စတားလင့်ခ်သုံး၍ အွန်လိုင်းငွေလိမ်(ကျားဖြန့်) နေသည့်အပေါ် အမေရိကန်ကွန်ဂရက် ပူးတွဲစီးပွားရေးကော်မတီက စတင် စုံစမ်းစစ်ဆေးနေနေသည်နှင့် တပြိုင်နက် ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် မယ်ထော်သလေးနှင့် အင်ကြင်းမြိုင်ဒေသရှိ ကျားဖြန့်ဂိုဏ်းများရှိရာ KK Park ကို ဝင်ရောက်စီးနင်းရှင်းလင်းခဲ့ကြောင်း စစ်ကော်မရှင်က ယမန်နေ့၌ ထုတ်ပြန်လာသည်။
မြို့တမြို့စာ အဆောက်အဦများနှင့် ဝန်ထမ်းသောင်းချီရှိသော ထိုနေရာကို စစ်ကော်မရှင်က တပ်ဖွဲ့ဝင် ဆယ်ဂဏန်းမျှ အင်အားဖြင့် ဝင်ရောက်စီးနင်းသည့်ပုံစံ ဓာတ်ပုံမှတ်တမ်းများ ထုတ်ပြန်ကာ စတားလင့်ခ်အင်တာနက် စလောင်း အလုံး ၃၀ နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သည်ဟုလည်း ဆိုထားသည်။
တထပ်တိုက်မှ ငါးထပ်တိုက်ရှိ အဆောက်အဦများ၊ ဈေးဆိုင်များ၊ ဂိုထောင်များ၊ ဆေးခန်းများနှင့် ဆောက်လက်စအဆောက် အဦ စုစုပေါင်း ၃၀၀ ခန့်တွင် အလုပ်သမား ၂,၁၉၈ ဦး တွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ထားသော်လည်း ၎င်းတို့အား မည်ကဲ့သို့ ဆောင်ရွက်မည်ကိုမူ ဖော်ပြထားခြင်း မရှိပေ။
ကရင်နယ်ခြားစောင့်တပ် (BGF)နှင့် နီးစပ်သည့် မြဝတီရှိ အမျိုးသားတဦးက “သူတို့ (စစ်တပ်)ကို အင်တာပိုက ဖိအားပေးလာ တာမျိုးရှိတယ်လို့ ကြားရတယ်။ အဲဒါ ဗိုလ်တင်ဝင်းကို ကြိုပြောပြီး ဝင်ရောက်စီးနင်းတဲ့ပုံစံ သတင်းထုတ်လိုက်တာလို့ သိရတယ်” ဟု ပြောသည်။
ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်းရှိ အွန်လိုင်းငွေလိမ်လုပ်ငန်း အဆောက်အဦငှားရမ်းခြင်းနှင့် လုံခြုံရေးဆိုင်ရာ အပါအဝင် ဝန်ဆောင်မှုအများစုကို BGF က ဦးစီးနေဖြစ်ပြီး ကရင်အမျိုးသားအစည်းအရုံး KNU မှ ခေါင်းဆောင်ဟောင်းတချို့ ပါဝင်ပတ်သက်နေသည်။
စစ်ကော်မရှင် ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး KK Park ရှိ ဝန်ထမ်းတဦးက ဓာတ်ပုံပါနေရာများကို သေချာမသိကြောင်းနှင့် စစ်ကြောင်းများ ဝင်ရောက်စစ်ဆေးမှုတို့ကိုလည်း မကြုံတွေ့ရကြောင်း၊ ကျားဖြန့်လုပ်ငန်းများမှာလည်း လက်ရှိ ပုံမှန်လည် ပတ်နေဆဲဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ထို့ပြင် အမေရိကန်ကွန်ဂရက် ပူးတွဲစီးပွားရေးကော်မတီ၏ စုံစမ်းစစ်ဆေးနေကြောင်းပြောဆိုမှုအပြီး ထိုင်း-မြန်မာနယ်စပ်ရှိ ကျားဖြန့်တို့ အဓိကကျက်စားရာ မြဝတီမြို့နယ်၌ စတားလင့်ခ်အင်တာနက် သုံးစွဲမှုတချို့ အောက်တိုဘာ ၁၇ ရက်မှ စ၍ ပြတ်တောက်ခဲ့သော်လည်း အများစုမှာ အသုံးပြု၍ရနေဆဲဟု ဒေသခံတဦးက ပြောသည်။
KK Park ရှိ ကျားဖြန့်လုပ်ငန်းတခုတွင် လုပ်နေသည့် လူငယ်တဦးကလည်း ၎င်းတို့ ကုမ္ပဏီ၌ စတားလင့်အင်တာနက်လိုင်းကို သုံးနေပြီး ယခုရက်ပိုင်းအတွင်း လိုင်းသိပ်မကောင်းကြောင်း ပြောသည်။
မြဝတီမြို့ခံတဦးက “ဒီဘက်မှာက စတားလင့်တခု တည်း သုံးနေကြတာ မဟုတ်ဘူး။ ထိုင်းဘက်က Wifi လိုင်းတွေကို ဝယ်သုံးနေတာရှိတယ်။ နောက်ပြီး ထိုင်းဆင်းမ်ကတ် AIS တို့ 12 Call တို့နဲ့လည်း အင်တာနက်က သုံးလို့ ရနေတယ်” ဟု ပြောသည်။
မြဝတီမြို့ရှိ BGF အဖွဲ့အစည်းတခုတွင် လုပ်နေသူတဦးကလည်း ၎င်းတို့ဌာန၌ ထိုင်း-မြန်မာဖက်စပ်ကုမ္ပဏီတခုက ထိုင်းမှ အင်တာနက်လိုင်းကို စလောင်းဖြင့် ပြန်လည်ရောင်းချနေသည့်လိုင်းအား အသုံးပြုနေပြီး လစဉ် ထိုင်းငွေ ဘတ် ၁၃၀, ၀၀၀ ကျော် ပေးဆောင်ရကြောင်း ပြောသည်။
မြဝတီဒေသအတွင်း အင်တာနက်လိုင်းအမျိုးမျိုး အသုံးပြု၍ရနေသော်လည်း လိုင်းစွဲအားပိုမိုကောင်းမွန်သည့် စတားလင့်ခ် အင်တာနက်စလောင်းများကို တရုတ်လုပ်ငန်းခွင်များတွင် ယခုနောက်ပိုင်း ပိုမိုတပ်ဆင်အသုံးပြုလာပြီး အဆောက်အဦတခု ထဲ၌ပင် အလုံးရေဒါဇင်ချီ တပ်ဆင်အသုံးပြုလာသည်ကို တွေ့လာရကြောင်း ဒေသခံတချို့က ပြောသည်။
၂၀၂၅ ဇန်နဝါရီ ၂၀ ရက်တွင် တရုတ်အစိုးရက အာဆီယံ ငါးနိုင်ငံနှင့်ပူးပေါင်း၍ “ဇင်ယော်” စီမံကိန်း စတင်ပြီဟု ကြေညာခဲ့ ပြီးနောက် တရုတ်အစိုးရလုံခြုံရေးဌာန ဒုတိယဝန်ကြီးသည် ထိုင်း-မြန်မာနယ်စပ်ဒေသများထိ လာရောက်ကြည့်ရှုစစ်ဆေး ခဲ့သလို မြဝတီအခြေစိုက် တရုတ်ကျားဖြန့်နှိမ်နင်းရေး တရုတ်၊ ထိုင်း၊ မြန်မာ အစိုးရများ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။
ထိုစီမံချက်အစိတ်အပိုင်းအဖြစ် ထိုင်းနိုင်ငံက မြန်မာနယ်စပ်ဘက်ပေးပို့နေသော လျှပ်စစ်မီး၊ အင်တာနက်လိုင်းနှင့် လောင်စာဆီ တင်ပို့မှုတို့ကို ဖြတ်တောက်ခဲ့သည့်အပြင် လျှပ်စစ်နှင့်ဆက်စပ်သည့်ပစ္စည်းများ တင်ပို့မှုကိုပါ ကန့်သတ်ပိတ်ဆို့ခဲ့သည်။
ထို့ပြင် စစ်တပ်လက်အောက်ခံ BGF ကလည်း နိုင်ငံတကာ၌ နာမည်ဆိုးဖြင့်ကျော်ကြားနေသည့် KK Park၊ ရွှေကုက္ကိုမြို့သစ် အပါအဝင် မြဝတီမြို့ဒေသတို့ရှိ ကျားဖြန့်လုပ်ငန်းများမှ နိုင်ငံခြားသားထောင်ချီကို ဖော်ထုတ်ဖမ်းဆီးပြီး ဖေဖော်ဝါရီလမှစ၍ သက်ဆိုင်ရာနိုင်ငံသို့ပြန်ပို့မှုများ လုပ်ဆောင်ခဲ့သည်။

BGF က ခေါ်ထုတ်ထားသည့် နိုင်ငံပေါင်း ၃၀ ကျော်မှ နိုင်ငံခြားသားများကို စစ်ကော်မရှင်မှ ထိုင်းအစိုးရနှင့်ပူးပေါင်း၍ ထိုင်းနိုင်ငံမှတဆင့် သက်ဆိုင်ရာနိုင်ငံများကို ပြန်ပို့ဆောင်နေရာ ယနေ့ထိ လူဦးရေ ၉,၀၀၀ ကျော် ပြန်ပို့ပေးထားနိုင်ပြီ ဖြစ်ကြောင်း စစ်ကော်မရှင်က ထုတ်ပြန်ထားသည်။
ထို့သို့ တရုတ်၊ ထိုင်း၊ မြန်မာ အစိုးရတို့၏ ပူးပေါင်းနှိမ်နင်းမှုများနှင့်အတူ BGF အဖွဲ့၏ ကျားဖြန့်အထူးနှိမ်နင်းပပျောက်ရေး အဖွဲ့ဖွဲ့၍ လုပ်ဆောင်နေခဲ့သည့်ကာလအတွင်း စတားလင့်ခ်အသုံးပြုကာ ငွေလိမ်ဂိုဏ်များ ပိုမိုကြီးထွားလာသည်ဟူသော သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထပ်မံထွက်ပေါ်လာခြင်း ဖြစ်သည်။
ယခုနှစ်ဆန်းပိုင်းမှစ၍ ထိုင်း-မြန်မာနယ်စပ်မှ ကျားဖြန့်လုပ်ငန်းများကို နှိမ်နင်းနေခဲ့ကြသော်လည်း နယ်စပ်သောင်ရင်းမြစ်ကို ဖြတ်၍ တရုတ်အများစု အပါအဝင် နိုင်ငံခြားသားများသည် ကိုယ်ပိုင်စက်လှေတို့ဖြင့် အတားအစီးမရှိ ဖြတ်သန်းဝင်ရောက် နေကြဆဲဖြစ်သလို ထိုင်းဘက်မှ ဆီသယ်တွဲကားများ၊ ဆောက်လုပ်ရေးသုံးပစ္စည်းသယ်တွဲကားများမှာ ပုံမှန်ဖြတ်သွားနေ ကြောင်း၊ ကျားဖြန့်လုပ်ငန်းများမှာလည်း လည်ပတ်နေဆဲပင်ဖြစ်ကြောင်း စက်လှေသမားများနှင့် ဒေသခံတို့က ပြောသည်။
You may also like these stories:
ဆိုက်ဘာငွေလိမ်ဂိုဏ်းများနဲ့ မင်းအောင်လှိုင်
မြန်မာ-ထိုင်းနယ်စပ်က ငွေလိမ်စင်တာတွေ အရှုပ်တော်ပုံ
ကရင့်တော်လှန်ရေးသမားမှ ရာဇဝတ်ဂိုဏ်းချုပ်ဖြစ်လာသော စောချစ်သူ
ကျားဖြန့်က ကရင်လူမျိုးရဲ့ ပုံရိပ်ကို ထိခိုက်စေတယ်
ကျားဖြန့်၊ အောက်ဆိုက်ဝင်ငွေနဲ့ အကျင့်ပျက် စစ်တပ်
ကျားဖြန့်စင်တာများမှ ကျားဖြန့်နိုင်ငံတော်ဆီသို့ (ရုပ်/သံ)














