုးကော်ကဆာစောဟန်တာသာမွှေး ဦးဆောင်သည့် ကရင့်တော်လှန်ရေးကောင်စီ (KRC)နှင့် မြစ်ဝကျွန်းပေါ်နှင့် ပဲခူးတိုင်းအခြေပြု မန်းဘဇန် ဦးဆောင်သည် ကရင်အမျိုးသားညီညွတ်ရေးပါတီ(KNUP)ဟု ရှိခဲ့သည်။
၁၉၆၃ ခု ဗိုလ်ချုပ်ကြီးနေဝင်း တော်လှန်ရေးကောင်စီက ပြည်တွင်းငြိမ်းချမ်းရေးခေါ်ရာ စောဟန်တာသာမွှေးဦးဆောင်သည့် KRC တို့ အလင်းဝင်ခဲ့သလို KNUP တို့လည်း ၁၉၇၅ ခုနှစ်တွင် မြစ်ဝကျွန်းပေါ်နှင့် ပဲခူးရိုးမကိုစွန့်ကာ စစ်တောင်းမြစ် ကိုကူး ပြီး အရှေ့တိုင်း ကရင်တို့နှင့် ပြန်လည်ပေါင်းစည်းကာ ကရင့်တော်လှန်ရေး ဆက်လက်လုပ်ဆောင်သည်။
သို့သော် ၁၉၉၄ ခုနှစ်၌မူ ကရင်အမျိုးသားအစည်းအရုံး (KNU) အား စစ်တပ်က ဘာသာရေးဖြင့် ထိုးဖောက်ဖြိုခွဲရာ ဗုဒ္ဓဘာသာကရင်တို့ ခွဲထွက်သဖြင့် ဌာနချုပ် မာနယ်ပလောကျဆုံးသည့်အထိ ဆုံးရှုံးမှု ကြီးမားခဲ့သည်။
ထိုမှစကာ မိခင်အဖွဲ့အစည်းကြီး ကရင်အမျိုးသားအစည်းအရုံး (KNU) မှ ၁၉၉၄ခုနှစ်က ခွဲထွက်လာသည့် မူလလက် ဟောင်း တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA)၊ ထိုမှ အမည်သစ်ဖြင့် ဖွဲ့စည်းလိုက် သည့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)၊ ၂၀၀၇ခုနှစ် KNU မှ ထုတ်ပယ်ခြင်းခံခဲ့ရသော ကရင်ငြိမ်းချမ်းရေး ကောင်စီ KNU/KNLA PC ၊ ၂၀၀၉ ခုနှစ်၌ DKBA မှ ခွဲ ထွက်ပြီး စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ် အဖြစ် ဖွဲ့စည်း ခဲ့သည့် BGF စသော အဖွဲ့အစည်းကြီးများ ရှိနေရာ KNU တဖွဲ့သာ ၂၀၂၁ စစ်တပ်အာဏာသိမ်းမှုကို လက်မခံဘဲ အာဏာ သိမ်းကာလတလျောက်လုံးလည်း စစ်တပ်ကိုတော်လှန် တိုက်ခိုက်နေခဲ့သည့်အဖွဲ့ဖြစ်သည်။
KNU/KNLA PC ကမူ KNUနှင့် ဆန့်ကျင်ဘက်ရှိနေခဲ့ပြီး တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်(NCA) အတိုင်း ရပ်တည်နေသလို အာဏာသိမ်းကာလတလျောက်လုံး စစ်အုပ်စုက ပြုလုပ်သည့် ဆွေးနွေးပွဲများကို တက်ရောက် နေခဲ့သည်။
ကျန်ကရင်အဖွဲ့အစည်း ၂ ခုဖြစ်သည့် DKBA နှင့် BGF တို့ကမူ အာဏာသိမ်းကာလတလျောက်လုံး ၎င်းတို့၏ သဘောထား များကို ပြတ်ပြတ်သားသား ထုတ်ဖော်မပြသခြင်းမရှိခဲ့ဘဲ ယခုကျင်းပမည့်ရွေးကောက်ပွဲတွင်မူ စစ်အုပ်စုကို ကူညီပံ့ပိုး ပေးသွားမည့် သဘောထားများ တရားဝင်ကြေညာလာခြင်းဖြစ်သည်။
ကရင်အဖွဲ့တွေကြားထဲက ရွေးကောက်ပွဲ ဂယက်
KNU ဗဟိုက ရွေးကောက်ပွဲကို လုံးဝလက်မခံကြောင်းနှင့် ကရင်ပြည်သူများ၊ ကရင်လက်နက်ကိုင်အဖွဲ့အစည်းများ၊ ကရင် နိုင်ငံရေးအင်အားစုများအပါအဝင် နိုင်ငံရေးပါတီများနှင့် ပြည်သူလူထုတရပ်လုံး အကြမ်းမဖက်သော နည်းလမ်း များဖြင့် ဆန့်ကျင်သွားကြရန် ဩဂုတ် ၂၆ ရက်က တိုက်တွန်းထားသည်။
ထို့ပြင် တပ်မဟာ ၆ နယ်မြေတွင် လူပုဂ္ဂိုလ်များ၊ ဘာသာရေးခေါင်းဆောင်များ၊ အရပ်ဘက်နှင့် နိုင်ငံတကာအဖွဲ့အစည်း များ အနေဖြင့် တဦးချင်းသော်လည်းကောင်း ၊ အဖွဲ့အစည်းအရသော်လည်းကောင်း စစ်ကော်မရှင်၏ ရွေးကောက်ပွဲကို ကူညီပံ့ပိုး ပူးပေါင်းပါဝင်ခြင်း လုံးဝမပြုလုပ်ရန်၊ ထုတ်ပြန်ချက်များကို လိုက်နာခြင်း မရှိပါက KNU ၏ လက်နက်ကိုင် အဖွဲ့အစည်းဖြစ်သော ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA) အမှတ် ၆ တပ်မဟာ ချမှတ်ထားသည့် ကော်သူးလေ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူသွားမည်ဟု ဩဂုတ် ၃၀ ရက်က အသိပေးထုတ်ပြန်ထားသည်။
ရွေးကောက်ပွဲသည် လက်ရှိဖြစ်ပွားနေသည့် ပဋိပက္ခများကို ပိုမိုပြင်းထန်လာစေမည်ဖြစ်သလို စစ်အုပ်စုက ရွေးကောက်ပွဲ အနိုင်ရရှိရန် နည်းလမ်းမျိုးစုံဆောင်ရွက်နေပြီး နိုင်ငံတကာအသိအမှတ်ပြုမှုရရန် ကြိုးစားနေရာ လူငယ်များ၏ အနာဂတ် ကံကြမ္မာကို အဆုံးသတ်သွားစေမည်ဖြစ်၍ ရွေးကောက်ပွဲ အထမမြောက်ရန် အမျိုးသားရေးတာဝန်ဖြစ် ကျရာကဏ္ဍမှ နည်းလမ်းအမျိုးမျိုးဖြင့် ပူးပေါင်းဆောင်ရွက်သွားကြရန် KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက တိုက်တွန်းပြောဆိုသည်။
စစ်ကော်မရှင်ရွေးကောက်ပွဲသည် ရာသက်ပန်စစ်ကျွန်ဘဝကိုရောက်ရှိသွားစေမည်ဖြစ်သလိုရွေးကောက်ပွဲ၌ ပါဝင်သူများ သည် စစ်အုပ်စုက အာဏာဆက်လက်တည်မြဲဖို့ ပံ့ပိုးပေးလိုက်သူများအဖြစ် သမိုင်းတွင်ရစ်စေမည်ဖြစ်ကြောင်း KNU ပြောခွင့်ရ ပဒိုစောကလယ်စေးက စက်တင်ဘာ ၁၆ ရက် အပြည်ပြည်ဆိုင်ရာဒီမိုကရေစီနေ့ သတင်းစကားတွင် ထည့်သွင်း ပြောကြားခဲ့သည်။
၎င်းက “စစ်ကော်မရှင်လုပ်မယ့်ရွေးကောက်ပွဲဟာ ဒီမိုကရေစီကိုလည်း အခြေခံတာမဟုတ်ဘူး။ ၂၀၀၈ ဖွဲ့စည်းပုံကိုလည်း အားလုံးအခြေခံထားတာမဟုတ်ဘူး။ သူလုပ်ချင်တဲ့ပုံစံတိုင်း လုပ်မယ်ဆိုတဲ့ သဘောတရားနဲ့ပဲ သွားနေတာဖြစ်တဲ့အပေါ် ကျနော်တို့အနေနဲ့ လုံးဝကိုဆန့်ကျင်တယ်ဆိုတာကို ရှင်းရှင်လင်းလင်းပြောချင်တယ်။ နောက်ပြီးရွေးကောက်ပွဲဆိုတာ ကလည်း ဒီမိုကရေစီ စံချိန်စံညွှန်းနဲ့ တိုင်းတာမယ်ဆိုရင် သူ့ရဲ့လွတ်လပ်မှု၊ ပါဝင်မှု ဘယ်လောက်ထိရှိလဲဆိုတဲ့ အရာတွေ ကလည်း အများကြီးမေးခွန်းထုတ်စရာရှိတယ်” ဟု ပြောသည်။

ဒီဇင်ဘာ ၂၈ ရက်၌ စတင်ကျင်းပသွားမည့် ရွေးကောက်ပွဲအပိုင်း ၁ အဖြစ် ခရိုင်အဆင့် မြို့နယ်ပေါင်း ၁၀၂ မြို့နယ်တွင် ကျင်းပသွားရန်ကြေညာထားပြီး ကရင်ပြည်နယ်တွင်းမှ မြဝတီ၊ သံတောင်ကြီးနှင့် ဘားအံတို့ ပါဝင်သည်။
BGF ၏ ရွေးကောက်ပွဲ ထောက်ခံကူညီပေးသွားမည့် ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ အဖွဲ့ ပြောခွင့်ရ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က “အာဏာရှင်စနစ်ကို သက်ဆိုးမရှည်စေချင်တော့ ရွေးကောက်ပွဲကို ကျနော်တို့က မတားတော့ဘူးပေါ့။ ဆက်ပြီးတော့ တားနေရင်တော့ ဒီစစ်အာဏာရှင်ကထပ်ပြီးတော့ ရှည်နေမှာပဲ။ နောက်ပိုင်းအရပ်သားအစိုးရတက်လာပြီး ဖြည်းဖြည်းချင်း စနစ်တခုပြောင်းအလဲဖြစ်သွားမှာပဲ”ဟု ပြောသည်။
ပြီးခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲက ကရင်ပြည်နယ်မှ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ၊ ကရင်ပြည်သူ့ပါတီ၊ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီပါတီ၊ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ၊ မွန်ညီညွတ်ရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ၊ တသီးပုဂ္ဂလကိုယ်စားလှယ်များ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
ယခု စစ်ကော်မရှင် လုပ်မည့် ရွေးကောက်ပွဲတွင် ကရင်ကိုယ်စားပြုပါတီများအဖြစ် ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ KNNP နှင့် ကရင်ပြည်သူ့ပါတီ KPP နှစ်ပါတီ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဟု သိရသည်။
လက်ရှိကရင်ပြည်နယ်တွင် တိုက်ပွဲများနှင့် စစ်ရေးတင်းမာမှုတို့ကြောင့် လုံခြုံရေးအခက်အခဲများရှိနေသလို ရွေးကောက်ပွဲ က လက်ရှိနိုင်ငံရေးအပေါ် အကျိုးသက်ရောက်မှုကို ပြောဆို၍ မရနိုင်သေးကြောင်း ရွေးကောက်ပွဲဝင်မည့် ကရင်အမျိုးသား ဒီမိုကရက်တစ်ပါတီ (KNDP) ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက ပြောသည်။
၎င်းက “ပဋိပက္ခလျော့နည်းစေမလား ပွားများလာစေမလား ဆိုတာတော့ ကျနော်လည်း ပြောမနိုင်သေးဘူးလို့ ရိုးရိုးပဲ ပြောပါရစေ” ဟု ဆိုသည်။
KNDP အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရခြင်းမှာ တိုင်းရင်းသားများ၏ အခွင့်အရေးများကို ဘောင်အတွင်းက တရားဝင် ပြောဆိုခွင့် ရရှိရန်အတွက် ပါတီဥပေဒေနှင့်အညီ ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ကြောင်း ပြောသည်။
ဝါရင့် ကရင်တော်လှန်ရေးသမားပဒိုစောသမိန်ထွန်းကမူ စစ်ကော်မရှင်ရွေးကောက်ပွဲသည် လက်ရှိဖြစ်ပွားနေသည့် နိုင်ငံရေး ပြဿနာများနှင့် ပဋိပက္ခများကို တစုံတရာ ပြေလည်သွားစေမည် မဟုတ်သလို BGF နှင့် DKBA တို့ကလည်း ၎င်းတို့၏ အခက်အခဲအကျပ်အတည်း ဖိအား သက်သာစေရန် စစ်အုပ်စုအလိုကျ ပြောဆိုနေရခြင်းသာဖြစ်ကြောင်း ပြောသည်။
၎င်းက “ ငြိမ်းချမ်းရေးက ရွေးကောက်ပွဲကနေတဆင့်သွားနိုင်တယ်ဆိုတာကတော့ မင်းအောင်လှိုင် စိတ်မဆိုး အောင် ပြောတဲ့ စကားပါ။ စစ်တပ်အတွက်လည်း ထွက်ပေါက်မရှိဘူး။ ပြည်သူအတွက်လည်း ထွက်ပေါက်မရှိဘူး။ တိုင်းပြည် အတွက်လည်း ထွက်ပေါက်မရှိဘူး။ ဖယ်ဒရယ်ဒီမိုကရေစီလည်းရမှာ မဟုတ်ဘူး။ လူ့အခွင့်ရေးလည်းရမှာ မဟုတ်ဘူး။ ကျန်တဲ့ တိုင်းရင်းသားလူမျိုးစုတွေရဲ့ တန်းတူမှုအခွင့်အရေးလည်းရမှာ မဟုတ်ဘူး။ ဗမာအမျိုးသားထဲကိုမှာက ပြည့်ဝတဲ့ ဒီမိုကရေစီလည်းရမှာ မဟုတ်ဘူး” ဟု ပြောသည်။
သဘောထား ပြောင်းသွားသည့် BGF နှင့် DKBA
စစ်ကော်မရှင် ရွေးကောက်ပွဲသည် ကောင်းကျိုးထက် ဆိုးကျိုးသာကို ပိုမိုဖြစ်ထွန်းစေမည်ဖြစ်ကြောင်း KNU နှင့် နိုင်ငံရေးလေ့လာသူများက ဝေဖန်ထောက်ပြနေကြသော်လည်း BGF နှင့် DKBA တို့က ရုတ်ချည်းဆိုသလို စစ်အုပ်စုဘက် ရပ်တည်လိုက်ခြင်းက အဓိကအားဖြင့် ၎င်းတို့၏ အကျိုးစီးပွားများကို ထိခိုက်ဆုံးရှုံးမည်ကို စိုးရိမ်၍ ဖြစ်သလို နိုင်ငံအနှံ့ နေရာတော်တော်များများတွင် စစ်အုပ်စုက တန်ပြန်ထိုးစစ်များ ပြန်လည်ပြုလုပ်လာနိုင်သည့် စစ်ရေး အလှည့်အပြောင်း တို့ကြောင့် ဖြစ်ကြောင်း လေ့လာစောင့်ကြည့်သူတို့က ပြောသည်။
၂၀၂၃ အောက်တိုဘာ ၂၇ ရက်က ရှမ်းမြောက်၌ စတင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေးအပါအဝင် ကချင်၊ ရခိုင်၊ ကရင်နီတို့တွင် မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲများဖြင့် စစ်ရေးအရှိန်အဟုန်ကောင်းခဲ့သလို ကရင်ပြည်နယ်မှတပ်စခန်းများ နယ်မြေများလည်း တစစသိမ်းပိုက်ထိန်းချုပ်လာချိန် BGFသည် စစ်တပ်အထောက်အပံ့များကို မယူတော့ဘဲ Karen National Army ကရင် အမျိုးသားတပ်မတော် KNA အဖြစ် သီးခြားရပ်တည်တော့မည်ဖြစ်ကြောင်း ၂၀၂၄ အစောပိုင်းကာလက လေသံပစ်ခဲ့သလို တပ်ရင်းတချို့ကိုလည်း ဘတ်တံဆိပ်ပြောင်းကာ ထိပ်ပိုင်းခေါင်းဆောင်တို့၏ ရာထူးကိုပါ ဗိုလ်ချုပ်အဆင့်အထိ ပေးအပ်ထားခဲ့သည်ကို တွေ့ရသည်။
ကရင်ပြည်နယ်အပါအဝင် နေရာအနှံ တော်လှန်ရေးအင်အားစုများ၏ စစ်ရေးအောင်မြင်မှုအရွေ့များနှင့်အတူ စစ်တပ် လက်အောက်ခံ BGF က KNA အဖြစ်ပြောင်းလဲလာမှု၊ စစ်တပ်နှင့်NCA ထိုးထားသည့် DKBA က တော်လှန်ရေးတပ် များ အပေါ် အားပေးကူညီမှုတို့ကြောင့် KNU တပ်မဟာ ၆ နယ်မြေရှိ BGFနှင့် DKBA တို့ တပ်နယ်များအတွင်းရှိ စစ်တပ်၏ အရေးပါသည့် တပ်စခန်းကြီးများကို KNLA နှင့်ပူးပေါင်းတပ်တို့က ထိုးစစ်ဆင် သိမ်းပိုက်နိုင်ခဲ့ကြသည်။
KNLA နှင့် ပူးပေါင်းတပ်များက ထိုင်း- မြန်မာနယ်စပ်ကုန်သွယ်ရေး၏ အဓိက လမ်းမကြီးဖြစ်သည့် မြဝတီ-ကော့ကရိတ် အာရှလမ်း၊ သင်္ဃန်းညီနောင်ဒေသမှ စစ်ဗျူဟာနှင့် တပ်ရင်းများ၊ နယ်စပ်စခန်းများကို ဆက်တိုက်သိမ်းပိုက်နိုင်ခဲ့ကြသလို စစ်တပ်၏ နိုင်ငံတော်အဆင့်စစ်ဆင်ရေး အောင်ဇေယျစစ်ကြောင်းကိုလည်း ဒေါနတောင်ပေါ်မကျော်နိုင်အောင် တနှစ်ခွဲ နီးပါး ဖြတ်တောက်တိုက်ခိုက်ထားနိုင်ခဲ့သည်။
သို့သော် ၂၀၂၅ နှစ်စမှစ၍ စစ်တပ်ဘက်က စစ်မှုထမ်းသင်တန်းဆင်း အင်အားများ၊ လက်နက်ခဲယမ်းအပြည့်အစုံဖြင့် တန်ပြန်တိုက်စစ်များအရှိန်အဟုန်မြှင့် လုပ်ဆောင်လာပြီး BGF နှင့် DKBA တို့ကို ဖိအားပေးလာသောကြောင့် သဘော ထားများ ပြောင်းခဲ့သလို ယခုလဆန်း၌ စစ်တပ်က မြဝတီ-ကော့ကရိတ်အာရှလမ်းကို ပြန်ထိန်းချုပ်နိုင်ခဲ့ပြီး မြဝတီမြို့အနီး ဆုံးရှုံးနယ်မြေများကို ပြန်လည်စိုးမိုးနိုင်ခဲ့သည်။

ပဒိုစောသမိန်ထွန်းက “ကျနော်တို့လည်း သူတို့ရဲ့ (BGF, DKBA) အကျပ်အတည်းကိုနားလည်ပါတယ်။ ကျနော်တို့နဲ့ပေါင်း ရင် သူတို့ရဲ့ အကျိုးစီးပွားတွေပျက်မယ်။ ခက်တာက လူကငတ်တုန်းတာ ခံနိုင်ရည်ရှိတာ။ ချမ်းသာကြွယ်ဝလာရင် ပြန်ပြီး တော့ ဒုက္ခရောက်မှာကို မဖြစ်ချင်ကြဘူး”ဟု မှတ်ချက်ပြုသည်။
ရွေးကောက်ပွဲနှင့်ပတ်သက်၍ ကရင်လက်နက်ကိုင်အဖွဲ့အစည်းများကြား သဘောထားကွဲလွဲနေခြင်းကြောင့် ကရင် အချင်းချင်း ပြန်လည်ပစ်ခတ်မှုများနှင့် တိုက်ပွဲများဖြစ်လာမည်ကို ဒေသခံများက စိုးရိမ်နေကြသည်။
ယင်းအခြေအနေနှင့်ပတ်သက်၍ အထူးစိုးရိမ်စရာမရှိကြောင်းနှင့် KNU က ရွေးကောက်ပွဲကို အကြမ်းမဖက်သော နည်းလမ်းများဖြင့်သာ ဆန့်ကျင်သွားရန်သာ တိုက်တွန်းထားခြင်းဖြစ်ကြောင်း ပဒိုစောသမိန်ထွန်းက ပြောသည်။
လက်ရှိတွင် စစ်တပ်က အင်အားတို့ချဲ့ စစ်ရေးပြင်ဆင်နေမှုတို့ကြောင့် လေးကေ့ကော်၌ တကျောပြန်တိုက်ပွဲများ ထပ်ဖြစ်မည်ကို ဒေသခံများက စိုးရိမ်နေကြသည်။
လေးကေ့ကော်ဒေသခံတဦးက “အခုစစ်တပ်က မြဝတီတောင်ဘက်ခြမ်းဘက်ကို အင်အားတွေဖြည့်နေတာ သူတို့ချည်းပဲ မဟုတ်ဘူး၊ BGF တွေလည်း အများကြီးပါတယ်။ စစ်တပ်က သူတို့ဆုံးရှုံးနယ်မြေတွေ ရသလောက်ပြန်ယူမှာ။ ဒါပေမယ့် သူတို့မှာ အဲဒီလောက်အင်အားမရှိဘူး ။ BGF တို့ DKBA တို့ အကူအညီ အင်အားတွေ မပါဘဲ မရဘူး။ စိုးရိမ်ချက်တွေ အများကြီးပဲ။ ကိုယ့်ကရင်အချင်းချင်း ပြန်ပစ်ပြီး ပြဿနာတွေ အခုထပ်ပိုကြီးထွားလာမှာကို စိုးတယ်” ဟု ပြောသည်။
You may also like these stories:
စစ်ကော်မရှင် ရွေးကောက်ပွဲ BGF ကူညီမည်
ဘာကြောင့် ရက် ၅၀၀ ကျော်မှ စစ်တပ်က ဒေါနတောင်ကို ကျော်နိုင်ခဲ့သလဲ
BGF နှင့် ကရင်တော်လှန်ရေးတပ်များကြား တိုက်ပွဲဖြစ်လာမည်ကို ဒေသခံတို့ စိုးရိမ်
မြဝတီ အာရှလမ်းမကြီး စစ်တပ် ပြန်ထိန်းချုပ်
အာရှလမ်းပိုင်းမှ တော်လှန်ရေးအဖွဲ့များ တပ်ဆုတ်














