မြန်မာစစ်အုပ်စုသည် ထိုင်းနယ်စပ်အနီး ကရင်ပြည်နယ်၊ မြဝတီမြို့နယ်မှ ကရင်နယ်ခြားစောင့်တပ် (BGF) ကြီးကြပ်သည့် အမည်ဆိုးကျော်ကြားသော ငွေလိမ်လုပ်ငန်းအချက်အချာ KK Park ကို ဖောက်ခွဲ ဖျက်စီးလာသည်။
BGF နှင့် စစ်အုပ်စု၏ ဂုဏ်သတင်းကို ကမ္ဘာ့အမြင် တိုးတက်စေရေး ထိုသို့ ဖောက်ခွဲဖျက်ဆီးခြင်းကို ခွင့်ပြုခဲ့သည်ဟု BGF ဗိုလ်မှူးကြီး စောတင်ဝင်းက Karen Information Centre သတင်းဌာနသို့ ပြောသည်။
စစ်အုပ်စုသည် ၎င်း၏ နယ်စပ်တလျှောက်တွင် ထွန်းကားနေသော ဒေါ်လာ ဘီလီယံများစွာတန်သည့် ငွေလိမ်လုပ်ငန်းမှ အကျိုးအမြတ်ရနေသည်ဆိုသော စွပ်စွဲချက်အပေါ် မြင့်တက်နေသည့် နိုင်ငံတကာဖိအားကို ရင်ဆိုင်နေရသောကြောင့် KK Park အား ဖောက်ခွဲခြင်းကို အောက်တိုဘာလ ၂၃ ရက်နေ့တွင် စတင်သည်။
ဧရာဝတီက အကြိမ်ကြိမ် ဆက်သွယ်သော်လည်း ဗိုလ်မှူးကြီး စောတင်ဝင်းက KK Park မှ အခြေအနေကို မှတ်ချက်ပေးရန် ငြင်းဆန်သည်။
လက်ရှိအချိန်အထိ စစ်အုပ်စုသည် အဆောက်အအုံ ၂၅၀ ရှိ ထိုငွေလိမ်ဂိုဏ်းနေရာတွင် ဖောက်ခွဲဖျက်ဆီးမှု ၂၄ ကြိမ် လုပ်ခဲ့သည်။
ထိုသို့ ဖောက်ခွဲဖျက်ဆီးမှုသည် ၎င်း၏ နယ်ခြားစောင့်တပ်အောက်တွင် လုပ်ကိုင်နေသည့် ငွေလိမ်လုပ်ငန်းက ဖန်တီးလိုက်သည့် နိုင်ငံတကာအကျပ်အတည်းအတွက် လမ်းကြောင်းလွှဲရန် စစ်အုပ်စု၏ လုပ်ဇာတ်ဖြစ်သည်ဟု နိုင်ငံဖြတ်ကျော်ဂိုဏ်းဖွဲ့ရာဇဝတ်မှု တိုက်ဖျက်ရေး ကမ္ဘာ့အစီအစဉ် (GI-TOC) မှ ဝါရင့် ကျွမ်းကျင်သူ ဂျေဆင်တာဝါက ဧရာဝတီသတင်းဌာနသို့ နိုဝင်ဘာလ ၅ ရက်နေ့တွင် ပြောသည်။
ထိုငွေလိမ်လုပ်ငန်းများတွင် နိုင်ငံပေါင်း ၁၀၀ ကျော်မှ လူကုန်ကူးခံရသူများ ရှိနေပြီး ယင်းသည် ကမ္ဘာ့လုံခြုံရေး ခြိမ်းခြောက်မှုဟု ၎င်းကပြောသည်။
“အမေရိကန် ပြည်ထောင်စု၊ ဗြိတိန်၊ ကိုရီးယား၊ စင်ကာပူ၊ ထိုင်းနဲ့ အခြားနိုင်ငံတွေက ငွေလိမ်လုပ်ငန်းတွေကို ပြင်းထန်တဲ့ အရေးယူမှု လုပ်လာတော့ စစ်အုပ်စုက နိုင်ငံတကာ တရားဝင်မှု တစုံတရာရဖို့ ဒီနှစ်ကုန်မှာ ကျင်းပမယ့် ရွေးကောက်ပွဲအတု အစီအစဉ်ကို ထိခိုက်လာမှာ စိုးရိမ်တယ်” ဟု မစ္စတာ တာဝါက ပြောသည်။
KK Park ကို ဝင်ရောက်စီးနင်းပြီး စတားလင့်ခ် ဂြိုဟ်တု အင်တာနက်ဖမ်းစက် ၃၀ နှင့် အခြားဆက်သွယ်ရေး ကိရိယာများကို သိမ်းဆည်းမိကြောင်း အောက်တိုဘာလ ၁၉ ရက်နေ့တွင် စစ်ကောင်စီက ကြေညာသော်လည်း ရာဇဝတ်မှု အထောက်အထား မတွေ့ရကြောင်း ပြောသည်။ စစ်သားများက ကွန်ပျူတာမော်နီတာများကို မီးရှို့သည့် ဓာတ်ပုံများအား ထုတ်ပြန်သည်။
သို့သော် ငွေလိမ်လုပ်ငန်းများသည် ပုံမှန်လည်ပတ်နေပြီး မည်သည့် ဖမ်းဆီးမှုမှ မလုပ်ကြောင်း KK Park အလုပ်သမားများက ပြောသည်။
ထိုစီးနင်းဖြိုခွဲမှုသည် စစ်အုပ်စုက ဆိုက်ဘာရာဇဝတ်မှုကို အရေးယူနေသည်ဟု ယုံကြည်စေရန် နိုင်ငံတကာကို လိမ်လည်သည့် BGF နှင့် ညှိနှိုင်းဇာတ်တိုက်ထားသော လူထုဆက်ဆံရေး ထွင်လုံးဖြစ်သည်ဟု ဒေသခံနှင့် နိုင်ငံတကာကျွမ်းကျင်သူများက ပြောသည်။

စစ်အုပ်စု၊ BGF နှင့် ၎င်းတို့၏ မဟာမိတ် ဒီမိုကရက်တစ် ကရင်အကျိုးပြုတပ်မတော် (DKBA) တို့သည် အောက်တိုဘာ ၂၁ ရက်နေ့တွင် တရုတ် မန်နေဂျာများကို KK Park မှ ကုန်းလမ်းဖြင့် ခေါ်ထုတ်သွားသည်ဟု ပြောသည်။
နောက်တနေ့ နံနက်တွင် BGF သည် ငွေလိမ်လုပ်ငန်းနေရာကို တံခါးများ ဖွင့်ပေးလိုက်ပြီး နိုင်ငံပေါင်း တဒါဇင်ကျော်မှ နိုင်ငံခြားသားများ အပါဝင် အလုပ်သမား ထောင်ပေါင်းများစွာကို ထွက်ပြေးခွင့်ပြုလိုက်သည်။
နောက်တနေ့တွင် စစ်ကောင်စီတပ်များက အဆောက်အအုံများကို စတင်ဖောက်ခွဲသည်။
KK Park သည် စစ်အုပ်စု၊ ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် အခြား ကရင်လက်နက်ကိုင်အဖွဲ့များအကြား ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုကြောင့် ဖြစ်လာသော ဘက်စုံ အားပြိုင်နေသည့် ပိုင်နက်မှ BGF အမာခံဒေသဖြစ်သည်။
ထိုနေရာသည် ကာစီနိုများ၊ ဟိုတယ်များ၊ ပြည့်တန်ဆာ လုပ်ငန်းများ၊ စိတ်ကူးယဉ်အချစ်ဇာတ်လမ်းဖြင့် ငွေလိမ်မှုများနှင့် လိမ်လည်ရင်းနှီးမြှုပ်နှံမှု အစီအစဉ်များလုပ်ရန် အလုပ်သမားများကို လူကုန်ကူးကြောင်း အမည်ဆိုးကျော်ကြားသည့် အွန်လိုင်းငွေလိမ်လုပ်ငန်းများကို လက်ခံထားသည်။
BGF ခေါင်းဆောင် စောချစ်သူသည် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ရင်းနှီးသော ပုဂ္ဂလိက ဆက်ဆံရေးရှိပြီး မင်းအောင်လှိုင်က ၂၀၂၃ ခုနှစ် ဇန်နဝါရီလတွင် သူ့ကို ဂုဏ်ထူးဆောင်ဘွဲ့ ပေးသည်။ စောချစ်သူကို အမေရိကန် ပြည်ထောင်စုနှင့် အနောက်နိုင်ငံများက အရေးယူပိတ်ဆို့မှု ချမှတ်ထားသည်။
စောချစ်သူသည် မြဝတီမြို့နယ်မှ KK Park မြောက်ဘက်အနီးရှိ ငွေလိမ်မြို့ ရွှေကုက္ကို၏ နောက်ကွယ်တွင် ရှိနေသည်။ စက်တင်ဘာလတွင် အမေရိကန် ဘဏ္ဍာရေးဌာနက ရွှေကုက္ကိုနှင့် ကမ္ဘောဒီးယားမှ ငွေလိမ်လုပ်ငန်းများကို အရေးယူပြီး ထိုလုပ်ငန်းများသည် အမေရိကန်များထံမှ ဒေါ်လာ ဘီလီယံပေါင်းများစွာ လိမ်လည်ရန် အတင်းအကျပ် လုပ်အားနှင့် အကြမ်းဖက်မှု အသုံးပြုသည်ဟု ပြောသည်။
အောက်တိုဘာလက စီးနင်းဖြိုခွဲသည် ဆိုသည့်ကိစ္စအပြီးတွင် စစ်အုပ်စုပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက KNU ခေါင်းဆောင်များသည် KK Park ကို မြေငှားပြီး လုံခြုံရေးပေးကာ အကျိုးအမြတ် ရနေသည်ဟု စွပ်စွဲသည်။
ထိုစွပ်စွဲချက်ကို KNU က ငြင်းပယ်ပြီး ၎င်းတို့သည် ထိုငွေလိမ်လုပ်ငန်းမှ ၃ ကီလိုမီတာဝေးသည့် မြေဧက ၁၀၀ ကို ထိုင်းကုမ္ပဏီတခုသို့ ငှားရမ်းသော်လည်း ထိုကုမ္ပဏီသည် ထိုစီမံကိန်းမှ ၂၀၂၂ ခုနှစ်တွင် ရုပ်သိမ်းသွားသည်ဟု ပြောသည်။
KK Park အပေါ် စီမံဆုံးဖြတ်ခွင့်ကို BGF က ဝန်ခံသော်လည်း စစ်ကောင်စီ ကျောထောက်နောက်ခံပြု တယ်လီဂရမ် လိုင်းများက စစ်အုပ်စုသည် KNU ဥက္ကဋ္ဌပိုင်သည့် ငွေလိမ်လုပ်ငန်း အဆောက်အအုံများကို ဖောက်ခွဲနေသည်ဟု ဆက်လက်ပြောပြီး စစ်သားများက ဗုံးများတပ်ဆင်သည့် ပုံများကို ဆက်လက်တင်နေသည်။
ဒေသခံများနှင့် စစ်ကော်မရှင် မဟာမိတ်များနှင့် နီးစပ်သည့် သတင်းရင်မြစ်များက KK Park မှ အလုပ်သမားများကို မြဝတီမှ အခြားငွေလိမ်လုပ်ငန်း အချက်အချာများသို့ ရွှေ့ပြောင်းထားကြောင်း ပြောသည်။

“ငွေလိမ်လုပ်ငန်းတွေ အခြားနေရာတွေကို ယာယီရွှေ့ပြောင်းသွားတယ်။ တရုတ်နိုင်ငံသားတွေကို စစ်တပ်အစောင့်အကြပ်နဲ့ DKBA နဲ့ BGF ထိန်းချုပ် အခြားနေရာတွေကို ပို့ပေးနေတယ်။ KK Park က လုပ်ငန်းတွေ ခဏရပ်သွားမယ့် အလားအလာရှိတယ်။ အဲဒီ ငွေလိမ်ဂိုဏ်းနေရာက ကိရိယာတွေကို သူတို့ ဆက်ပြီး ရွှေ့ပြောင်းနေတယ်” ဟု DKBA နှင့် နီးစပ်သည့် သတင်းရင်းမြစ်တခုက ဧရာဝတီသို့ပြောသည်။
မြဝတီမှ အခြားငွေလိမ်လုပ်ငန်းများ ထုံးစံအတိုင်း ဆက်လက် လည်ပတ်နေသည်ဟု ဒေသတွင်း သတင်းများက ဆိုသည်။
“စစ်အုပ်စုက ဆိုက်ဘာလိမ်လည်မှုဖြိုခွဲရေးကို အလေးအနက်ထားရင် ရဲတွေလွှတ်ပြီး သူ့ BGF က စောချစ်သူနဲ့ စိုင်းကျော်လှလို DKBA ခေါင်းဆောင်တွေ အပါအဝင် အမှန်တကယ် ကျူးလွန်သူတွေကို ပစ်မှတ်ထားရမှာ” ဟု မစ္စတာ တာဝါက ပြောသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Myanmar Junta Dynamites Scam Hub in PR Move as Global Pressure Grows ကို ဘာသာပြန်သည်။)
You may also like these stories:
KK Park မှ ထွက်ပြေးသူများအား အခြားဂိုဏ်းများက လူသစ်စုဆောင်း
KK Park ၌သာ ထွက်ပြေးနေသော်လည်း ကျန်မြဝတီကျားဖြန့်များ ပုံမှန်လည်ပတ်နေ
KK Park ကို စစ်ကော်မရှင် ဟန်ပြဝင်စီး
ကရင်ပြည်နယ် ကျားဖြန့်လုပ်ငန်းက သဘာဝပတ်ဝန်းကျင်ကို ပိုမိုညစ်ညမ်းစေ
KK Park က ကျားဖြန့်လုပ်သားတွေ ဘယ်ရောက်သွားကြလဲ (ရုပ်/သံ)














