ကျားဖြန့်နှိမ်နင်းရေးအတွက် တရုတ်က ဒုဝန်ကြီးကိုယ်တိုင် ထိုင်းနိုင်ငံ၌ လာရောက် ကြီးကြပ်နေသည့်အချိန်တွင် မြဝတီ၊ ရွှေကုက္ကို၊ KK park နှင့် ကျောက်ခက်ဒေသများမှ ကျားဖြန့်လုပ်ငန်းများ ဘုရားသုံးဆူနှင့် ရန်ကုန်၊ မန္တလေးဒေသများသို့ ရွှေ့ပြောင်းသွားပြီဆိုသည့် ပြောဆိုမှုများ ရှိနေသည်။
ထိုအခြေအနေတွင် စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက ကျားဖြန့်ဟုခေါ်သည့် အွန်လိုင်းငွေလိမ်လုပ်ငန်းများ ရန်ကုန်မြို့ပေါ်သို့ ပြောင်းရွှေ့လုပ်ကိုင်ခဲ့ပါက ကောင်းစွာ ထိန်းချုပ် ဖော်ထုတ်နိုင်ကြောင်း မီဒီယာသို့ ပြောခဲ့သည်ကို တွေ့ရသည်။
“ရန်ကုန်၊ မန္တလေးလို နေရာတွေကို ကျနော်တို့ ကောင်းစွာ ထိန်းချုပ် စီမံနိုင်တယ်။ အွန်လိုင်းလိမ်လည်မှုတွေကို ဖော်ထုတ်ဖို့ သတင်းရရှိမှု အားသာပါတယ်” ဟု ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောဆိုလိုက်ခြင်းဖြစ်သည်။
ထို့ပြင် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကလည်း အွန်လိုင်းငွေလိမ်လုပ်ငန်းများတွင် တာဝန်ရှိသူများ ပါဝင်ပတ်သက်လျှင် ပြတ်ပြတ်သားသား အရေးယူရန် ညွှန်ကြားထားကြောင်းလည်း သူက ပြောခဲ့သေးသည်။
စစ်ခေါင်းဆောင်က ပါဝင်ပတ်သက်သူများကို အရေးယူမည်ဆိုသည့် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ စကားဆိုလိုရင်းမှာ ကျားဖြန့်နှိမ်နင်းရေး ခေါင်းစဉ်ဖြင့် စတင်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းတွင် အရေးယူခဲ့မှုကဲ့သို့ အရေးယူမှုကို ဆိုလိုဟန်ရှိသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ မေလအတွင်း ကူမင်း၌ စစ်ကောင်စီနှင့် ညီနောင်မဟာမိတ် သုံးဖွဲ့တို့ ဆွေးနွေးပွဲအပြီးတွင် ကျားဖြန့်၌ ပါဝင်ပတ်သက်သည်ဆိုသော ခေါင်းစဉ်ဖြင့် ဗိုလ်ချုပ် ငါးဦးကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ခဲ့သည်။
အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ) တိုင်းမှူးဟောင်း ဗိုလ်ချုပ် လှမိုး (DSA-39)၊ ကာကွယ်ရေး ဒုဝန်ကြီး ဗိုလ်ချုပ် အောင်လင်းထွန်း (DSA-33)၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) တိုင်းမှူး ဗိုလ်ချုပ် စိုးလှိုင် (OTC-24)၊ ယခင် လောက်ကိုင် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) မှူး ဗိုလ်ချုပ် ဇော်မင်း (OTC-24) တို့ကို ထောင်ဒဏ် ၁၀ နှစ်စီ စစ်ကောင်စီက ချမှတ်လိုက်ပြီး ပြည်သူ့စစ်နှင့် နယ်ခြားတပ်များ ညွှန်ကြားရေးမှူးဟောင်းနှင့် တွဲဖက် စစ်ရေးချုပ်ဟောင်း ဗိုလ်ချုပ် လှမြင့်စိုးကို ထောင်ဒဏ် ငါးနှစ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။
တကယ်တမ်းက ကျားဖြန့်နှင့် ပတ်သက်သူများကို အရေးယူရမည်ဆိုပါက နံပါတ် ၁ ထိပ်ဆုံးခေါင်းဆောင် မင်းအောင်လှိုင်အထိ အရေးယူရမည် ဖြစ်သည်။ ကျားဖြန့်မှရသည့် အကျိုးအမြတ်သည် ထိပ်ဆုံးက စစ်ခေါင်းဆောင်အထိ စီးဆင်းမှု ရှိခဲ့ခြင်းကြောင့် ဖြစ်သည်။
တကယ်တမ်းက ကျားဖြန့်နှင့် ပတ်သက်သူများကို အရေးယူရမည်ဆိုပါက နံပါတ် ၁ ထိပ်ဆုံးခေါင်းဆောင် မင်းအောင်လှိုင်အထိ အရေးယူရမည် ဖြစ်သည်။ ကျားဖြန့်မှရသည့် အကျိုးအမြတ်သည် ထိပ်ဆုံးက စစ်ခေါင်းဆောင်အထိ စီးဆင်းမှု ရှိခဲ့ခြင်းကြောင့် ဖြစ်သည်။
ကျားဖြန့်အပါအဝင် တရားမဝင်လုပ်ငန်းများသည် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) နယ်မြေရှိ နာမည်ကျော် လောင်းကစားမြို့တော် လောက်ကိုင်နှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ် (ရတခ) နယ်မြေရှိ နာမည်ကျော် ကာစီနိုလောင်းကစားမြို့တော် ရွှေကုက္ကိုတို့တွင် ရှိခဲ့သည်မှာ ကြာပြီဖြစ်သည်။
ထိုနယ်မြေကို တာဝန်ယူရသည့် အဆင့်ဆင့်သော စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) တပ်မှူး၊ စစ်ဗျူဟာအခြေချ (စဗခ) မှူး၊ ဒကစမှူး၊ တိုင်းမှူး၊ စစ်ဆင်ရေးအထူးအဖွဲ့ (ကစထ) မှူးတို့မှတဆင့် လည်းကောင်း၊ ထိုနယ်မြေများရှိ ပြည်သူ့စစ်များ၊ နယ်ခြားစောင့်တပ် ခေါင်းဆောင်များက တိုက်ရိုက် အနေဖြင့်ပါ လစဉ် ဆက်သသည့် လာဘ်ငွေများသည် တပ်ချုပ်အဆင့်အထိ ရောက်ခဲ့သည်။
တရားမဝင် ဂါရဝငွေများသည် လစဉ် သွင်းငွေရှိသလို လေးလ တကြိမ် ကက (ကြည်း) စစ်ဆင်ရေး လေးလပတ် အစည်းအဝေးများသည်လည်း တရားဝင် လာဘ်ပေးရန် (ဂါရန်) သွားရသကဲ့သို့ပင် ဖြစ်သည်။

Call center ငွေလိမ်သည့် လုပ်ငန်းကြီးများသည် ကာစီနို အပါအဝင် လောင်းကစား အမည်ခံထားသည်ကို နားလည်မှုနှင့် လာဘ်ယူပြီး ခွင့်ပြုရာက စတင်ခဲ့သည့်လုပ်ငန်းများ ဖြစ်သည်။
‘သရဲကြီးတော့ တစ္ဆေ၊ တစ္ဆေ ကြီးတော့ ဘီလူး’ ဆိုသည့်အတိုင်း လောင်းကစားလုပ်ငန်းမှ ဝင်ငွေကောင်းသည့် အခိုင်အမာ ငွေလိမ်ဂိုဏ်းကြီး ဖြစ်လာသည့်အခါ စစ်တပ် ထိပ်ပိုင်းခေါင်းဆောင်များနှင့် မိသားစုများသာမက စစ်ဗိုလ်ချုပ်များ ကိုးကွယ်သည့် ဆရာတော်ကြီးများအထိ ပါဝင်ပတ်သက်လာကြောင်း တွေ့ရသည်။
ဥပမာ သီတဂူဆရာတော်ကြီး ရွှေကုက္ကိုတွင် အလှူငွေ လက်ခံစဉ် နယ်ခြားစောင့်တပ်မှ ဗိုလ်မှူးကြီး စောချစ်သူ နှင့်အတူ အလှူငွေ လှူခဲ့သူမှာ နောင်တွင် ကျားဖြန့်သူဌေးအဖြစ် နာမည်ကြီးလာသူ ရှီကျိကျန်း ဖြစ်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီလက်ထက်တွင် စတင်ခဲ့သည့် ရွှေကုက္ကိုမြို့သစ် စီမံကိန်းသည် စစ်အာဏာသိမ်း ကာလအတွင်း ကျားဖြန့်ဂိုဏ်းများ အင်အားကြီးအောင် လုပ်ပေးသလိုလည်း ဖြစ်ခဲ့သည်။ ထိုကာလအတွင်း ကျားဖြန့်နှင့် ဆက်စပ်သည့် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ၊ စားသောက်ဆိုင်နှင့် စက်သုံးဆီ ရောင်းဝယ်မှု လုပ်ငန်းများတွင် စစ်တပ်ထိပ်တန်းခေါင်းဆောင် အဟောင်းရော အသစ်တို့၏ မိသားစုဝင်များ ပါဝင်ပတ်သက်မှု ရှိနေကြောင်း ဖော်ထုတ်မှုများလည်း ရှိခဲ့သည်။
အာဏာသိမ်းမှုကြောင့် ပြည်သူများနှင့် စစ်တပ်အောက်ခြေက အရာရှိ၊ စစ်သည်များ ထိခိုက်ဆုံးရှုံးမှု များခဲ့သော်လည်း စစ်တပ် ထိပ်ပိုင်းခေါင်းဆောင်များနှင့် မိသားစုပိုင် ကုမ္ပဏီများအတွက် အခွင့်အရေးများစွာ ရရှိခဲ့သည်။
စစ်အာဏာသိမ်း ကာလအတွင်း စစ်ကောင်စီ၏ အောက်ခြေရှိ မြို့နယ်အဆင့် စီမံအုပ်ချုပ်ရေးအဖွဲ့များတွင် စစ်တပ် ကိုယ်စားလှယ်အနေဖြင့်င့် ဗိုလ်မှူးအဆင့် အရာရှိတဦး အဖွဲ့ဝင် (၁) အဖြစ် ပါဝင်သည်။ ထိုစစ်တပ် ကိုယ်စားလှယ်သည် ထွေ/အုပ်မှ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ် ရဲတပ်ဖွဲ့မှူးတို့နှင့် ပူးပေါင်းကာ တရားမဝင် လုပ်ငန်းများတွင် ပါဝင်ပတ်သက်လာခဲ့သည်။
ထိုအတိုင်းပင် ခရိုင်အဆင့်တွင် စစ်တပ်ကိုယ်စားလှယ်အနေဖြင့် ဒုတိယ ဗိုလ်မှူးကြီးအဆင့်ရှိသူတဦးကို အဖွဲ့ဝင် (၁) အဖြစ် ခန့်ထားသေး၏။ မြို့နယ်အတိုင်းပင် ခရိုင်အဆင့် non-CDM ဝန်ထမ်းများနှင့်ပေါင်းကာ ဒုစရိုက် မှောင်ခိုလုပ်ငန်း မျိုးစုံတွင် အောက်ဆိုက်ဝင်ငွေ ရရှိရေးအတွက် ပါဝင်ပတ်သက်လာကြသည်။
အားလုံးကို ချုပ်ထားသည်မှာ စစ်တပ်၏ တပ်နယ်အဆင့် ကွပ်ကဲမှု တပ်နယ်မှူးများဖြစ်ပြီး သူတို့အပေါ်တွင် တိုင်းမှူးများရှိသည်။ အုပ်ချုပ်ရေးအဖွဲ့ဝင် (၁) အဖြစ် တပ်နယ်မှူးရုံးက သင့်လျော်သူကို တိုင်းမှူးထံ တင်ပြပြီး ခန့်ထားခြင်းလည်း ဖြစ်သည်။
ထိုသို့ဖြင့် တပ်နယ်များတွင် စစ်တပ်ကိုယ်စားလှယ် ပြည်သူ့စစ် (ပျူစောထီး) များသည် တပ်နယ်နှင့် စစ်ကောင်စီ၏ အဆင့်ဆင့်သော အုပ်ချုပ်ရေးအဖွဲ့များ၏ အမာခံ သတင်းပေး တာဝန်အပြင် ဆက်ကြေးကောက်သည့် တာဝန်ခံများလည်း ဖြစ်လာကြသည်။
ထိုသို့ဖြင့် တပ်နယ်များတွင် စစ်တပ်ကိုယ်စားလှယ် ပြည်သူ့စစ် (ပျူစောထီး) များသည် တပ်နယ်နှင့် စစ်ကောင်စီ၏ အဆင့်ဆင့်သော အုပ်ချုပ်ရေးအဖွဲ့များ၏ အမာခံ သတင်းပေး တာဝန်အပြင် ဆက်ကြေးကောက်သည့် တာဝန်ခံများလည်း ဖြစ်လာကြသည်။
ဥပမာ မြင်းခြံမှ အမျိုးသမီး သီတာယုမွန်သည် ပျူစောထီးခေါင်းဆောင်အပြင် မြင်းခြံရှိ ဒုစရိုက်လုပ်ငန်းများ၏ ဆက်ကြေးတာဝန်ခံလည်း ဖြစ်သည်။ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) ဗျူဟာမှူးနှင့် တိုက်ရိုက် ချိတ်ဆက်လုပ်ကိုင်နေခြင်း ဖြစ်သည်။
ပြည်သူ့စစ် (ပျူစောထီး) မျိုးချစ် ကိုမင်း (ခေါ်) ကိုမင်းမင်း ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်က နေပြည်တော် (တောင်ညို)- မြို့သစ်- ကန်ပြား (မကွေး) လမ်းပိုင်းတွင် အသတ်ခံရခြင်းသည်လည်း တရားမဝင် ကြက်ဝိုင်းနှင့် ဆက်စပ်မှုရှိသည်ဟု သိရသည်။

ထို့ကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဘက်တော်သားများသည် အာဏာသိမ်းကာလအတွင်း တရားမဝင်လုပ်ငန်းများတွင် ပေါ်ပေါ်တင်တင် လုပ်ကိုင်လာကြောင်း တွေ့ရသည်။ KTV လုပ်ငန်းများ၊ အနှိပ်ခန်းများ အပါအဝင် မူးယစ်ဆေးဝါး ရောင်းချမှုများကိုပါ ဗြောင်လုပ်လာသည်ကို တွေ့ရသည်။
သာဓက အနေဖြင့် စစ်သည်တဦး၏ တိုင်စာတစောင်အရ မန္တလေးတောင်ခြေတပ် ခလရ ၉၅ က တပ်တွင်းအရာရှိတချို့ မူးယစ်ဆေး အက်စ်တက်စီ (E)၊ ကတ်တမင်း (K)၊ Happy water စိတ်ကြွဆေးရည် အများအပြား တပ်တွင်း၌ ပြုလုပ်ရောင်းချနေကြောင်း သိရသည်။
တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူးတို့ကို သက်သေများနှင့်တကွ သတင်းပို့ တိုင်ကြားခဲ့သော်လည်း အရေးယူမှု မလုပ်ခဲ့ကြောင်း တွေ့ရသည်။ ထို့ကြောင့် ယခုကာလအတွင်း ပေါ်ပေါ်တင်တင် လုပ်ဆောင်နေကြသည့် လက်အောက်ကိုပင် သတိပေးတားမြစ်ခြင်းမျိုး မရှိဘဲ လွှတ်ထားသည့်သဘောကို တွေ့ရသည်။
ထိုမျှမကဘဲ တရားဥပဒေ စိုးမိုးရေးလုပ်ငန်းစဉ်များအရ ဂိတ်များ၊ တံတားနေရာများတွင် လုံခြုံရေးအရ စစ်ဆေးရာတွင် မတရားသဖြင့် ခြိမ်းခြောက်ပြီး ငွေတောင်းခံနေကြသည်။ ကားဖြတ်တိုင်း ပိုက်ဆံတောင်းသည်။ မှတ်ပုံတင်စစ်တိုင်း ပိုက်ဆံတောင်းကြသည်။ ကန့်သတ်ကုန်များ ဖြတ်ချင်သည့်အခါ ပိုက်ဆံပေး၍ညှိပြီး ဖြတ်လျှင် အဆင်ပြေသည်။
ကန့်သတ်ကုန် မပါသောကြောင့် လာဘ်ငွေမပေးပါက အကြောင်းပြချက်မျိုးစုံဖြင့် ရစ်ကြသည်။ ပိုက်ဆံပေးမှ လွှတ်ပေးသည့် ဖြစ်စဉ်များစွာ ရှိနေဆဲဖြစ်သည်။ လုံခြုံရေးအရ စစ်တပ်နှင့်ရဲ မသွားရဲသည့်ဂိတ်များတွင် ပြည်သူ့စစ်များကို ပိုက်ဆံတောင်းရန် ထားပြီး ရရှိသည့်ငွေကို ခွဲတမ်းအဖြစ် ပြန်အပ်ခိုင်းကြသည်။
တံတားနှင့် စစ်ဆေးရေးဂိတ်များတွင် တာဝန်ကျရန်အတွက် စစ်တပ်အရာရှိနှင့် ရဲအရာရှိများအနေဖြင့် အထက်က အဆင့်ဆင့်သော အရာရှိများကို လာဘ်ထိုးနေကြသည်။
ထိုသို့သော အခြေအနေတွင် ကနဦးစာပိုဒ်ပါ ဗိုလ်ချုပ် ဇော်မင်းထွန်း စကားအရ ရန်ကုန်၊ မန္တလေးလို နေရာများကို ကျနော်တို့ ကောင်းစွာ ထိန်းချုပ် စီမံနိုင်သည်၊ သတင်းရရှိမှု အားသာပါသည် ဆိုသည်မှာ သံသယဖြစ်စရာ အကောင်းဆုံး ဖြစ်နေသည်။
လောက်ကိုင်ရှိ ကျားဖြန့်များကို မြောက်ပိုင်း သုံးဖွဲ့က နှိမ်နင်းကြောင်း ကြေညာပြီး စစ်ဆင်ခဲ့သည့် ၂၀၂၃ ခုနှစ်၊ နှောင်းပိုင်းတွင် ကျားဖြန့်သည် ပြည်တွင်း၌ အခိုင်အမာ ရောက်ရှိနေပြီ ဖြစ်သည်။
တရုတ်နိုင်ငံသား လုပ်ငန်းရှင်ဆိုသူများက လုံးချင်းအိမ်များ၊ တည်းခိုခန်းများအား ကာလရှည် ငှားရမ်းကာ ငါးပစ်ဂိမ်းနှင့် ဖဲဝိုင်းများ ထောင်ထားခဲ့ကြသည်။ ထိုမှတဆင့်တက်၍ အင်တာနက်နှင့် ဆက်သွယ်ရေး ပစ္စည်းများသုံးကာ Call center အသေးစားများ ဆောင်ရွက်နေကြပြီးဖြစ်သည်။
မြန်မာနိုင်ငံအတွင်း လူအများဆုံး အသုံးပြုသည့် ဆိုရှယ်မီဒီယာ Facebook လူမှုကွန်ရက်တွင် မိန်းကလေးပုံစံ ဟန်ဆောင်ထားသည့် ကျားဖြန့် အကောင့်တုပေါင်း များစွာရှိနေကြောင်း တွေ့ရသည်။ ထိုအကောင့်များမှတဆင့် လူမှုကွန်ရက် အသုံးပြုသူ အမျိုးသားများကို ပစ်မှတ်ထားပြီး ငွေကြေးလိမ်လည် ရယူသည့်ဖြစ်စဉ်မျိုး များစွာရှိနေကြောင်းလည်း သိရသည်။
မြန်မာနိုင်ငံအတွင်း လူအများဆုံး အသုံးပြုသည့် ဆိုရှယ်မီဒီယာ Facebook လူမှုကွန်ရက်တွင် မိန်းကလေးပုံစံ ဟန်ဆောင်ထားသည့် ကျားဖြန့် အကောင့်တုပေါင်း များစွာရှိနေကြောင်း တွေ့ရသည်။ ထိုအကောင့်များမှတဆင့် လူမှုကွန်ရက် အသုံးပြုသူ အမျိုးသားများကို ပစ်မှတ်ထားပြီး ငွေကြေးလိမ်လည် ရယူသည့်ဖြစ်စဉ်မျိုး များစွာရှိနေကြောင်းလည်း သိရသည်။
ပြည်တွင်းသို့ ရောက်ရှိနေသည့် Call center အသေးစားလေးများသည် စစ်တပ်က တာဝန်ရှိသူများ၊ ထွေ/အုပ်နှင့်ရဲ ခေါင်းဆောင်ပိုင်းများကို ဆက်ကြေးပေးပြီး ဖွင့်ထားသည့် လောင်းကစားရုံများမှ အစပြုခဲ့ကြသည်။
ငါးပစ်ဂိမ်းများ၊ ဖဲဝိုင်းများကို ဗန်းပြပြီး စစ်တပ်အရာရှိဟောင်းများကို မန်နေဂျာများအဖြစ်ခန့်ကာ ဌာနဆိုင်ရာများ၊ လုံခြုံရေးအဖွဲ့များနှင့် ရင်းနှီးသောဆက်ဆံရေး တည်ဆောက်ထားကြသည်။ လစဉ်ကြေး မြိုးမြိုးမြက်မြက် ပေးထားသလို အာဏာပိုင်များ တောင့်တသမျှ အကြိုက်ကိုလိုက်ပြီး ဖြည့်ဆည်းပေးနေကြသည်။
အဖမ်းအဆီး စီမံချက်ရှိလျှင် ဌာနဆိုင်ရာရုံးက အစည်းအဝေး မပြီးမီ တရုတ်လုပ်ငန်းရှင်၏တပည့် မန်နေဂျာ စစ်တပ်အရာရှိဟောင်းများက သိနှင့်နေကြပြီး အရာအားလုံးကို သက်သေ လက်စလက်န မကျန်အောင် ဖုံးဖိပြီး ဖြစ်နေတတ်သည်။
ထိုကြောင့် ဗိုလ်ချုပ် ဇော်မင်းထွန်း ပြောသလို ရန်ကုန်၊ မန္တလေး ဒေသများတွင် ‘ကောင်းစွာ ထိန်းချုပ် စီမံနိုင်တယ်၊ သတင်းရရှိမှု အားသာပါတယ်’ ဆိုသည်မှာ စစ်ကောင်စီဘက်ကတော့ မဖြစ်နိုင်ကြောင်း ယူဆရပါသည်။
(စွယ်တော်သည် CDM စစ်သားတဦး ဖြစ်သည်။)
You may also like these stories:
ကရင့်တော်လှန်ရေးသမားမှ ရာဇဝတ်ဂိုဏ်းချုပ်ဖြစ်လာသော စောချစ်သူ
ထိုင်းနဲ့ တရုတ်ဖိအားကြားက မြဝတီ ကျားဖြန့်လုပ်ငန်း
ရန်ကုန်မြို့ပြထိ ကျယ်ပြန့်လာတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းများ
BGF ရတက်ပွေမယ့် ကျားဖြန့်ဖမ်းပွဲ
ပြည်ပနိုင်ငံသား လွှဲပြောင်းရေး ကြန့်ကြာနိုင်၊ ကျားဖြန့်ဖော်ထုတ်မှု ဆိုင်းထားရ
ညှဉ်းပန်းနှိပ်စက်သည့် ကျားဖြန့်ဂိုဏ်းသား တရုတ်များ တရားခံအဖြစ် လွှဲမည်














