ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပူးပေါင်းတပ်များ ထိန်းချုပ်ထားသည့် မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးအား ယမန်နေ့ညနေပိုင်းမှစတင်ကာ စစ်တပ်ဘက်က ပြန်လည် ထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း ပူးပေါင်းတပ်များနှင့်နီးစပ်သည့် ဒေသခံစစ်ရေးသတင်းရင်းမြစ်တဦးက ပြောသည်။
၎င်းက “ ကော့ကရိတ်-မြဝတီ အာရှလမ်းပိုင်းတခုလုံး စစ်ကော်မရှင်တပ်တွေ ပြန်ထိန်းချုပ်သွားပြီ၊ မြဝတီ ခလရ-၂၇၅ တပ်ကနေ သင်္ဃန်းညီနောင်အထိ အာရှလမ်းတောက်လျောက်သူတို့တပ်တွေ ပြန်ထိုင်နေတယ်” ဟု ပြောသည်။
အာရှလမ်းပိုင်းပြန်လည်ထိန်းချုပ်ရေး လေကြောင်းနှင့် လက်နက်ကြီးပစ်ကူယူကာ မြေပြင်မှအင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာသည့်အတွက် KNLA ပူးပေါင်းတပ်များ ဆုတ်ခွာပေးခဲ့ရပြီး သင်္ဃန်းညီနောင်အခြေစိုက် ခမရ-၃၅၅ နှင့် ခမရ-၃၆၆ တပ်ရင်းတို့ပြန်လည်သိမ်းပိုက်ကာ အထိုင်ချတပ်စွဲထားပြီဖြစ်ကြောင်း သိရသည်။
သင်္ဃန်းညီနောင်အား ပြန်လည်သိမ်းပိုက်ပြီးနောက် စစ်ကြောင်းများသည် မြဝတီကုန်သွယ်ရေးဇုန်အထိ စစ်ရေး လှုပ်ရှားမှုများ ရှိနေသည်။
KNLA ပူးပေါင်းတပ်များက သင်္ဃန်းညီနောင်ရှိ တပ်ရင်းများအား ယမန်နှစ်ဧပြီလမှစတင်ကာ သိမ်းပိုက်ပြီးနောက် ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးအတွက်အရေးပါသည့် အာရှလမ်းမကြီးအား ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။

KNLA ပူးပေါင်းတပ်များ ထိန်းချုပ်ထားသည့် အာရှလမ်းမကြီးအား ပြန်လည်စိုးမိုးနိုင်ရေး စစ်တပ်က အင်အားထောင်ချီ အသုံးပြုကာ အောင်ဇေယျစစ်ဆင်ရေးအနေဖြင့် ထိုးစစ်ဆင်နေခြင်းဖြစ်သော်လည်း တနှစ်ကျော်အကြာ ယခု စက်တင်ဘာလမှသာ မြဝတီမြို့စောင့်တပ်ဖြစ်သော ခလရ-၂၇၅ စစ်ကူစစ်ကြောင်းများနှင့်ချိတ်ဆက်နိုင်ပြီး လမ်းမကြီးအား ပြန်လည် စိုးမိုးနိုင်ခဲ့ခြင်းဖြစ်သည်။
စစ်တပ်အနေဖြင့် အာရှလမ်းမကြီးအား ပြန်လည်စိုးမိုးနိုင်ပြီဖြစ်သော်လည်း ပတ်ဝန်းကျင်ဒေသများတွင် နှစ်ဖက်ထိတွေ့ ပစ်ခတ်မှုများ ရှိနေဆဲဖြစ်ကြောင်းလည်း သိရသည်။
စစ်တပ်က ကုန်သွယ်ရေးအရ အရေးပါသည့် ကော့ကရိတ်-မြဝတီအာရှလမ်းမကြီးအား မကြာမီပြန်လည်ဖွင့်လှစ်နိုင်ရန် ကြိုးပမ်းနေပြီး KNLA ပူးပေါင်းတပ်များထိန်းချုပ်ထားသည့် မြဝတီမြို့နယ်အတွင်း ဒေသများသို့ ဆက်လက် ထိုးစစ်ဆင်ဖွယ် ရှိနေကြောင်းလည်း သိရသည်။
You may also like these stories:
အာရှလမ်းပိုင်းမှ တော်လှန်ရေးအဖွဲ့များ တပ်ဆုတ်
အာရှလမ်းစိုးမိုးရေး အင်အားသုံး စစ်ဆင်ရန် ပြင်
ယောတောင်ပိုင်းဝင်ပေါက် ပုံတောင်အလယ်နတ်ထိပ်စခန်း စစ်တပ်ပြန်ရ














