နာမည်ကြီး အမှတ်တံဆိပ် Ray-Ban မျက်မှန်တွေ ထုတ်လုပ်တဲ့ EssilorLuxottica ကုမ္ပဏီရဲ့ ရှယ်ယာ တန်ဖိုးတွေဟာ ပြီးခဲ့တဲ့ သောကြာနေ့မှာ သမိုင်း တလျှောက် အမြင့်ဆုံး မြင့်တက်မှု ဖြစ်ပွားသွားပါတယ်။
Facebook မိခင် ကုမ္ပဏီ Meta နဲ့ ပေါင်းပြီး ထုတ်လုပ်တဲ့ Meta AI စမတ် မျက်မှန်တွေရဲ့ သုံးလပတ် ရောင်းအား စံချိန်တင် မြင့်တက်ခဲ့မှုကို ထုတ်ပြန်ခဲ့ပြီးတဲ့နောက် ရှယ်ယာ တန်ဖိုးတွေ ၁၀ ရာခိုင်နှုန်းကျော်အထိ မြင့်တက်လာတာ ဖြစ်တယ်လို့ ဆိုပါတယ်။
တတိယ သုံးလပတ် ရောင်းအားဟာ အရင်နှစ်ထက် ၁၁ ဒသမ ၇ ရာခိုင်နှုန်းမြင့်တက်လာခဲ့ပြီး ယူရို ၆ ဒသမ ၉ ဘီလီယံ အထိ ရောင်းအား ရှိခဲ့တာကြောင့် ရည်မှန်းချက်ကို ကျော်လွန်ခဲ့ပြီး အကောင်းဆုံးသော သုံးလပတ် ရောင်းအား ဖြစ်ခဲ့တယ်လို့ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ထုတ်ပြန်ခဲ့ပါတယ်။
AI စမတ် မျက်မှန်တွေက မြင့်တက်လာတဲ့ ရောင်းအားရဲ့ ၄ ရာခိုင်နှုန်းအထိ ရှိပြီး ဝယ်လိုအားကြောင့် ထုတ်လုပ်မယ့် ပမာဏကို သတ်မှတ်ရက်ထက် စောပြီး အရှိန်မြှင့် ထုတ်လုပ်ခဲ့ကြောင်း EssilorLuxottica ကုမ္ပဏီရဲ့ CFO ဖြစ်သူ Stefano Grassi က ဆိုပါတယ်။
EssilorLuxottica ရဲ့ ရှယ်ယာတွေဟာ ၁၁ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်မှုနဲ့ တခုကို ၃၀၈ ယူရိုအထိ အရောင်းအဝယ် ဖြစ်ခဲ့ပြီး ၈ နှစ်အတွင်း အမြင့်ဆုံး ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
ဒါကြောင့် ကုမ္ပဏီရဲ့ ၁၂၆ ဒသမ ၁ ဘီလျံ ဈေးကွက် တန်ဖိုးဟာ နောက်ထပ် ၁၅ ဘီလီယံ နီးပါးအထိ တိုးမြင့် လာခဲ့တယ် လို့လည်း ဆိုပါတယ်။
Display ပါဝင်တဲ့ နောက်ဆုံးပေါ် Ray-Ban Meta မျက်မှန် မော်ဒယ်လ်တွေဟာ ဈေးနှုန်း ၃၇၉ ဒေါ်လာ ကနေ ၇၉၉ ဒေါ်လာ အတွင်းရှိပြီး ကန့်သတ်ထားတဲ့ ဆိုင်တချို့မှာသာ ရောင်းချနေတာ ဖြစ်ပါတယ်။

၂၀၂၆ အစောပိုင်းမှာ ကနေဒါ၊ ပြင်သစ်၊ အီတလီ နဲ့ ဗြိတိန် နိုင်ငံတွေမှာပါ တိုးချဲ့ ရောင်းချသွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
Barclays ရဲ့ သုံးသပ်သူတွေက စမတ် မျက်မှန်တွေဟာ မိုးဘိုင်းလ် ဖုန်းတွေပြီးရင် လူစိတ်ဝင်စားမှု အများဆုံး တီထွင်မှု ဖြစ်လာနိုင်ပြီး ၂၀၃၅ ခုနှစ်မှာ တကမာ္ဘလုံး ရောင်းအား သန်း ၆၀ အထိ ရှိလာနိုင်ကြောင်းလည်း ခန့်မှန်းထားပါတယ်။
အဲဒီ စမတ် မျက်မှန်ကနေ မက်ဆေ့ချ်တွေ ကြည့်ခြင်း၊ ဗီဒီယိုခေါ်ဆိုနိုင်ခြင်း၊ လမ်းညွှန် (Navigation) ကြည့်နိုင်ခြင်းနဲ့ စကားပြော တိုက်ရိုက် ဘာသာပြန်ပေးခြင်း (live translation) များကိုပါ ဖုန်းမသုံးဘဲ လုပ်ဆောင်နိုင်မယ် လို့လည်း ဆိုပါတယ်။
စမတ် မျက်မှန်ကို ထိန်းချုပ်ဖို့ အတွက် အသံနဲ့ ခိုင်းစေနိုင်သလို ရွေ့လျား ဆက်သွယ်ရေး ကွန်ရက် (Neural) လက်ပတ် ပတ်ပြီးတော့ လက်ချောင်းလေးတွေ နဲ့ ထိန်းချုပ်နိုင်ကြောင်း၊ မျက်မှန်ကို တခါ အားသွင်းထားရင် ၆ နာရီ သုံးနိုင်ကြောင်း၊ အားသွင်းဘူးနဲ့ ဆိုပါက နာရီ ၃၀ အထိ အသုံးပြုနိုင်ကြောင်းလည်း သိရပါတယ်။
Ref : Reuters














