လုံခြုံရေးအခြေအနေများကြောင့်ဟုဆိုကာ ဒီဇင်ဘာလတွင် စတင်ကျင်းပမည့် ရွေးကောက်ပွဲတွင် စီတန်းလှည့်လည် မဲဆွယ်စည်းရုံးမှုများအစား ခွင့်ပြုချက်ရသည့် သတ်မှတ်နေရာများ၌သာ ဟောပြောစည်းရုံးရမည်ဖြစ်ကြောင်း နိုင်ငံရေး ပါတီ တာဝန်ရှိသူအချို့က ဧရာဝတီကို ပြောသည်။
စစ်ကော်မရှင်၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)နှင့် အောက်တိုဘာ ၁၈ ရက်၌ တွေ့ဆုံစဉ် UEC ဘက်က ပြောဆိုခဲ့ခြင်းဖြစ်ပြီး သတ်မှတ်ခွင့်ပြုနေရာတွင် ဟောပြောစည်းရုံးစဉ် စစ်ကော်မရှင်ပြည်ထဲရေးဝန်ကြီးဌာနမှ လုံခြုံရေးပိုင်း အဓိကတာဝန်ယူ ဆောင်ရွက်သွားမည်ဟုလည်း သိရသည်။
ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ မန်းအောင်ပြည်စိုးက “စီတန်းလှည့်လည်တာ ခွင့်မပြုတော့ဘူး။ ကျန်တာတွေ ဟောပြောတာကိုပဲ ခွင့်ပြုမိန့်တောင်းပြီး ဟောပြောမယ့်နေ့၊ နေရာ၊ လူပုဂ္ဂိုလ်တို့ကို တင်ပြပြီးလုပ်ရမယ်။ စည်းရုံးဟောပြော တဲ့အချိန်မှာတော့ သူတို့(ရွေးကောက်ပွဲကော်မရှင်)ဘက်က တာဝန်ယူပေးမယ်လို့ ယူဆရတာပေါ့” ဟု ပြောသည်။
UEC အနေဖြင့် မဲဆွယ်စည်းရုံးခွင့်ကာလအား အောက်တိုဘာ ၂၈ ရက် နံနက် ၆ နာရီမှ ဒီဇင်ဘာ ၂၆ ရက် ည ၁၂ နာရီထိ ရက် ပေါင်း ၆၀ ခွင့်ပြုပေးထားပြီး အပိုင်းလိုက်ကျင်းပမည့် ရွေးကောက်ပွဲအားလုံးအတွက် မဲဆွယ်စည်းရုံးရေး လုပ်ဆောင်ရမည် ဖြစ်သည်။
ပြည်ထောင်စုတဝန်းလုံးယှဉ်ပြိုင်မည့် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)အနေဖြင့် မဲဆွယ်စည်းရုံးမှု များအား မဲဆန္ဒနယ်အလိုက် အခြေအနေပေါ်မူတည် လုပ်ဆောင်သွားမည်ဖြစ်ပြီး အဓိကအားဖြင့် အွန်လိုင်းမှတဆင့် မဲဆွယ် စည်းရုံးရန်ရှိကြောင်း ပါတီတွဲဖက်အထွေထွေအတွင်းရေးမှူး စိုင်းထွန်းလင်းက ပြောသည်။
၎င်းက “မဲဆွယ်စည်းရုံးတာက အေးချမ်းတဲ့ဒေသ၊ မအေးချမ်းတဲ့ဒေသ အခြေအနေကိုကြည့်ပြီး လှုပ်ရှားရမှာပဲ။ အဓိက ကျနော်တို့က အွန်လိုင်းကနေပဲလုပ်မယ်။ အင်တာနက်ပြတ်တောက်နေတဲ့ ဒေသတချို့မှာတော့ အခက်အခဲ နည်းနည်းရှိပါ တယ်။ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေက သူဟာနဲ့သူတော့ လှုပ်ရှားနေကြပါတယ်” ဟု ဆိုသည်။

နိုင်ငံရေးပါတီများနှင့် တသီးပုဂ္ဂလကိုယ်စားလှယ်လောင်းများအနေဖြင့် စည်းရုံးဟောပြောရာတွင် စစ်တပ်ဂုဏ်သိက္ခာ မထိ ပါးရေး အပါအဝင် ကန့်သတ်ချက်များအား လိုက်နာရန်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့် တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေနှင့် ငြိစွန်းမှုမရှိစေရန် သတိပေးထားပြီး ဖောက်ဖျက်ကျူးလွန်လျှင် သက်ဆိုင် ရာဥပဒေများဖြင့် အရေးယူခံရမည်ဖြစ်ကြောင်း UEC ဥက္ကဋ္ဌ ဦးသန်းစိုးက ပြောထားသည်။
မဲဆွယ်စည်းရုံးရေးနှင့် ရွေးကောက်ပွဲကုန်ကျစရိတ်အနေဖြင့်လည်း လွှတ်တော်ကိုယ်စားလှယ်လောင်းတဦးလျှင် ကျပ်သိန်း ၁၅၀၊ တိုင်းရင်းသားလူမျိုး လွှတ်တော်ကိုယ်စားလှယ်လောင်းတဦးလျှင် ကျပ်သိန်း ၃၀၀ သုံးစွဲခွင့်ပြုထားပြီး ရွေးကောက်ပွဲ ကုန်ကျစရိတ်စာရင်းများအား သတ်မှတ်ရက်အတွင်း ပြန်လည်တင်သွင်းခြင်းမရှိပါက အရည်အချင်းပျက်ယွင်းသူအဖြစ် ကြေညာသွားမည်ဟု ဆိုသည်။
လက်ရှိ ရွေးကောက်ပွဲယှဉ်ပြိုင်ရန် တင်ပြထားသည့် လွှတ်တော်ကိုယ်စားလှယ်လောင်း စုစုပေါင်း ၅,၀၂၃ ဦးအား စိစစ်မှု များ ပြုလုပ်ပြီးစီး၍ အောက်တိုဘာ ၁၉ ရက်မှစတင်ကာ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်ရုံးများတွင် ကပ်ထားကြေ ညာခဲ့ရာ လွှတ်တော်ကိုယ်စားလှယ်လောင်းအချို့ ပယ်ချခံရမှုများရှိနေသည်။
ကိုယ်စားလှယ်လောင်း ပယ်ချခံရသည့်ပါတီများထဲ ပြည်ထောင်စုတဝန်းလုံးယှဉ်ပြိုင်မည့် ကျားဖြူပါတီမှ လွှတ်တော်ကိုယ် စားလှယ်လောင်း ၅၈၆ ဦးအနက် ၇ ဦး ပယ်ချခံခဲ့ရကြောင်း စိုင်းထွန်းလင်းက ပြောသည်။
၎င်းက “လောလောဆယ် ၇ ယောက် ပယ်ချခံရတယ်လို့သိရတယ်။ အစားထိုးခွင့်လည်း မရှိတော့ဘူး။ ပယ်ပြီဆိုမရတော့ ဘူး။ ဘယ်မဲဆန္ဒနယ်က ဘယ်သူတွေလဲဆိုတာတော့ သေချာမသိရသေးဘူး၊ စာရင်းပြုစုနေတုန်းပဲ” ဟု ဆိုသည်။
ကျားဖြူပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းအနေဖြင့် ပဲခူးတိုင်းအတွင်း ညောင်လေးပင်ခရိုင်၊ တောင်ငူခရိုင်နှင့် ပဲခူးခရိုင်တို့ ပါဝင်သည့် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အမှတ်(၂) အချိုးကျကိုယ်စားပြုစနစ်(PR)တွင် ပါဝင်ယှဉ်ပြိုင်မည် ဖြစ်သည်။
အာဏာသိမ်းကော်မရှင်က ဦးစီးကျင်းပမည့် ရွေးကောက်ပွဲတွင် စစ်တပ်ကျောထောက်နောက်ခံပြု ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ)က ကိုယ်စားလှယ်လောင်းဦးရေ အများဆုံးအနေဖြင့် ၁,၀၄၈ ဦး တင်ပြလျှောက်ထားခဲ့ ပြီး ပါတီဥက္ကဋ္ဌ ဦးခင်ရီမှာ စစ်ရုံးတည်ရှိရာ နေပြည်တော်၊ ဇေယျာသီရီမြို့နယ်၊ ပြည်သူ့လွှတ်တော်၌ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။
ဒီဇင်ဘာ ၂၈ ရက်တွင် စတင်ပြုလုပ်မည့် ရွေးကောက်ပွဲအပိုင်း(၁)တွင် ခရိုင်အဆင့်မြို့နယ် ၁၀၂ မြို့နယ်၌ ကျင်းပမည်ဖြစ်ပြီး ရွေးကောက်ပွဲအပိုင်း(၂)တွင် မြို့နယ်ပေါင်း ၁၀၀ ၌ ကျင်းပမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲမကျင်းပနိုင်ကြောင်း ကြေညာ ထားသည့် ၅၆ မြို့နယ်အား ကြားဖြတ်ရွေးကောက်ပွဲများ ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
You may also like these stories:
စစ်အုပ်စု ရွေးကောက်ပွဲဥပဒေက ဆန့်ကျင်မှုများကို အင်အားချိနဲ့စေ
စစ်အုပ်စုရဲ့ ဒီဇင်ဘာရွေးကောက်ပွဲ ရုရှား လေ့လာစောင့်ကြည့်မယ်
ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်း အလုံးအရင်းဖြင့် ပြိုင်ဘက်များကို အင်အားပြ














